မိုးတွင်းတွင် လေယာဉ်ခရီးစဉ်များ မရှိသဖြင့် မိုင်းဆတ်ထောင်ရှိ (၈၈) ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ထောင်ဝင်စာမတွေ့နိုင်သည်မှာ (၄) လခန့်ရှိနေပြီဖြစ်ကြောင်း ညီဖြစ်သူ ကိုအောင်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။
“အရင်ကတော့ လေယာဉ်ခရီးစဉ်က တပတ်တခါရှိတယ်။ ခုနောက်ပိုင်း တလလုံးလုံး မရှိတဲ့လတွေတောင် ရှိလာတယ်။ လေယာဉ် မထွက်ဖြစ်တာများတယ်။ ကားလမ်းက သွားရင် တာချီလိတ်က အနီးဆုံးပဲ။ အဲဒီကနေမှ တဆင့်သွားရတယ်။ ဒါပေမယ့် လမ်းတွေ မကောင်းဘူး။ အဲဒီ အခက်အခဲတွေ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် လအတွင်းက ကိုကိုကြီးထံမှ ရရှိထားသော စာအရ ၎င်းတွင် အသည်းရောင် အသားဝါ ဘီပိုး ရှိနေသည်ဟု ကိုအောင်ထွန်းက ပြောသည်။
၎င်းက “ဒီမှာတုန်းက သူတို့ကို တောက်လျှောက် စစ်ကြော၊ တရားစွဲဆို ပြစ်ဒဏ်ပေးဆိုတော့ ဆေးမစစ်နိုင်ဘူးလေ။ ဟိုမှာကျတော့ ဆေးစစ်ရတယ်တဲ့။ ဘီပိုးတွေ့တယ်လို့ ရေးထားတယ်” ဟု ပြောသည်။
ထို့ပြင် ယခင်ကရှိခဲ့သော ဂရင်ဂျီနာလည်း ပြန်ပေါ်နေပြီး အစာအိမ်လည်းမကောင်းကြောင်း ကိုကိုကြီးက ၎င်း၏ မိသားစုထံ ပေးပို့သည့် စာတွင် ထည့်သွင်းရေးထားကြောင်း သိရသည်။
(၈၈) ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသည် ၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းချပေးရေး လမ်းလျှောက် ဆန္ဒပြမှုကြောင့် အခြားကျောင်းသား ခေါင်းဆောင် (၁၂) ဦးနှင့်အတူ ၂၀၀၇ ခု သြဂုတ် (၂၁) ရက် ညပိုင်းတွင် အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။
ထို့နောက် အင်းစိန်ထောင် အထူး တရားရုံးက မြန်မာ့တရား စီရင်ရေးတွင် မချမှတ်ဖူး သေးသည့် ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် (၆၅) နှစ်ချမှတ်ခဲ့ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းဆတ်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။
ကိုကိုကြီးကဲ့သို့ပင် အခြားထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများကိုလည်း နအဖ စစ်အစိုးရက နယ်ဝေးထောင်များ သို့ ပြောင်းရွှေ့ ခဲ့ခြင်းကြောင့် မိသားစုများ အနေဖြင့် ပုံမှန် ထောင်ဝင်စာ မတွေ့နိုင်သည့် အခက်အခဲများ ရှိနေဆဲဖြစ်သည်။
မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (အေအေပီပီ-ဘီ) ၏ စာရင်းများအရ မြန်မာ နိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း (၂,၀၀၀) ကျော် ရှိနေသည်။

0 comments:
Post a Comment