အောင်ကျော်မိုး | စားသောက်ဖွယ် လုပ်ငန်းများ အပေါ် အခွန် (၁ဝ) ရာခိုင်နှုန်း စည်းကြပ်နေမှုကို လာမည့် စက်တင်ဘာ (၁) ရက်မှစ၍ ကြပ်မတ် ကောက်ခံသွားမည်ဟု နအဖက ကြေညာခဲ့ပြီး နောက်ပိုင်း အခွန်ဌာနမှူးများ အဂတိ လိုက်စားမှု ပိုများလာကြောင်း လုပ်ငန်းရှင်များနှင့် အခွန်ဌာန ဝန်ထမ်းများက ပြောသည်။
စားသောက်ဆိုင် များတွင် စားသုံးသူများထံမှ ကျသင့်ငွေ၏ (၁ဝ) ရာခိုင်နှုန်း အခွန်ကောက်ရန် ပြည်တွင်း အခွန်ဦးစီး ဌာနက ယခင်ကတည်းက ညွှန်ကြားချက်ရှိခဲ့ပြီး ယခု အတိအကျလုပ်ဆောင်မည်ဟု ပြောလာခြင်းကြောင့် စားသောက်ဆိုင်ပိုင်ရှင်များနှင့် သက်ဆိုင်ရာမြို့နယ်အခွန်မှူးများအကြား ညှိနှိုင်း၍ လာဘ်ပေးလာဘ်ယူ မှုများ ပိုမိုများပြား လာခြင်း ဖြစ်သည်။
ဒဂုံမြို့နယ်တွင် စားသောက်ဆိုင် ဖွင့်ထားသူတဦးက “ခု စက်တင်ဘာ (၁) ရက်ကစ တိတိကျကျ လုပ်မယ်လို့ အကြောင်းကြားတာနဲ့ အခွန်ငွေ အများကြီးကျမှာစိုးလို့ အခွန်မှူးအိမ် လိုက်သွားပြီး ညှိရတယ်။ သူက စစ်ဗိုလ်။ အဲဒါနဲ့ (၅) သိန်းပေးခဲ့ပြီး ပြေလည်သွားတယ်။ သူတို့အခွန်ရုံး ဝန်ထမ်းတယောက်က ကျနော်တို့ဆိုင်ကို လာပြီးတော့ ဆိုင်မှာသုံးတဲ့ ဘောက်ချာ (ငွေရပြေစာ) တွေမှာ အခွန်တံဆိပ်တုံး ထုပေးသွားတယ်။ အဲဒီ ပြေစာနဲ့ သုံးရမယ်။ နောက် အဲဒီပြေစာတွေကို သူတို့မစစ်ဘူး။ နောက် (၁) လတခါ သူတို့ကို ကျပ် (၅) သောင်းသွင်း ရတယ်။ အဲဒါ တရားဝင်အခွန် ဟုတ် မဟုတ်တော့ မသိဘူး။ ကျန်တာ သူတို့ ရှင်းသွားမယ်ပြောတယ်” ဟု ဆိုသည်။

ကျောက်တံတားမြို့နယ်မှ လက်ထောက်အခွန်ဦးစီးမှူး တဦးကလည်း ယခုရက်ပိုင်း ၎င်းတို့ ဦးစီးမှူးရုံးခန်းသို့ စားသောက်ဆိုင် ပိုင်ရှင်များ အခွန်ကိစ္စအတွက် လာရောက်ကြသည်ကို တွေ့ရကြောင်း၊ လာဘ်ပေးလာဘ်ယူ ကိစ္စများဖြစ်သော်လည်း အတိအကျ မသိနိုင်ကြောင်း ပြောသည်။
နအဖစစ်အစိုးရ အခွန်ဥပဒေအရ စားသောက်ဆိုင်လုပ်ငန်းများသည် ဝင်ငွေခွန်နှင့် အမြတ်ခွန်တို့ ဆောင်ရသည့်အပြင် စားသုံးသူကျသင့်ငွေ၏ (၁ဝ) ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကောက်ယူရန် ပြဋ္ဌာန်းထားသည်။
အဆိုပါပြဋ္ဌာန်းချက်အတိုင်း လုပ်ပါက အခွန်ထမ်း ပြည်သူများ အနေဖြင့် ငွေကြေး မြောက်မြားစွာ အခွန်ဆောင် ရမည် ဖြစ်သဖြင့် ယခင်ကတည်းက အခွန်မှူးများကို လာဘ်ပေးပြီး အဆင်ပြေ ဘောင်ဝင်ရန် လုပ်ဆောင် နေကြခြင်း ဖြစ်သည်။
ယခု ကုန်သွယ် လုပ်ငန်းခွန် (၁ဝ) ရာခိုင်နှုန်းကို အတိအကျ ကောက်ခံမည်ဟု ထပ်မံ ပြောဆိုလာသည့် အတွက် ယခုကဲ့သို့ နားလည်မှုဖြင့် စားသောက်ဆိုင်များတွင် သုံးမည့်ဘောက်ချာနံပါတ်များကို အခွန်ဦးစီးရုံးက မှတ်တမ်းတင်၊ တံဆိပ်တုံး ရိုက်ပေးကာ (၁) လပြည့်ပါက ယင်းဘောက်ချာများကိုပြကာ (၁၀) ရာခိုင်နှုန်း အခွန်ဆောင်စေခြင်းဖြစ်သည်။
စားသောက်ဆိုင် ပိုင်ရှင်များ အနေဖြင့် အခွန် သက်သာစေရန် အခွန်မှူးများအား လာဘ်ငွေပေးပြီး အဆင်ပြေ သလို လုပ်နေကြရသည်ဟု စားသောက်ဆိုင် ပိုင်ရှင် တဦးက ပြောသည်။
၎င်းက “ဥပမာ ပန်းဆိုးတန်းက နန်းသီတာ စားသောက်ဆိုင်ဆိုပါတော့။ (၁) ဝိုင်းကို တခါရှင်းရင် ကျပ် (၂) သောင်းကနေ အထက်ရှိတယ်။ တနေ့ကို အနည်းဆုံး ဝိုင်း (၅ဝ) ကနေ (၁ဝဝ) အကြားရှိတယ်။ ရောင်းရငွေ တရက်ကို ကျပ် (၁၅) သိန်းကနေ သိန်း (၂ဝ) အကြား အနည်းဆုံးရှိတယ်။ အဲဒါကို ကုန်သွယ်လုပ်ငန်းခွန် မှန်မှန်ဆောင်ရင် တလကို ကျပ် သိန်း (၅ဝ) လောက် ဆောင်ရမယ်။ တနှစ် သိန်း (၆ဝဝ) လောက် ဆောင်ရမယ်။ ဒါနဲ့ မပြီးသေးဘူး။ သူ့ကို အမြတ်ခွန်တွက်တဲ့အခါ အခု ကုန်သွယ်လုပ်ငန်းခွန် ဆောင်ထားတာကိုကြည့်ပြီး တနှစ် သူ့ရောင်းရငွေ ကျပ် သိန်း (၆,ဝဝဝ) လောက်နဲ့ တွက်ရလိမ့်မယ်။ ဒီအခါ အခွန်တွေ မဆောင်နိုင်လောက်အောင် ဖြစ်သွားမယ်။ ဒီတော့ အားလုံးဟာ လာဘ်ငွေပေးပြီး သင့်တော်သလို လုပ်ကြရတာပဲ” ဟု ပြောသည်။
ရန်ကုန်တိုင်းမှ အငြိမ်းစား အခွန်ဦးစီးမှူး တဦးကမူ နအဖသည် တနှစ်ပြီးတနှစ် အခွန်လျာထားချက် တိုးမြှင့် ကောက်ခံခဲ့သည့် အတွက် အခွန်ဝင်ငွေ ဘတ်ဂျက်ပြည့်မီရန် တနှစ်တမျိုး ကြားအစီအစဉ်များဆွဲပြီး အခွန်ကောက်ခြင်း ဖြစ်သည်ဟု ပြောသည်။
ယမန်နှစ်က ဆိုင်ကယ် လိုင်စင်များ ပြုလုပ်ပေးပြီး အခွန်ကောက်ကာ ယခုနှစ် စားသောက်ဆိုင်များမှတဆင့် စည်းကြပ်ရန် လုပ်ကိုင် နေခြင်း ဖြစ်ကြောင်း၊ သို့သော် နအဖစစ်အစိုးရ၏ အခွန်ဥပဒေသည် လက်တွေ့နှင့် မနီးစပ်ခြင်းကြောင့် မှန်မှန်ကန်ကန်လုပ်ရန် မဖြစ်နိုင်ဘဲ လာဘ်ပေးလာဘ်ယူ မှုများဖြင့်သာ စခန်းသွားနေရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
နအဖစစ် အစိုးရသည် ပြီးခဲ့သည့်နှစ်က ဆိုင်ကယ်များကို လိုင်စင်လုပ်ပေးရာ၌ အခွန်ငွေ ကျပ်ဘီလီယံ (၁၅ဝ) နီးပါး ရရှိခဲ့ပြီး ယခု စားသောက်ဆိုင် များမှ တဆင့် ကုန်သွယ်လုပ်ငန်းခွန် (၁ဝ) ရာခိုင်နှုန်းအဖြစ် အခွန်ငွေ ဘီလီယံ ရာနှင့်ချီ တိုးမြှင့် ကောက်ခံရန် ရည်ရွယ် ထားကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment