စစ်အစိုးရ ပြင်းပြင်းထန်ထန် ဝေဖန်ခံရ

Friday, May 15, 2009 ·

ဧရာဝတီ | စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန်ထောင်သို့ ပို့ပြီး တရားစွဲဆို လိုက်ခြင်းကြောင့် ပြည်တွင်း ပြည်ပတွင် ဝေဖန် ကန့်ကွက်သံများ ပြင်းပြင်း ထန်ထန် ထွက်ပေါ်လာသည်။


မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအနီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြနေကြသော မြန်မာပြည်သား ဒုက္ခသည်များ (ဓာတ်ပုံ - AFP)
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ အမေရိကန် နိုင်ငံသား တဦး လျှို့ဝှက် သွားရောက်ခဲ့သည် ဟူသော သတင်းကို နိုင်ငံတကာက အာရုံစိုက်နေစဉ်မှာပင် ဒေါ်အောင်ဆန်း စုကြည် ကို ပုဒ်မ ၂၂ ဖြင့် တရားစွဲ စစ်ဆေးရန် ယမန်နေ့က အင်းစိန် အကျဉ်းထောင်သို့ ပို့လိုက်ခြင်းကြောင့် စစ်အစိုးရကို ၀ိုင်းဝန်း ကန့်ကွက်နေကြခြင်း ဖြစ်သည်။

အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် ခြေချုပ် ဥပဒေ ဖောက်ဖျက်သည် ဟု အာဏာပိုင်တို့က စွဲချက် တင်လိုက်ခြင်းမှာ အမှုဆင်လိုက်ခြင်းပင် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“ဒါက အမှုဆင်ထားတာပဲ။ လုံခြုံရေး ကိစ္စ တခုလုံးဟာ သူတို့ လက်ထဲမှာ ရှိတာပဲ။ လူတယောက် ၀င်လာအောင် လုပ်တယ် ဆိုတာ သူတို့ ဖွင့်မပေးရင် ဘယ်လိုမှ ၀င်လို့ မရဘူး” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ထင်ရှားသည့် ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမား ဦးအေးသာအောင်က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ယခင်ကတည်းက ကြိုတင် ခန့်မှန်းထားခဲ့သည်ဟု ဆိုသည်။

“ထင်တဲ့ အတိုင်းပဲ အခု နိုင်ငံခြားသား တယောက် ခြံထဲ ဝင်တာကို အကြောင်းပြပြီးတော့ တရား စွဲတယ်၊ ဒါတွေကို ကြည့်ခြင်း အားဖြင့် သူတို့သွားနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အနှောင့်အယှက် ဖြစ်မှာ စိုးတဲ့ အတွက် မလွှတ်ဘူး ဆိုတာဟာ ထင်ရှားတယ်” ဦးအေးသာအောင်က ပြောသည်။

ကမ္ဘာ့ လူ့အခွင့်အရေး အဖွဲ့များကလည်း နိုင်ငံတကာ အသိုင်းအ၀န်းကို ဖိအားပေးကြသည်။

အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International)က ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေး အတွက် အရေးပေါ် ၀င်ရောက် ဖြေရှင်းရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုက်တွန်းလိုက်သည်။

နယူးယောက် အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့ က ကုလသမဂ္ဂ အနေဖြင့် မြန်မာစစ် အစိုးရကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တိုက်တွန်းရမည်ဟု ပြောလိုက်သည်။ စစ်အစိုးရသည် အမေရိကန် နိုင်ငံသား စတန့်ထွင်မှုကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းထားရန် ကြိုးစားနေသည်ဟုလည်း ဝေဖန်လိုက်သည်။

လွတ်ရက်စေ့တော့မည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သို့ ပို့လိုက်သည့် စစ်အစိုးရ၏ လုပ်ရပ်များအပေါ် ထောက်ခံ၊ ကာကွယ် ပြောဆိုသည့် နိုင်ငံများ မရှိသေးပေ။ သို့သော်လည်း ယနေ့အချိန်အထိ ထိုင်း၊ မလေးရှား နှင့် အင်ဒိုနီးရှားမှအပ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများက မြန်မာပြည်၏ လတ်တလော အရေးပေါ်ဖြစ်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး တိတ်ဆိတ်နေကြသည်။

အာရှတိုက်မှ ဂျပန်နိုင်ငံ အစိုးရက နှုတ်ဆိတ်နေပြီး၊ တရုတ်နိုင်ငံက ထုံးစံအတိုင်း တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မပြုပေ။ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သော အိန္ဒိယကလည်း ယခု အချိန် အထိ ငြိမ်သက်နေသည်။

ထိုင်းဝန်ကြီးချုပ်က မြန်မာပြည်တွင် ဖြစ်ပျက်နေသော အခြေ အနေများကို စိုးရိမ်မိကြောင်း၊ မြန်မာ့ နိုင်ငံရေးသည် နောက်ပြန်ဆွဲ နေသည့် အခြေအနေကို ရောက်နေကြောင်း ယမန်နေ့က ပြောကြားလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံကလည်း “မတရားသဖြင့် စွဲချက်တင်ထားသည့် အမှု” ကို ရုပ်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် စစ်အစိုးရကို ပြောဆိုလိုက်သည်။

ဥရောပသမဂ္ဂ ဥက္ကဋ္ဌက အကျယ်ချုပ် သက်တမ်း ပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက် မရှိ ပြန်လွှတ်ပေးရန် အလေးအနက် တိုက်တွန်းလိုက်သည်။

ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆို ခံရသည့် သတင်းကြောင့် စိတ် အနှောင့် အယှက် ဖြစ်ရသည်ဟု ဆိုသည်။ စတင် ဖမ်းဆီးစဉ်က တရား မျှတမှု မရှိခဲ့ကြောင်း၊ ယခုလည်း တရားသဖြင့် စီရင်မည်ဟု မယူဆကြောင်း ဗြိတိန် ၀န်ကြီးချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံက ကန့်ကွက် ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက်တင်ထားသည့် အမှုမှာ အခြေ အမြစ် မရှိဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တရား စွဲဆိုခြင်း မပြုရန် စစ်အစိုးရကို တောင်းဆိုလိုက်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */