NEJ | ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်များတွင် အသုံးပြုသူ လျော့နည်းလာသည့်အတွက် စီးပွားရေးအရ တွက်ခြေမကိုက် ဖြစ်လာကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။
ဗိုလ်တထောင် မြို့နယ် အတွင်း အင်တာနက်ဆိုင် (၃) ဆိုင် ဖွင့်ထားသူတဦးက “ခုနောက်ပိုင်း ဆိုင်တွေမှာ လူအဝင် အတော် နည်းလာတယ်။ အဓိက ပြဿနာကတော့ အင်တာနက်လိုင်း ကွန်နက်ရှင်တွေ အတော်လေးကို နှေးကွေးနေ တော့ လာသုံးတဲ့ လူအများစု စိတ်မရှည် တော့တာလည်း ပါတယ်။ လူအဝင်နည်းတဲ့အပြင် ခုအထိ မီးက မမှန်တော့ မီးစက်နဲ့ မောင်းပေးနေရတဲ့ အချိန်ကများ နေလို့ ကုန်ကျစရိတ်များပြီး တွက်ခြေမကိုက် ဖြစ်လာတာပါ” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်ကတည်းက အင်တာနက်လိုင်းများ အလွန်နှေးကွေးနေခဲ့ပြီး တခါတခါ ကွန်နက်ရှင် ပြတ်တောက် သွားတတ်ကြောင်း အခြား အင်တာနက်ကဖေး ဆိုင်ပိုင်ရှင်များကလည်း ပြောသည်။

အစိုးရ ဆက်သွယ်ရေးဌာနက ရေအောက်ကေဘယ်လ်များ ပြုပြင်နေ၍ မကြာခင် ပြန်ကောင်းတော့မည်၊ အမြန်နှုန်းများ သိသိသာသာ တိုးတက်လာမည် စသဖြင့် ၎င်းတို့ဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သော်လည်း ယနေ့ အချိန်ထိ အင်တာနက်ကွန်နက်ရှင်များ အလွန်နှေးကွေးနေလျက်ရှိကြောင်း သိရသည်။
အင်တာနက် အသုံးပြုသူများသည် ဝက်ဘ်ဆိုက်များ ဖွင့်မရခြင်း၊ ဂျီမေးလ် သုံးမရခြင်း၊ ဒေတာများ ပို့ခြင်း၊ လက်ခံခြင်း လုပ်မရသည့် ပြဿနာများ ကြုံနေကြကာ ဂျီတော့ခ်ဖွင့်ပြီး စာရိုက်ချက်တင်သာ လုပ်နိုင်သည့်အတွက် အသုံးပြုသူများ စိတ်ပျက်နေကြကြောင်း အင်တာနက်ကဖေးဆိုင်ရှင်များက ပြောသည်။
အင်တာနက် အသုံးပြုခမှာ တနာရီ ပျမ်းမျှ ကျပ် (၄ဝဝ) ခန့်သာ ရှိသော်လည်း ဝင်ငွေနည်း လူငယ်များ ယခုနောက်ပိုင်း အလာနည်းသွားသည်ဟုလည်း သိရသည်။
ရန်ကုန်မြို့တွင် ယမန်နှစ် နိုဝင်ဘာလဆန်းမှစ၍ လျှပ်စစ်မီးများကို ခွဲတမ်းဖြင့်သာ ရသည့်အတွက် အင်တာနက် ကဖေးဆိုင်အများစုမှာ မီးစက်များကို အသုံးပြုပြီး လုပ်ငန်းလည်ပတ်ကြရကြောင်း၊ ဆိုင်များအနေဖြင့် လာရောက်သုံးစွဲသူ တဦးနှစ်ဦး ရှိသော်လည်း မိတ်မပျက်ရန် မီးစက်မောင်းပေးရခြင်းကြောင့် ရသည့်ငွေနှင့် ကုန်ကျစရိတ် မကာမိကြောင်းလည်း ဆိုင်ပိုင်ရှင်အများစုက ပြောသည်။
ယမန်နှစ်ကုန်ပိုင်း၌ ဒီဇယ်ဆီ တဂါလန် ကျပ် (၂,ဝဝဝ) ဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း ယခု ဇွန်လနှောင်းပိုင်းတွင် တဂါလန် ကျပ် (၃,ဝဝဝ) ကျော်လာသည့်အတွက် ဒီဇယ်ဖိုး ကုန်ကျစရိတ် များလာကာ အင်တာနက်ကဖေးဆိုင်များ တွက်ခြေမကိုက်ဖြစ်ကြရသည်ဟု သိရသည်။
မြန်မာအင်ဖိုတက်ခ်၏ စာရင်းများအရ မြန်မာတနိုင်ငံလုံးတွင် အင်တာနက်ကဖေး (၄၈၆) ဆိုင်ရှိပြီး ရန်ကုန်တွင် (၃၇၁) ဆိုင်၊ မန္တလေး (၁၇) ဆိုင်၊ အခြားမြို့ကြီးတို့တွင် (၉၈) ဆိုင် ရှိသည်။
ရန်ကုန်တွင် ကွန်ပျူတာ (၁၅) လုံးခန့်ပါသည့် အင်တာနက်ကဖေးဆိုင်တဆိုင် ဖွင့်ပါက တယ်လီဖုန်း၊ အင်တာနက်လိုင်း (၂) လိုင်း၊ တနှစ်စာ အခန်းငှားခ၊ ကွန်ပျူတာနှင့် အထွေထွေပစ္စည်း၊ မီးစက်၊ ဆိုင်အပြင်အဆင်အပါအဝင် စုစုပေါင်း သိန်း (၁၈ဝ) နှင့် သိန်း (၂ဝဝ) အကြား ကုန်ကျစရိတ်ရှိသည်။
ရန်ကုန်မြို့မှ ကွန်ပျူတာအင်ဂျင်နီယာတဦးက “နအဖစစ်အစိုးရဟာ အင်တာနက်ကို နာမည်ခံလောက်ပဲ ဖွင့်ပေးထားတဲ့အတွက် မြန်မာနိုင်ငံမှာ အိုင်တီနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ နေနေသာသာ ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေ အိုင်တီဗဟုသုတနဲ့ အလှမ်းဝေးနေဦးမှာဖြစ်တယ်” ဟု ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment