တရားလိုပြသက်သေ (၅) ဦးအား ပြန်လည်စစ်မေးရန် တင်ပြထား

Friday, May 22, 2009 ·

မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည်တို့အား အမှုဖွင့်စဉ်က တပ်ထားသည့် ပုဒ်မများအတိုင်း တရားသူကြီးထံ ယနေ့ (၅)ရက် မြောက် စစ်ဆေး ကြားနာ အပြီးတွင် အမှုစွဲတင်လိုက်ပြီဖြစ်သည်။

“ဒီနေ့တရားလိုပြ သက်သေနှစ်ဦးစစ်ပါတယ်။ တရားလိုပြ သက်သေ စစ်မေးအပြီး ညနေ (၄)နာရီ (၁၅) မိနစ်မှာ တရားသူကြီးဆီကို အမှုစွဲတင် လိုက်ပါတယ်။ အမှုစွဲတင်လိုက်တော့ တရားသူကြီးက မစ္စတာ ယက်တောကို အပြစ်ရှိသလားလို့ မေးတော့ သူက ဒေါ်အောင်ဆန်းစုကြည်မှာ လုပ်ကြံခံရမယ့် အန္တရာယ်ရှိတယ်လို့ သူ့စိတ်ထဲမှာ မြင်လို့ သတိပေးဖို့ သူလာတာတဲ့။ အဲဒါကြောင့် အပြစ် မရှိပါဘူးလို့ ဖြေသွားပါတယ်။ နောက် သူ့ကို အင်းလျားကန် ထဲမှာ ရေကူးတဲ့ အတွက် မြူနီစပယ် ဥပဒေနဲ့ အမှုဖွင့်ထားတာရှိတယ်။ အဲဒီအမှုအတွက် အပြစ်ရှိသလားလို့ မေးတော့လည်း မရှိဘူးလို့ ဖြေပါတယ်။ ဘာလို့ ရေကူးတာလဲလို့မေးတော့ သူဟာ ရေပေါ်မှာ လမ်းမလျှောက်တတ် လို့ ရေးကူးတာပါလို့ ဖြေတယ်တဲ့” ဟု အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်း တို့ကလည်း စွဲဆိုထားသော ပုဒ်မများကို ၎င်းတို့ ကျူးလွန်ထားခြင်း မရှိသည့် အတွက် အပြစ်မရှိဟု ဖြေကြားခဲ့ကြကြောင်း သိရသည်။

ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက စစ်မေးပြီးခဲ့သော တရားလိုပြသက်သေများထဲမှ (၅) ဦးကို ပြန်လည် စစ်မေးရန် တင်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား အမှုစွဲဆိုထားခြင်းကို မေ (၁၈) ရက်မှ မေ (၂၂) ရက်အထိ ဆက်တိုက် တရားရုံးတင် စစ်မေးခဲ့ပြီးနောက် လာမည့် တနင်္လာနေ့သို့ ရုံးချိန်းလိုက်သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အမှုစွဲဆိုနေမှုကို မေလ (၂၀) ရက်တွင် နိုင်ငံတကာ သံတမန် များနှင့် စာနယ်ဇင်း သမားအချို့ကို မွန်းလွဲပိုင်း တရားခွင်သို့ တက်ရောက် နားထောင် ခွင့်ပြုခဲ့သော်လည်း ယမန်နေ့မှစ၍ တက်ရောက်ခွင့်မပြုတော့ပေ။

“နိုင်ငံရေးနဲ့ ဆက်နွယ်သူတွေရဲ့ အမှုတွေကို အများပြည်သူကြားနာခွင့်မရှိတာကြာပါပြီ။ ကျောင်းသား ခေါင်းဆောင် တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း အများမမြင်ကွယ်ရာမှာ စစ်ဆေးပြီး နှစ်ရှည် ထောင်ဒဏ်တွေချခဲ့ တယ်။ အများပြည်သူမပြောနဲ့ ဆွေမျိုးသားချင်းတွေတောင် တက်လို့မရခဲ့ကြဘူး။ အန်ကယ်လ် ကိုယ်တိုင် တရားစွဲဆို ခံရတုန်းကလည်း ရှေ့နေလည်းမပါ၊ မိသားစုလည်းတွေ့ခွင့်မရ၊ တရားသူကြီးရယ် တရားလို ရှေ့နေရယ်၊ စာရေးရယ် အဲဒီလောက်နဲ့ပဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။ ဒါ့ကြောင့် မြန်မာ့ တရားစီရင်ရေးဟာ လုံးဝပျက်ယွင်းနေပါပြီလို့ ပြောလို့ရပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ယင်းကဲ့သို့ မြန်မာစစ်အစိုးရက တရားစီရင်ရေးစနစ်ကို လက်ကိုင်တုတ်သဖွယ် အသုံးပြုနေကြောင်း မြန်မာ့အရေး ဆောင်ရွက် နေကြသူများ၏ ထောက်ပြချက်များ ပေါ်ထွက်နေသကဲ့သို့ အကျယ်ချုပ်ချထားခံရစဉ် လုံခြုံရေး စည်းကျိုး ပေါက်ကာ နေအိမ်အတွင်း နိုင်ငံခြားသားတဦး ကျူးကျော်ဝင်ရောက်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည် အား အထူးတရားရုံးတင် စစ်ဆေးနေခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက နအဖ စစ်အစိုးရကို ဖိအားပေးနေကြသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းကလည်း မြန်မာနိုင်ငံသို့ မကြာမီအချိန်အတွင်း သွားရောက်နိုင်ရန် မျှော်လင့်ကြောင်း၊ ယင်းခရီးစဉ်အတွက် မြန်မာအစိုးရကို ညှိနိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အမြန်ဆုံး သွားရောက် လိုသည့် ဆန္ဒရှိကြောင်း စီအန်အန် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်းပြောကြားသွားသည်။

မစ္စတာ ဘန်ကီမွန်းသည် မကြာသေးမီကပင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီ ဖြစ်စဉ်ဆီကို သွားရန် ပြောဆိုတိုက်တွန်းခဲ့သည်။

ယခု ဘန်ကီမွန်း၏ ခရီးစဉ်နှင့်ပတ်သက်၍ ဦးအေးသာအောင်က “အခုတော့ ဒေါ်အောင်ဆန်းစုကြည်အိမ် လုံခြုံရေးမကောင်းလို့ နိုင်ငံခြားသား ၀င်ရောက်တဲ့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သက်သေနေရာမှာပဲ ရှိရမယ့်အစား တရားစွဲဆို စစ်ဆေးခံ နေရတယ် ဆိုတော့ မစ္စတာဘန်ကီမွန်းရဲ့ တိုက်တွန်းချက်တွေကို သွေဖည်နေတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုတရားစွဲတယ်ဆိုကတည်းက ပြစ်ဒဏ်တခုခုချတော့မယ့် အရိပ်အယောင် မြင်နေရပါတယ်။ ဒီလိုမြန်မာ့နိုင်ငံရေး အဆိုးဆုံးအခြေအနေ ရောက်နေချိန်မှာ လာမယ် ဆိုတော့ အကောင်းဆုံးတွေ မရနိုင်တောင် အဆိုးဆုံး အခြေအနေတွေကို ရှောင်လွှဲပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

သို့ရာတွင် အာဏာပိုင်များအနေဖြင့် ၎င်းတို့လုပ်လိုသည့် ရလဒ်ပေါ်ထွက်အောင် လုပ်တတ်သည့် အစဉ်အလာ ရှိကြောင်း၊ ထို့ကြောင့် မစ္စတာဘန်ကီမွန်းအနေဖြင့် အဆောတလျင် လာရောက်နိုင်ရန် အားထုတ်မှသာလျှင် အဆိုးဆုံးအခြေအနေများကို ကျော်လွှား နိုင်မည်ဖြစ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */