ခိုင်လင်း | တရုတ်နိုင်ငံသားများကို နယ်စပ်မှတဆင့် ဖြတ်ကျော် ၀င်ရောက်မှု ပိတ်ပင်လိုက်သဖြင့် မန္တလေးမြို့ ကျောက်စိမ်းဈေးကွက်တွင် သိသိသာသာ အရောင်းအ၀ယ်ကျဆင်းလျက်ရှိသည်။
ဇူလိုင်လ လယ်ပိုင်းမှစ၍ ပုဂ္ဂလိက ခရီးသွားလာရေး ကုမ္ပဏီများမှ တဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကို တားမြစ်ပိတ်ပင် လိုက်သဖြင့် မန္တလေးမြို့ ကျောက်စိမ်း ဈေးကွက် အဓိကတည်ရှိရာ (၈၈) လမ်း၊ လမ်း (၃၉) နှင့် (၄ဝ) ကြားရှိ ကျောက်ဝိုင်းသို့ လာရောက် ကျောက်ဝယ် နေသည့် တရုတ် နိုင်ငံသားများ သိသိသာသာ နည်းပါး သွားကြောင်း မန္တလေး ကျောက်လုပ်ငန်းရှင် တဦးက ပြောသည်။
၎င်းက “မူဆယ်လမ်းကနေ မန္တလေးဆင်းရင် တရုတ်ငွေ ယွမ် (၃ဝဝ)၊ ဗမာငွေနဲ့ဆို ကျပ် (၅) သောင်းလောက်နဲ့ရတယ်။ ဈေးပေါတော့ တရုတ်တွေ အုပ်လိုက်ဆင်းနေတာ။ အခုကတော့ သိန်း (၅ဝ) လောက် လိုလာပြီ။ လေယာဉ်နဲ့ပဲ လာလို့ရမယ်။ ပြီးတော့ အစိုးရဆီမှာ ငွေလဲရဦးမယ်။ တရုတ်တွေ အများဆုံးတည်းနေတဲ့ စိန်စိန်နဲ့ နယူးဂရိတ်ဝေါ ဟိုတယ်ဆို အရင်က ဘတ်စ်တွေနဲ့ အနည်းဆုံး လေး၊ ငါး ခေါက်လောက် မနက်ပိုင်းလေးမှာ အကြိုအပို့ လုပ်နေရတယ်။ အခုက တခေါက်ဆို ပြတ်ပြီ” ဟု ပြောသည်။

ယခုအခါ လေယာဉ်ဖြင့်သာ မြန်မာပြည်သို့ ဝင်ရောက် ခွင့်ရတော့ သဖြင့် အရင်းအနှီးကြီးသည့် ကျောက်ကုန်သည်များသာ သွားရောက်နိုင်တော့သည်ဟု တရုတ်နယ်စပ် ကျောက်လုပ်ငန်းရှင်က ပြောသည်။
“အခုစနစ်က တခုတော့ကောင်းတယ်။ အရင်က ကျောက်ဗန်းတွေပေါ်မှာ ကျောက်အတိုအစ မွှေနောက်ရှာ၊ ပေါ့ချောင်ကောင်း လိုက်ရှာနေတဲ့ တရုတ်တွေကအစ မန္တလေးရောက်နေတာ။ အခုက ကန့်သတ်လိုက်တော့ မန္တလေး မဆင်းနိုင်တဲ့ တရုတ်တွေ ဒီနယ်စပ်မှာပဲ ဝယ်ရတော့မယ်ဆိုတော့ နယ်စပ်ကျောက်ဈေးကွက် ပြန်ကောင်းလာနိုင်တယ်” ဟု ၎င်းက ပြောသည်။
မြန်မာ ကျောက်စိမ်း ဈေးကွက် အရောင်းထိုင်းလာရခြင်းမှာ တရုတ်ပြည်တွင်း ကျောက်စိမ်းဈေးကွက် အေးသွားသည့် အချက်လည်း ပါဝင်သည်ဟု အဆိုပါတရုတ်နယ်စပ်မှ ကျောက်ကုန်သည်က ပြောသည်။
မြန်မာ့ကျောက်စိမ်းများကို အဓိကဝယ်ယူနေသူများမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး တရုတ်နိုင်ငံမှတဆင့် အမေရိကန်၊ ဥရောပနိုင်ငံများ အပါအဝင် တတိယနိုင်ငံများသို့ တင်ပို့နေရာ ကမ္ဘာ့စီးပွားရေး ကျဆင်းလာမှုကြောင့် တရုတ်ပြည်တွင်း၌လည်း ကျောက်စိမ်းဈေးကွက် အေးလာနေကြောင်း သိရသည်။
“ကျောက်ကို ထိန်းပြီး လုပ်နေကြတဲ့အချိန်မှာ တရုတ်ဝယ်လက်တွေ ဆက်ပြီး နည်းသွားမယ်ဆိုရင်တော့ အားလုံးထိခိုက်မှာပဲ။ မန္တလေးမှာဆို ကျောက်သွေး၊ ကျောက်ဖြတ်လုပ်နေတဲ့သူချည်း ထောင်ပိုင်းလောက်ရှိမယ်။ ကျောက်ပွဲစားကော၊ ကုန်သည်ရော၊ သူတို့အပေါ် မှီခိုနေသူရောဆို သိန်းပိုင်းအထိ ရှိနိုင်တယ်။ ကျောက်ဈေးကွက် အေးတော့ ငွေမရွှင်တော့ စားတာသောက်တာတွေ နည်းသွား၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် တွေလည်း ရောင်းအား ကျလာနေတယ်” ဟု မန္တလေး ကျောက်လုပ်ငန်းရှင် တဦးက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment