NEJ | မြန်မာပြည်တွင်းဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးဝါးအချို့ကို ရောင်းချခြင်း မပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်တို့က တားမြစ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများနှင့် အာနိသင်မရှိသော ဆေးဝါးအတု အမည်စာရင်းများကို ဆေးဆိုင်များသို့ ဖြန့်ဝေထားပြီး ဆက်လက် မရောင်းရန် သတိပေးသွားကြောင်း တာမွေမြို့နယ် ဆေးဆိုင်ကြီးတဆိုင်မှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “အခု မရောင်းဖို့ ရေးထားတဲ့စာရင်းမှာ အဖျားဖြတ်ဆေး၊ ငန်းဆေး၊ လိမ်းဆေးတို့၊ သွေးတိုးကျဆေးတို့ ပါတယ်။ ပြီးတော့ ယိုးဒယား (ထိုင်း) က ဝင်လာတဲ့ အိမ်သုံးဆေးတွေ ပါတယ်။ ပြည်တွင်းထုတ် တိုင်းရင်းဆေး တွေကတော့ နယ်က လုပ်တဲ့ဆေးလည်း ရှိတယ်။ ဒီရန်ကုန်မှာ ထုတ်တဲ့ဆေးလည်း ပါတယ်” ဟု ပြောသည်။

ယခုလ (၁၃) ရက်၌ ကျန်းမာရေးဝန်ကြီးဌာနမှ တားမြစ်ထားသည့်ဆေးဝါးစာရင်း ကြေညာချက်တွင် တိုင်းရင်းဆေးဝါး (၁၄) မျိုးနှင့် ပြည်ပမှ တင်သွင်းသည့် ဆေးဝါးအချို့လည်း ပါဝင်သည်။
ပြီးခဲ့သည့် ဧပြီလ၌လည်း သက်ဆိုင်ရာမှ ရောင်းချခွင့် တားမြစ်ခဲ့သည့် ပြည်တွင်းပြည်ပ ဆေးဝါးအချို့ရှိသော်လည်း ရောင်းချနေသည့်ဆေးဆိုင်များ ရှိနေသဖြင့် စစ်ဆေးတွေ့ရှိပါက ဆေးဝါးများကို သိမ်းဆည်းသွားသည်မှအပ ဆေးဆိုင်များအား အရေးယူခြင်း မရှိခဲ့ကြောင်း သိရသည်။
သို့သော် ယခုအပတ် လာရောက်သတိပေးရာတွင် တားမြစ်ဆေးဝါးများအား ဆေးဆိုင်တွင် တွေ့ရှိပါက ဆေးဆိုင်လိုင်စင်ကိုပါ သိမ်းဆည်းမည်ဟု သက်ဆိုင်ရာက ပြောကြားထားကြောင်း အဆိုပါဆေးဆိုင် ဝန်ထမ်းက ပြောသည်။
“ဆေးကတ်နဲ့ ဆေးဘူးတွေမှာ ဆေးဝါးမှတ်ပုံတင် နံပါတ် မပါတဲ့ ဆေးဝါးတွေရှိရင်လည်း သက်ဆိုင်ရာ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီဆီက အကြောင်းကြားရမယ်တဲ့။ မလိုက်နာရင် အရေးယူမယ်တဲ့” ဟု ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ဒေသများတွင် တိုင်းရင်းဆေး ဖြန့်ချိနေသည့် လက်လီ၊ လက္ကားဆိုင်များမှာ အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး သိရှိထားခြင်း မရှိသေးပေ။
aource by : ခေတ်ပြိုင်

0 comments:
Post a Comment