စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့များ တွေ့ဆုံမှုအပေါ် သဘောထား အမြင်များ ထုတ်ဖော်

Saturday, May 02, 2009 ·

အာအက်ဖ်အေ | လွန်ခဲ့ဧပြီလ ၂၈ ရက်နေ့မှာ မြန်မာစစ် အစိုးရ အာဏာပိုင်တွေက သူတို့နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ တပ်တွေကို နယ်ခြားစောင့်တပ် အသွင်အဖြစ် ပြောင်းရမယ်၊ အဲဒီ တပ်တွေကို လူဦးရေ ကန့်သတ်မယ်၊ အဲဒါကို ကာကွယ်ရေး ဦးစီးချုပ်က ကွပ်ကဲဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အင်အားအကောင်းဆုံး ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဧပြီ ၁၇ရက် ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ် ၂၀ပြည့် အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of UWSA)
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ယူအင်န်အေ ခေါ် ညီညွတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့က ဦးကျင့်ရှင်းထန် နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက အထွေထွေ အတွင်းရေးမှူး ကိုခင်မောင်တင့်တို့ကို RFA သတင်းထောက် ကိုရဲထက်က ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ လွန်ခဲ့တဲ့ လကုန်ပိုင်းက တွေ့ဆုံပြီးတဲ့နောက်မှာ အပစ်ရပ် အဖွဲ့တွေ ဘက်က ကျေလည်ပုံ မရဘူးလို့ တိုင်းရင်းသား သတင်းရပ်ကွက်တွေအရ သိရပါတယ်။ တကယ်တော့ အခု နောက်ဆုံး ပြောဆို ဆွေးနွေးတဲ့ သဘောထား အချက်တွေကတော့ မတွေ့ဆုံမီ အရင်ကတည်းက ပေါ်ထွက် နေတာပါ၊ မြန်မာစစ်အစိုးရက အခုလို တရားဝင် ခေါ်တွေ့ဆုံပြီးတော့ ပြောဆိုလိုက်တဲ့အခါ အင်အားကြီးတဲ့ ဝတိုင်းရင်းသားအဖွဲ့ကတော့ မြန်မာစစ်အစိုးရအပေါ် အယုံအကြည် မရှိဘူးဆိုတဲ့အထိ RFA က ထုတ်လွှင့်တဲ့ ၃၀ ရက်နေ့ အစီအစဉ်မှာ ပြောသွားပါတယ်၊

အဲဒီ ဝအဖွဲ့ အောက်အခြေအဆင့် အရာရှိပြောစကားနဲ့ ပတ်သက်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက အထွေထွေ အတွင်းရေးမှူး ကိုခင်မောင်တင့်က အခုလို သုံးသပ်ပါတယ်၊

ကိုခင်မောင်တင့်။ ။ “ဒီကိစ္စကတော့ဗျာ ကျွန်တော့အနေနဲ့ ပထမဦးဆုံး ပြင်းပြင်းထန်ထန် တုံ့ပြန်တာ ကြားရ တာပဲ ဝအဖွဲ့အနေနဲ့ ပြောတာကိုပေါ့။ ဒီလို ပြောဆိုတာဟာ အပစ်အခတ် ရပ်စဲလိုက်တဲ့အခါမှာ သူတို့ တွေ့ကြုံ ခဲ့ရတဲ့ လက်တွေ့ အတွေ့အကြုံတွေထဲကနေပြီးတော့ သူတို့ရဲ့ ခံစားချက်နဲ့ သူတို့ နစ်နာချက်တွေကို တိုက်ရိုက် ထုတ်ပြောတာလို့ ကျွန်တော် မြင်တယ်၊ ကျွန်တော် သတိပြုမိတဲ့ အချက်တချက်က သူတိုတပ်နဲ့ သူတို့နယ်မြေ တည်ရှိမှုကို သူတို့ အထိမခံနိုင်ဘူးဆိုတဲ့ အချက်ကို အပေါ်လွင်ဆုံး တွေ့တယ်၊ နောက်တခုက ဗမာပြည်ထဲက ပြဿနာတွေကို မပြေလည်သေးပဲနဲ့ တိုင်းရင်းသား တောင်တန်းသားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ် ဆိုတာ လိမ်တာပဲလို့ ပြောသွားတာ ကျွန်တော်အဲဒါတွေ သတိပြုမိလိုက်တယ်။”

မကြာခင်က နှစ်ဖက် တွေ့ဆုံခဲ့တဲ့ပွဲမှာ မြန်မာစစ်အစိုးက အပစ်ရပ်အဖွဲ့တွေအနေနဲ့ နယ်စပ် ကာကွယ်ရေး တပ်အဖြစ် ဖွဲ့ဖို့၊ အဲဒီမှာ လူကန့်သတ်ဖို့၊ သူတို့ရဲ့ထိန်းချုပ်မှု အောက်မှာပဲ ရှိဖို့ ဆိုပြီးတော့ ပြောလာတာကို သက်ဆိုင်ရာ အပစ်ရပ်အဖွဲ့တွေက ဘာမှ မတုံ့ပြန်သေးဘူးလို့ RFAက စုံစမ်းသိရှိရပါတယ်၊ အခုလို ဖြစ်ရ တာဟာ ခေတ်အဆက်ဆက်က မြန်မာစစ်အာဏာ ပိုင်တွေ တိုင်းရင်းသားအရေးကို မှန်မှန်ကန်ကန် မဖြေရှင်း ခဲ့တာကြောင့်လို့ ကိုခင်မောင်တင့်က ဆိုပါတယ်။ လက်ရှိ မြန်မာ စစ်အစိုးရလက်ထက် တိုင်းရင်းသားတွေအပေါ် နိုင်ငံရေးအရ ဖြေရှင်းနေပုံကိုတော့ ဦးကျင့်ရှင်းထန်က အခုလို သုံးသပ်ပါတယ်။

ဦးကျင့်ရှင်းထန်။ ။ “အမှန်မှာတော့ ကျွန်တော် နားလည်သလောက်ဆိုရင် လုံးလုံးစေ့စေ့ အတွင်းကျကျတော့ ဘာမှ နားမလည်ပေမဲ့ အပြင်မှာ ကျွန်တော် သိရသလောက်တော့ ညီလာခံလာပါ၊ ညီလာခံလာပြီးတော့ ခင်ဗျားတို့ နိုင်ငံရေး ပြောချင်သပ ဆိုရင် ညီလာခံထဲမှာပဲ ပြောပေါ့ ညီလာခံထဲမှာ တင်ပြပေါ့၊ အပြင်မှာတော့ ဘာမှမဟုတ်ဘူး ဆိုပြီးတော့ ဒီသဘောကို ယူဆပြီးတော့ သူတို့က ငြိမ်းချမ်းရေးယူပြီးတော့ သူတို့က လက်နက် တော့မချဘူး အထဲမှာဝင်ကြတယ်၊ အဲဒီအထဲမှာ တင်ပြတဲ့ အခါကျတော့ ဂရုမစိုက်ဘူး၊ မှတ်တမ်းလည်း မတင်ဘူး၊ တင်ပြတဲ့အတိုင်း ဘာမှ မလုပ်ဘူးဆိုတာကို ကြားတာတွေတော့ ရှိတယ်လေ။ အဲဒီတော့ ဒါတွေ ကြည့်ခြင်းအားဖြင့် တကယ်လို့ မှန်လို့ရှိရင်တော့ နအဖဖက်က စကား မတည်တော့ဘူး ဆိုတဲ့ သဘော ကျွန်တော်တို့ အဲလိုပဲ ယူဆပါတယ်၊ ”

၁၉၉၀ ဝန်းကျင်လောက်ကနေ စတင်ပြီးတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရတို့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ၊ ဒီကြားထဲမှာ တိုင်းရင်းသားဒေသအသီးသီးမှာ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်လာကြပြီးတော့ တချို့ဆိုရင် မြန်မာစစ်အစိုးရနဲ့ အကျိုးတူ စီးပွားဖက်တွေ ဖြစ်နေ တာကြောင့် သူတို့ချင်းပြန်ပြီးတော့ စစ်တိုက်နိုင်မဲ့ အခြေအနေ မရှိဘူးလို့ ယူဆနေတဲ့သူတွေလည်း ရှိပါတယ်၊ ဒါပေမဲ့ လူ့ဘောင်သစ်ပါတီကတော့ အခုလို သုံးသပ်ပါတယ်။

ကိုခင်မောင်တင့်။ ။ “နအဖနဲ့ အကျိုးစီးပွား တူတယ်ဆိုတာက ယာယီပဲဗျ ထာဝရ မဖြစ်နိုင်ဘူး။ ခွန်ဆာလို လူမျိုးဆိုရင် အကျိုးစီးပွား တူတဲ့အခါကျတော့ သေနတ်သံ ပြန်မပေါက်ဘူး။ ဘာမှ မထူးဆန်းဘူး ဒါပေမဲ့ ကိုယ့်အမျိုးသား အကျိုးစီးပွား အတွက်ကို ကိုင်ဆောင်ထားပြီးတော့ နှစ်ပေါင်းမြောက်မြားစွာ တိုက်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ လူမျိုးအရ တည်ရှိမှုနဲ့ နိုင်ငံရေးအရ တည်ရှိမှုတွေကို ထိခိုက်လာရင် အနှေးနဲ့ အမြန် သေနတ်သံ ပြန်ပေါက်မှာပဲ။ ဘယ်လိုပေါက်မယ်ဆိုတာကတော့ အပစ်အခတ်ရပ်စဲရေး အဖွဲ့တခုချင်း တခုချင်းတွေရဲ့ ထူးခြားချက်တွေကို ကြည့်ရမှာပဲ ”

ဒါနဲ့ ပတ်သက်လို့ ယူအင်န်အေ ခေါ် ညီညွတ်သောတိုင်းရင်းသားမဟာမိတ်အဖွဲ့က ဦးကျင့်ရှင်းထန်က သူ့အယူအဆ ကို ပြောပြပါတယ်။

ဦးကျင့်ရှင်းထန်။ ။ “အမှန်မှာတော့လေ ဒါကျွန်တော်တို့ တိုင်းပြည် အခြေအနေကတော့ ကျွန်တော်တို့ကတော့ လက်ရုံးရည်ကို အားမကိုးပဲနဲ့ နှလုံးရည်နဲ့ တိုက်ပွဲဝင်တာ သူတို့ကျတော့ လက်နက်ကို အားကိုးပြီး လုပ်နေတယ် ဆိုတော့ ဒါက အမှန်မှာ ဒီလို မဖြစ်အောင် ပြေပြေလည်လည် ဆွေးနွေးပြီးတော့ နှစ်ဦးနှစ်ဝ ဒီလို သဘောထား ကွဲလွဲတဲ့ အဖွဲ့အစည်းရှိသမျှကို အားလုံး ဆွေးနွေး ပြီးတော့မှ သဘော တူညီချက် ရထားဖို့က ကောင်းတယ်၊ ဒီလိုတွေ ရထားပေမဲ့ တချို့ဟာတွေ ပြန်ပြီးတော့ ထမယ်ဆိုတာကတော့ အချိန်မရွေး တချိန် အဲလိုပဲ ထထ ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ကြိုမြင်ပါတယ်ဗျာ။ အဲဒါကြောင့် ဆွေးနွေးရအောင်ဆိုတာ ကျွန်တော်တို့ အမြဲတမ်း ပြောနေတာ ဒီသဘောဆောင်ပါတယ်၊ ”

အခုအချိန် မြန်မာ့နိုင်ငံရေးဟာ စစ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာတင် အကျပ်အတည်းတွေ့နေတာ မဟုတ်ပါဘူး အတိုက်အခံ ဒီမိုကရေစီအင်အားစုအားလုံးနဲ့ပါ အကျပ်အတည်း တွေ့နေတာပါ။ ဒီအကျပ်အတည်း တွေကနေ ကျော်လွန်နိုင် အောင် အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ လူ့ဘောင်သစ်ဒီမိုရက်တပါတီ အထွေထွေ အတွင်းရေးမှူး ကိုခင်မောင်တင့်က ယူဆပါတယ်။

ကိုခင်မောင်တင့်။ ။ “ဒီနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပြောတယ် သူတို့ အဓိက စဉ်းစား နေကြတာ က တိုင်းရင်းသားတွေပေါ့ဗျာ ဗမာပြည်မှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည်ဖြစ်တဲ့ အခါကျတော့ တိုင်းရင်းသားတွေ ကိစ္စကို မဖြေရှင်းလို့ မရဘူး တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း ဆောင်ရွက်ဖို့ လိုတယ်။ ဒါကြောင့် အပစ်ရပ် အဖွဲ့အစည်းတွေအနေနဲ့ကလည်း မိမိတို့ နယ်မြေတည်ရှိမှု တခုတည်းကို ဒီအတိုင်း ထိန်းထားလို့ မရနိုင်ဘူး။ ဒါကြောင့် တပြည်လုံး နိုင်ငံရေးနဲ့ ဘယ်လိုဆက်စပ်မလဲ၊ ဆက်စပ်နိုင်ဖို့ အတွက် ကြိုးစားသင့်တယ်လို့ ကျွန်တော်တော့ ယူဆတယ်၊ အဲလို လုပ်သင့်တယ်လို့လည်း တိုက်တွန်းချင်ပါတယ်။”

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ကျော် ရှိပါတယ်။ အဲဒီအထဲမှာ ပန်ဆန်း အခြေစိုက် ဦးပေါက်ယူချန်း ဦးဆောင်တဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အဖွဲ့ဟာ အင်အား အကြီးဆုံး ဖြစ်ပြီးတော့ ၁၉၈၉ ခုနှစ် မေလမှာ မြန်မာစစ် အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ထားတာပါ၊ ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ကတော့ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလက လက်မှတ် ရေးထိုးထားတာ ဖြစ်ပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */