အာအက်ဖ်အေ | မြန်မာနိုင်ငံသားတွေ နေ့စဉ်မပြတ် စားသုံးနေတဲ့ ငါးပိနဲ့ ငါးပိထောင်းတွေမှာ အနီရောင် ဆိုးဆေး (Rhodamine B)ဓာတ်တွေ ပါဝင် နေတာကြောင့် ပြည်သူလူထုရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ အနီရောင် ဆိုးဆေးတွေ ဆက်သုံးနေမယ်ဆိုရင် ၊ ငါးပိ လုပ်ငန်းရှင် တွေကို အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈အရ အရေးယူသွားမယ်လို့ ဧပြီလ၃၀ ရက်စွဲနဲ့ မြန်မာစစ်အစိုးရက ကြေညာချက် ထုတ်ပြန် ပါတယ်။
ဒီဥပဒေဟာ အင်္ဂလိပ်လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ ဥပဒေလို့ ဥပဒေပညာရှင်တွေက RFA ကို ပြောဆိုပါတယ် ။ ပဲခူးမြို့က ရှေ့နေ ဦးမြတ်လှကတော့ ဥပဒေဆိုတာ ထုတ်တိုင်းလည်း မကောင်းဘူးဆိုတဲ့ အကြောင်း ၊ ဥပဒေမှာ ထိရောက်တဲ့ ဥပဒေနဲ့ ထိရောက်မှု မရှိတဲ့ ဥပဒေ ဆိုတာမျိုး ရှိကြောင်း RFA ကို ရှင်းပြပါတယ် ။
ဦးမြတ်လှ။ ။ “ဥပဒေဆိုတာက ထိရောက်တဲ့ ဥပဒေရှိတယ်၊ မထိရောက်တဲ့ ဥပဒေ ရှိတယ်ဗျ။ ဒီ ဥပဒေကတော့ ဘယ်လောက်ပဲ ထုတ်ထုတ် ကျွန်တော်ထင်တယ် လူတွေကတော့ ငါးပိစားတာကိုတော့ လျှော့မယ် မထင်ဘူး။ အခု ဝက်သားဆိုပါတော့ဗျာ၊ ဟာ ဝက်သားက ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဟာ ဒီမှာဆို ဝက်သားသည်ဆိုတာ မနက်က ခြေချင်းကို လိမ်နေတာပဲ။ နည်းနည်း ဈေးလေး ကျသွားတာ တခုပဲ၊ အဲဒီတော့ ဒီ အစားအသောက် ကြောင့်တော့ လူတွေက မလျှော့ကြပါဘူး။ ကျွန်တော့အမြင်ကတော့။”
ငါးပိဆိုတာဟာ မြန်မာလူမျိုးတွေ အနှစ်သက်ဆုံး အစားသောက်ထဲမှာ ပါဝင်ပြီး ၊ နေ့စဉ် ဆေးစွဲသလို စားသုံး နေရတာ ဖြစ်ကြောင်း ရှေ့နေကြီး ဦးမြတ်လှက ၊ အိမ်တအိမ်ရဲ့ စားသုံးမှု အခြေအနေကို ဆက်ရှင်းပြပါတယ် ။
ဦးမြတ်လှ။ ။ “ကျွန်တော်တို့ကတော့ဗျာ၊ ကျွန်တော်တို့အိမ်က မိန်းကလေးတွေကလည်း ငါးပိကိုပဲ စားနေကြ တာပဲ နေ့တိုင်း၊ ကျွန်တော်တို့ကလည်း အခု ၇၀ကျော်လာပြီ။ ငါးပိနဲ့ပဲ စားနေကြတာပဲ။ ကျွန်တော်တို့ကတော့ ဘာမှ မဖြစ်ဖူးဗျာ။ အခုကျမှ သူတို့က ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာ အကြောင်းအမျိုးမျိုးတွေ ပြပြီးတော့ အဲဒါ ကန့်သတ်ကုန်ကြတာပဲ။ ဒီမှာတော့ ဘယ်သူမှလည်း အဲဒီလို ဟိုဒင်း ဖြစ်လို့ ဆိုပြီးတော့ လျှော့စားတဲ့ လူလည်း မတွေ့ပါဘူး၊ ငါးပိမပါရင် မစားနိုင်တဲ့လူ၊ အခု ဒညင်းသီး ပေါ်ချိန်လေး ဆိုတဲ့အခါကျတော့ အမလေး ဒညင်းသီးနဲ့ ငါးပိရည်နဲ့များ စားရရင် ကျွန်တော့အိမ်က သမီးတွေများဆိုရင် သဘောကျလွန်း၊ ကြိုက်လွန်းလို့ ဆိုတာ စားနေကြတာပဲဗျ။”
မြန်မာစစ်အစိုးရဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း လက်ဖက်တွေမှာ ဆိုးဆေးတွေ ပါဝင်တာကြောင့် မစားသုံး သင့်ဘူးလို့ ကြေညာခဲ့ပြီး လက်ဖက် လုပ်ငန်းရှင်တွေ အရောင်းကျတာမျိုးနဲ့ ကြုံခဲ့ရကြောင်း သိရပါတယ်။
source by : အာအက်ဖ်အေ
0 comments:
Post a Comment