“၀”ကို ဖိအားပေးရန် ပြည်သူ့စစ်များဖြင့် တပ်အင်အားတိုးချဲ့

Monday, August 03, 2009 ·

ကိုထွေး | “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ်ထားသော ဒေသတွင် မြန်မာ စစ်အစိုးရက စစ်တပ် အင်အား တိုးချဲ့ ချထားလျက် ရှိရာ အသုံးပြုရန်အတွက် အပစ်ရပ် ပြည်သူ့စစ်အဖွဲ့များကို ဆင့်ခေါ်လျက်ရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်က “အခုရက်ပိုင်းအတွင်း ထူးခြားတာက စစ်အစိုးရ အနေနဲ့ (ရှမ်းပြည်) မြောက်ပိုင်းက ဒေသခံ ပြည်သူ့စစ်တွေကို အသုံးချဖို့ ဆင့်ခေါ်နေတယ်။ ရပခ (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) ကလည်း မေလက ခေါ်ပြောပြီးပြီ၊ ပြည်သူ့စစ်တွေက လက်မခံလို့ မရဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

ယခင်က ဘိန်းဘုရင် ဦးခွန်ဆာ လက်အောက်ခံ တပ်ဖွဲ့များ ဖြစ်သော လားရှိုးခရိုင် တန့်ယန်းမြို့နယ် နှင့် မိုင်းရင်းမြို့နယ် အတွင်းရှိ ဗိုမွန်း နှင့် လောဝ်းမှား ဦးဆောင်သော ပြည်သူ့စစ် တပ်ဖွဲ့များကို ဆင့်ခေါ်၍ ရှမ်းပြည် မြောက်ပိုင်း သံလွင်မြစ်တလျှောက် အင်အား တိုးချဲ့နေသည်ဟု ၎င်းက ဆက်ပြောသည်။

လက်နက်ကိုင် အင်အား ၂၀၀၀၀ ၀န်းကျင် ရှိသော UWSA တပ်များနှင့် စစ်အစိုးရအကြား ဆက်ဆံရေး ပိုမို တင်းမာလာသည်ဟု သိရသည်။

“နအဖ လေသံက ငြိမ်သွားသလို ရှိပေမယ့် လုပ်ရပ်ကတော့ ပိုပြီးတော့ တင်းမာလာတယ်၊ စစ်ရေး ပြင်ဆင်မှုကတော့ အရင်ကထက် ပိုရှိလာတယ်၊ နအဖ တပ်တွေ အင်အား ဖြည့်ဖို့ ရောက်လာတာ မရှိပေမယ့် တပ်လှန့် လာတာတို့ ပြင်ဆင်တာတို့ လုပ်လာတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအဖွဲ့များသည် လက်နက် အပြည့်အစုံဖြင့် အင်အား ၄၀၀၊ ၅၀၀ ခန့် ရှိပြီး ယင်းတပ်ဖွဲ ၂ဖွဲ့ကို စစ်အစိုးရက ခေါ်ယူ ဖြည့်တင်းထားကြောင်း သိရသည်။

ပလောင်ပြည်နယ် အမျိုးသား လွတ်မြောက်ရေး တပ်ဦး အတွင်းရေးမှူး မိုင်အိုက်ဖုန်းက “ အပစ်ရပ် ပြည်သူ့စစ် အဖွဲ့တွေကို စစ်အစိုးရက သူတို့ အမိန့်ကို နားထောင်ဖို့ ပြောတယ်” ဟု ပြောသည်။

ယခု ရက်ပိုင်း အတွင်းတွင်လည်း “၀” ဌာနချုပ် နှင့် ကိုးကန့် တပ်ဖွဲ့ များရှိရာသို့ မြန်မာစစ်အစိုးရ တိုင်း၃ တိုင်း မှ တာဝန်ရှိသူများ မကြာခဏ သွားရောက်၍ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ကျော်ဇောက “ဒီရက်ပိုင်းအတွင်း တြိဂံ၊ ရပခ၊ မပခ တိုင်း ၃ တိုင်း က လူကြီးတွေက ၀နဲ့ ကိုးကန့် မပြတ်သွားနေကြတယ်၊ ၃၀ ရက်နေ့က ရပခ တိုင်းမှူးက ၀ ဌာနချုပ်ကို သွားတယ်၊ အဲဒီလိုပဲ တြိဂံတိုင်းက တိုင်းမှူးနဲ့ ဒုတိုင်းမှူးတွေကလည်း မကြာခဏ သွားနေကြတယ် ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ကူးပြောင်းရေး အတွက် ပြန်လည် စဉ်းစားပေးရန် မြန်မာအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်က UWSA ကို ဇွန်လတွင် ထပ်မံ ပြောကြားခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန် ခဲ့ကြသကဲ့သို့ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့် ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အပစ်အခတ် ရပ်ထားသော အဖွဲ့များသည် မြန်မာ့တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည်ဟု စစ်အစိုးရ ရေးဆွဲထားသော အခြေခံဥပဒေတွင် ပြဌာန်းထားသည်။

စစ်အစိုးရက မြန်မာပြည် တောင်ပိုင်းရှိ အပစ်ရပ်အဖွဲ့တခုကိုလည်း အသွင်ပြောင်းရေးအတွက် ဆက်လက် တိုက်တွန်းလျက်ရှိသည်။

ဇွန်လ ၇ ရက် နေ့က မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်နိုင်ဝင်း နှင့် မော်လမြိုင်မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲများတွင် တိုင်းမှူးက မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့် တပ်ပုံစံ (သို့မဟုတ်) ပြည်သူ့စစ် ပုံစံဖြင့် ပြောင်းလဲ ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သည်။

ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပခဲ့သော မွန်ပြည်သစ် ပါတီ အစည်းအဝေးတွင် ခေါင်းဆောင်များက နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွ င်ကူးပြောင်းရန် အတွက် လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး ယခု သြဂုတ်လ ၅ ရက် မွန်တော်လှန်ရေးနေ့တွင် အဆိုပါ ဆုံးဖြတ်ချက်ကို တရားဝင် ကြေညာမည်ဟု ယင်းအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဟံသာဘန်ခိုင်က ဧရာဝတီကို ပြောသည်။

တခြား တိုင်းရင်းသားအဖွဲ့ တခုဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ ပုံစံမျိုး မဟုတ်ဘဲ ကချင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (Kachin Regional Guard Force- KRGF) အနေဖြင့်သာ ပြောင်းလဲ ဖွဲ့စည်းလို ကြောင်း မြန်မာစစ်အစိုးရထံ တင်ပြခဲ့သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */