ဝီရ | မြန်မာပြည် တောင်ပိုင်းတွင် ရာဘာဈေး တက်လာသော်လည်း အရောင်းအဝယ် အေးနေ၍ ယမန်နှစ်က စိုက်ထုတ်ထားရသည့် စရိတ်စက များကာမိရန် မလွယ်ကူကြောင်း ရာဘာခြံ ပိုင်ရှင်များက ပြောသည်။
“ရာဘာဈေး ကျနေချိန်တုန်းက ရာဘာပင်အတွက် မြေသြဇာ၊ အခြားလိုအပ်တဲ့ပစ္စည်းတွေက ဈေးမြင့်နေတော့ စိုက်ဝယ်ထားရ တယ်။ အခု လတွေမှာမှ ဈေးတက်လာတာ။ ရာဘာခြစ်လို့ရတဲ့အချိန် မဟုတ်ဘူးလေ။ မိုးမရွာခင်တုန်းက ဈေးမှ မတက်တာ။ မနှစ်က အကြွေးတွေ ပေးချေ နိုင်ဖို့ ဒီပွင့်လင်းရာသီမှာ အများကြီးရုန်းရဦးမယ်” ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ရာဘာခြံပိုင်ရှင် နိုင်မင်းထွန်းက ပြောသည်။
ယခုနှစ် ဇူလိုင်လမှ စတင်ဈေးတက်လာသည့် ပြည်တွင်းရာဘာဈေးနှုန်းမှာ ယခုအခါ ရာဘာအပါး တပေါင်လျှင် (၈၄၀) ကျပ် ဖြစ်နေပြီး ဆက်လက်ဈေးတက်ဖွယ် ရှိသည်ဟု ရာဘာအဝယ်ဒိုင်များက ပြောသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာတဝန်း ရာဘာဈေး ကျဆင်း နေမှုကြောင့် ပြည်တွင်းရာဘာဈေး တပေါင်လျှင် (၁,၃၀၀) ကျပ်ဝန်းကျင်မှ (၂၅၀) ကျပ်သို့ ကျဆင်းသွားခဲ့ပြီး မြန်မာနိုင်ငံမှ ပြည်ပ ပို့နေသည့် ရာဘာ ကုမ္ပဏီများလည်း လုပ်ငန်း ရပ်နားခဲ့ရသည်။
ယခု ရာဘာဈေးနှုန်း ပြန်တက်လာသဖြင့် ပြည်ပနိုင်ငံများသို့ ရာဘာပို့ဆောင်နေသည့်ကုမ္ပဏီများဖြစ်သည့် မြန်မာရွှေရင် ကုမ္ပဏီ လီမိတက်နှင့် အခြား ကုမ္ပဏီ တို့သည် ယခင်လမှစ၍ လုပ်ငန်းများ ပြန်လည် လည်ပတ် နေပြီ ဖြစ်သည်။
လက်ရှိ ရာဘာ ဈေးနှုန်းမှာ မှိုင်းခံ RSS အဆင့်(၃) တပေါင်လျှင် ကျပ် (၁,၀၅၀) ဝန်းကျင်ရှိပြီး RSS အဆင့် (၅) မှာ ကျပ် (၉၀၀) ဝန်းကျင်ခန့်ရှိကြောင်း ရန်ကုန်အခြေစိုက် ရာဘာအဝယ်ဒိုင် မန်နေဂျာတဦးက ပြောသည်။
ယင်းသို့ ရာဘာ ဈေးနှုန်း မြင့်တက် လာသော်လည်း မိုးရာသီ ဖြစ်နေပြီး လှောင်လက်များ နေသောကြောင့် အရောင်းအဝယ် အေးနေ သေးကြောင်း ၎င်းက ပြောသည်။
မွန်ပြည်နယ် ရေးမြို့နယ်မှ ရာဘာခြံပိုင်ရှင် တဦးက “ဒီနှစ် မိုးမရွာခင်အထိ ရာဘာဈေးမကောင်းလို့ ကျနော်တို့ ရေးမြို့နယ်က ရာဘာ ခြံတွေ အစောကြီး အလုပ်ရပ်နား ထားကြတာ၊ ဈေးက (၄) ဆလောက် ကျခဲ့တာကိုး။ ဒါပေမယ့် အပင်တွေကို ပစ်ထားလို့မရတော့ အရင်းစိုက်ပြီး ဝဲ (မြေသြဇာ)ထည့်ရတာပေါ့။ အခုမှ ဈေးကောင်းလာလို့ အလုပ်ပြန်စကြတာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မြန်မာနိုင်ငံတွင် ရာဘာထွက်ရှိမှု အများဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး တရုတ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သို့ အများဆုံး တင်ပို့သည်။
မွန်ပြည်နယ်တွင် စိုက်ပျိုးရန် လျာထားသည့် ၂၀၀၈-၀၉ စီမံကိန်းအတွက် ရာဘာမြေ ဧကပေါင်း (၄) သိန်း (၁) သောင်းကျော် စိုက်ပျိုးပြီး ဖြစ်ကြောင်း စစ်အစိုးရ၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment