မင်းနိုင်သူ | “ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်ပါတယ်။ ရုံးထုတ်ပေမယ့် စစ်မေးမှုတွေမလုပ်ဘဲ ဇွန် (၂၆) ရက်နေ့ကိုပဲ ပြောင်းရွှေ့ချိန်းဆိုလိုက်ပါတယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
ယနေ့ တရားခွင်တွင် ရုံးထုတ်ခဲ့သည့် မစ္စတာ ယက်တော ကိုလည်း ဇွန် (၂၆) ရက်သို့ ပြောင်းရွှေ့ ရုံးချိန်း လိုက်သည်။ မစ္စတာ ယက်တောကို ဒေါ်အောင်ဆန်း စုကြည်တို့၏ ရုံးချိန်းများ အတိုင်းသာ ဆင့်ခေါ်နေဦးမည် ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
အင်းစိန် အထူးတရားရုံး တရားခွင် ရုံးချိန်း ပြောင်းရွှေ့ သွားသကဲ့သို့ ဗဟို တရားရုံးချုပ်သို့ တင်ပြထားသည့် သက်သေ ခေါ်ဆိုခွင့် ပြင်ဆင်မှု ရုံးချိန်းကိုလည်း ရက် အကန့်အသတ် မရှိ ပြောင်းရွှေ့ ထားကြောင်း သိရသည်။
ဗဟို တရားရုံးသို့ တင်ပြထားသော သက်သေ ခေါ်ဆိုခွင့်နှင့် ပတ်သက်၍ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “ကျနော်တို့ ရန်ကုန်တိုင်း တရားရုံးရဲ့ သက်သေ ပြင်ဆင်ခွင့် ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိတဲ့ အတွက် မနေ့က ဗဟို တရားရုံးချုပ်ကို ထပ်တင်ပါတယ်။ အဲဒီမှာ လျှောက်လဲချက်ပေးဖို့ ဇွန် (၁၇) ရက်ကို ရက်ချိန်းပေးပါတယ်။ ဒါပေမယ့် ညနေပိုင်း (၅) နာရီလောက်မှာ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ထပ်အကြောင်းကြား သွားပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်း စုကြည်အား အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော နေအိမ် အတွင်း ၀င်ရောက်ခဲ့မှု အတွက် နအဖ စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။
အစိုးရဘက်မှ တရားလိုပြ သက်သေ (၁၄) ဦး ထွက်ဆို စေခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့ရာ အင်းစိန် အထူးတရားရုံးက တဦးတည်းသော သက်သေ ရှေ့နေ ဦးကြည်ဝင်း (လပွတ္တာမြို့နယ်) ကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။
ယင်းကဲ့သို့ သက်သေ (၁) ဦးသာ ထွက်ဆိုခွင့်ရခြင်းမှာ တရားမျှတမှုမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ က ရန်ကုန်တိုင်း တရားရုံးသို့ ထပ်မံ တင်ပြရာ နောက်သက်သေ အဖြစ် ရှေ့နေ ဒေါ်ခင်မိုးမိုးကို ရန်ကုန်တိုင်း တရားရုံးက ခွင့်ပြုပေးခဲ့ပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထပ်မံ ပယ်ချထားသည့် အတွက် ဗဟို တရားရုံးသို့ အယူခံထားခြင်း ဖြစ်သည်။
အင်းစိန်ထောင်သို့ ပြောင်းရွှေ့ တရားရင်ဆိုင် နေရသည့် ဒေါ်အောင်ဆန်း စုကြည်အား အာဏာပိုင်များက မေ (၂၆) ရက်၌ နေအိမ် အကျယ်ချုပ် အမိန့် ရုပ်သိမ်း လိုက်ပြီ ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်း စုကြည်၏ အင်းလျားလမ်း နေအိမ်ကို အာဏာပိုင် များက ထိန်းသိမ်း ထားဆဲဖြစ်ရာ ယင်းကိစ္စ အတွက် လိုအပ် သလို ဆောင်ရွက်ရန် ဒေါ်အောင်ဆန်း စုကြည့်က ရှေ့နေများကို ညွှန်ကြားထား သဖြင့် ထိုကိစ္စကိုလည်း ဖြေရှင်း ရဦးမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
source by: ခေတ်ပြိုင်

0 comments:
Post a Comment