မေကျော် | ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ရမည်းသင်းမြို့ ဈေးကြီးရှိ ဒေါ်အေးကြည်နှင့် သားများ ရွှေဆိုင်ကို ယမန်နေ့ ညနေပိုင်းတွင် သေနတ်သမား ၃ ဦးက သေနတ် ၁၁ ချက် ပစ်ခတ်ပြီးနောက် ရွှေများကို လုယက်ခဲ့ရာ ဆိုင်ရှင် မိသားစုဝင် ၂ ဦး ဒဏ်ရာရရှိပြီး ဒေသခံတဦး သေဆုံးခဲ့သည်။
ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဆိုင်အတွင်းသို့ သေနတ်ကိုင်ထားသူ တဦးနှင့် အပေါင်းအပါ ၂ ဦးက ဝင်လာပြီး သေနတ်ပစ်ဖောက်ရာ ဆိုင်ရှင်မိသားစုဝင် ၂ ဦး ကျည်ဆံထိမှန်ခဲ့ရသလို၊ လူတဦး သေဆုံးခဲ့ရကာ ရွှေပိဿာချိန် ၇ ပိဿာခန့် ယူဆောင်သွားခြင်းဖြစ်သည်။
“သေနတ်က ခေါက်ကာဘိုင်လို့ ယူဆရတယ်လို့ ပြောပါတယ်။ သေနတ်က တလက်ထဲပါ။ ကြားရတဲ့ သတင်းတွေ အရ ဟိုတလောက ရေစကြိုက တပ်က လက်နက်တိုက်ဖောက်ခံရတဲ့ အထဲမှာ ပါသွားတဲ့ သေနတ်လို့လည်း ပြောကြတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။
သေနတ်သမား ၃ ဦးသည် ရမည်းသင်းဈေးထောင့်ရှိ ရွှေဆိုင်အတွင်း ဝင်ရောက်လာကာ သေနတ်ဒင်ဖြင့် ရွှေကောင်တာ မှန်များကို ရိုက်ခွဲပြီး ရွှေထည်ပစ္စည်းများကို လုယက် ယူငင်ခဲ့ကြကြောင်း မိသားစုဝင်တဦးက ပြောဆိုသည်။
အခင်းဖြစ်ချိန်က ဆိုင်ထဲ၌ ဆိုင်ရှင်မိသားစုဝင် ဒေါ်မြင့်မြင့်အေး၊ ဒေါ်ချိုပြုံးနှင့် ဒေါ်ဖောင်းဖောင်းတို့ ရှိနေသည်။
ဒေါ်ချိုပြုံးက သေနတ်သမားကို ခုန်အုပ်လိုက်ရာ သေနတ်သမား ယိုင်သွားပြီး၊ သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ ဒေါ်ချိုပြုံး၏ ပေါင်တွင် ကျည်ဆံက ထုတ်ချင်းပေါက် ဝင်သွားသည်။
ထိုအချိန်တွင် ရွှေဆိုင် အပြင်ဘက်၌ ရှိနေသည့် အကိုတော်စပ်သူ ဦးမျိုးသန်းက ရွှေဆိုင်ဘက်သို့ ညီမများကို ကူညီရန် ပြေးလာစဉ် သေနတ်သမားက ပစ်ခတ်လိုက်ပြန်ရာ ညာဘက်လက်ပြင်ကို ကျည်ဆံမှန်သွားသည်။
လုယက်သူ ၃ ဦးက ရွှေဆိုင်အတွင်းမှ ရွှေဆွဲကြိုး အကုံး ၃ဝဝ (အလေးချိန် ၅ ပိဿာခန့်) နှင့် လက်ကောက်များ (၂ ပိဿာခန့်) ယူဆောင်ကာ အသင့်ပါလာသော ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း မိသားစုဝင်က ဆိုသည်။
ဆိုင်ကယ်ဆီပြတ်ကာ ထိုးရပ်သွားသဖြင့် လုယက်သူများက လမ်းတွင် ရပ်ထားသော ဆိုင်ကယ်တစီးကို ဝင်ရောက် လုယက်ရာ၊ ပိုင်ရှင်ဖြစ်သူ စစ်မှုထမ်းဟောင်းက တားမြစ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟုလည်း သူက ပြောသည်။
ယခုအခါ ဒေါ်ချိုပြုံးကို မန္တလေး ဆေးရုံကြီးသို့ တင်ထားပြီး၊ အကိုဖြစ်သူ ဦးမျိုးသန်းမှာ ရမည်းသင်းဆေးရုံ၌ပင် ဆေးကုသမှု ခံယူနေသည်။
အခင်းဖြစ်ပွားပြီးနောက် ရမည်းသင်းမြို့နယ် မယက ကောင်စီ ဥက္ကဋ္ဌ အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိလာခဲ့သည်။
ဒုတိယရဲချုပ်လည်း ရမည်းသင်းကို ဖြတ်သွားသည့် အချိန်နှင့် တိုင်ဆိုင်နေသဖြင့် အခင်းဖြစ်ပွားရာသို့ ဝင်ရောက် ကြည့်ရှုခဲ့သေးသည်။
ဒေါ်အေးကြည်နှင့်သားများ ရွှေဆိုင်မှာ ရမည်းသင်းမြို့ ဈေးအတွင်း တည်ရှိပြီး အပျိုကြီးများ ဦးစီး လုပ်ကိုင် နေသော ရွှေဆိုင်ဖြစ်သည်။
“ကျနော် တသက်ပေါ့ဗျာ။ ရမည်းသင်းမှာ ဒီလို သေနတ်နဲ့ လုယက်မှုမျိုး တခါမှ မကြုံဖူးခဲ့ပါဘူး” ဟု အသက် ၅ဝ ကျော်အရွယ် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
source by : မဇ္ဈိမ
ရမည်းသင်း ရွှေဆိုင် လုယက်မှု တဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment