ဆော်လမွန် | နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း တရားမဝင် ဝင်ရောက်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ အမေရိကန် လူမျိုးတဦးနှင့် မိမိတို့ တွေ့ဆုံခွင့် မရသေးကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ပြောသည်။
မြန်မာအာဏာပိုင်များက John William Yeattaw ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသူ အထိန်းသိမ်းခံ အမေရိကန် လူမျိုးနှင့် တွေ့ခွင့်တောင်းထားသည့် မိမိတို့၏ မေတ္တာ ရပ်ခံချက်ကို မြန်မာအစိုးရက တုံ့ပြန်မည်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်မေး (Richard Mei) က ပြောသည်။
“ဒီပုဂ္ဂိုလ်နဲ့ တွေ့ခွင့်ရဖို့ (မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန) ကို ကျနော်တို့ ခွင့်တောင်းထားပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှ တုံ့ပြန်မှု မရသေးပါဘူး” ဟု မေး က ပြောသည်။
“ကျနော်တို့ နောက်ထပ် ဘာသတင်းမှ ထပ်မကြားသေးပါဘူး။ ဒီပုဂ္ဂိုလ်နဲ့ တွေ့ရဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အခုထိ ကျနော်တို့ ဘာမှ အောင်မြင်မှု မရသေးပါဘူး” ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံ၏ တရားဝင် သတင်းစာဖြစ်သော မြန်မာ့အလင်း သတင်းစာ၏ ကြာသပတေးနေ့ထုတ်တွင် အဆိုပါ Mr. Yeattaw သည် ရန်ကုန်မြို့ အင်းယားကန်ဘေးရှိ နိုဘယ်ဆုရှင် အကျယ်ချုပ် ချခံနေရသည့် နေအိမ်သို့ ရေကူး၍ သွားရောက်ခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။ အဆိုပါ နေအိမ်တွင် သူမသည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော် နေထိုင်ခဲ့ရသည်။
သူ့အား စစ်မေးရာတွင် Mr. Yeattaw က သူသည် မေလ ၂ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်းနှင့် မေ ၃ ရက် တနင်္ဂနွေနေ့တွင် အင်းယားကန်ကို ဖြတ်ကူး၍ လုံခြုံရေး ထူထပ်စွာ ချထားသော ဒေါ်အောင်ဆန်း စုကြည်၏ ကိုလိုနီခေတ် ပုံစံ နေအိမ်တွင် မေလ ၅ ရက်နေ့ အထိ နေထိုင်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သတင်းစာက ရေးသားထားသည်။
အင်းယားကန်ကို ဖြတ်ကူး၍ ပြန်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၆ ရက် နံနက်ခင်းတွင် ဖမ်းဆီးရမိ ခဲ့သည်ဟု အဆိုပါ သတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။
ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးမေးမြန်းရာတွင် သူမက မိမိထံလာသော အဆိုပါ ဧည့်သည်၏ ဝင်ရောက်လာမှုသည် ‘တရားမဝင်’ ဖြစ်ပြီး၊ ‘လက်ခံနိုင်ဖွယ်လည်း မရှိကြောင်း’ ပြောဆိုခဲ့သည်ဟု သောကြာနေ့က DPA သတင်းဌာန၏ သတင်းပေးပို့မှုတွင် ဖော်ပြထားသည်။
အမည်မဖော်သော လုံခြုံရေး အရာရှိကို ကိုးကားဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အထပ် ၂ ထပ်ရှိ သူမ၏ နေအိမ်အောက်ထပ်တွင် ထားရှိခဲ့သည်ဟု ရေးသားထားသည်။
ထိုအတောအတွင်း အမေရိကန် သံရုံးကလည်း အမေရိကန် နိုင်ငံသားများနှင့် ပတ်သက်၍ သူတို့ တာဝန်ရှိသည့် အတိုင်း တွေ့ဆုံခွင့်ရရန်နှင့် အချက်အလက်များကို စိစစ်ရန် ကြိုးစားနေကြောင်း ပြောသည်။
“ဒီပုဂ္ဂိုလ်နဲ့တွေ့ပြီး စကားပြောခွင့်ရဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အခုထိတော့ မအောင်မြင် သေးပါဘူး” ဟု ရစ်ချတ်မေးက ပြောသည်။
“သူ ဘယ်မှာရှိတယ်ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ကျနော့်စိတ်ထဲ ထင်နေတာကတော့ သူ့ကို စစ်ဆေး မေးမြန်းဖို့ ထိန်းသိမ်းထားတယ် ထင်တာပါပဲ” ဟု သူက ဆက်လက်ပြောကြားသွားခဲ့သည်။
ဤသို့ သွားရောက်တွေ့ဆုံမှု၏ အကြောင်းရင်း စေ့ဆော်မှုကို ရှင်းလင်းစွာ မသိရသေးသော်လည်း ဤသို့ ပြုလုပ် ခြင်းသည် လူအများ လေးစားကြည်ညိုခံရသော အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေကြောင်း မြန်မာအတိုက်အခံများက ရှုတ်ချပြောဆိုလိုက်သည်။
မြန်မာကျောင်းသားလူငယ်များ ခေါင်းဆောင်သည့် နိုင်ငံရေးပါတီ တရပ်ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ (DPNS) ကလည်း ဤဖြစ်ရပ်သည် ဝမ်းနည်းဘွယ်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည်၏ ပုဂ္ဂိုလ်ရေး သိက္ခာနှင့် ပုံရိပ်ကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
“ဒီအဖြစ်အပျက်ဟာ သာမန် တိုက်ဆိုင်မှု တရပ်ပါလို့ ပြောတာကို ကျနော်တို့က သံသယရှိတယ်။ ဒါ ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံရေး အရရော၊ ပုဂ္ဂိုလ်ရေး အရရော သိက္ခာချဖို့လုပ်တဲ့ အကြံအစည် တရပ်သာ ဖြစ်တယ်” ဟု DPNS ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်း က မဇ္ဈိမကို ပြောသည်။
“ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ စစ်အစိုးရ ပါဝင် ပတ်သက် နေတာ မရှိဘူးလို့လည်း မပြောနိုင်ဘူး” ဟု သူက ပြောသည်။
“ဒီအတောအတွင်း သေချာတာ သက်သေပြလို့ ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်မှာ လုံခြုံမှု မရှိဘူးဆိုတာ ဖော်ပြနေတာပဲ။ ပိုအရေးကြီးတာက စစ်အစိုးရရဲ့ လုံခြုံရေးစနစ်မှာ အားနည်းပျော့ညံ့မှု ရှိတယ်ဆိုတာကို ပြနေတာပဲ” ဟု ကိုငွေလင်းက ဆိုသည်။
ဒေါ်အောင်ဆန်း စုကြည်အား တွေ့ဆုံခွင့်ရသူ အနည်းငယ်ထဲမှ တဦးဖြစ်သူ သူမ၏ ရှေ့နေ ဦးကြည်ဝင်းကလည်း သူမ ခြံဝင်း တံခါးဝတွင် လုံခြုံရေးများ ထူထပ်စွာ ချထားသော်လည်း နေအိမ်ဝင်းအတွင်းတွင်မူ လုံခြုံရေး တာဝန်ယူထားသူ အများအပြားကို သူ မတွေ့မြင်ခဲ့ရကြောင်း ပြောသည်။
“ကျနော် သူ့ကို သွားတွေ့တုန်းက အိမ်ဝင်းအပြင်ဘက်မှာ အစောင့်တွေ တွေ့တယ်။ ဒါပေမဲ့ ခြံဝင်းထဲမှာတော့ တယောက်မှ မတွေ့ခဲ့ဘူး” ဟု ဦးကြည်ဝင်းက ပြောသည်။
ဤဖြစ်ရပ်သည် သူမအား ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် စစ်အစိုးရက အကွက်ချ ပြင်ဆင်လုပ်ကိုင်မှု ဖြစ်နိုင်ကြောင်း ကိုငွေလင်းက ပြောသည်။
၂ဝဝ၃ ခုနှစ် မေလက နောက်ဆုံးအကြိမ် ဖမ်းဆီးခြင်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂၇ ရက် နေ့တွင် တဆက်တည်း ထိန်းသိမ်းခံခဲ့ရသည်မှာ ၆ နှစ် ပြည့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဥပဒေအရ သူမကို တဆက်တည်း ၅ နှစ်ထက်ပို၍ ထိန်းသိမ်းထားခွင့် မရှိပါ။ သူမအား ဖမ်းဆီး ထိန်းသိမ်းထားမှုကို ယမန်နှစ်က နောက်တကြိမ် သက်တမ်း တိုးလိုက်သည့်အတွက် စစ်အစိုးရသည် သူတို့၏ ဥပဒေကိုပင် ပြန်လည် ချိုးဖောက်ခဲ့ကြောင်းဖြင့် နယူးရောက်မြို့ရှိ သူမ၏ ရှေ့နေ နောက်တဦးကလည်း ပြောဆိုထားသည်။
“ဒါ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားချင်လို့၊ ပြန်ဖမ်းထားပြီး စွဲချက်တင်ချင်လို့ လှည့်ကွက် လုပ်တာလဲ ဖြစ်နိုင်တယ်လို့ ကျနော်တို့က သံသယရှိတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ နေအိမ် အကျယ်ချုပ် သက်တမ်းက ပြည့်ခါနီးနေပြီ” ဟု ကိုငွေလင်းက ပြောသည်။
ဤအတောအတွင်း ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) ၏ ဥက္ကဋ္ဌ ဦးသိန်းဦးကလည်း ဤဖြစ်ရပ်က အတိုက်အခံ ခေါင်းဆောင်တွေအပေါ် ကာကွယ်မှုပေးရာမှာ စစ်အစိုးရ၏ တာဝန်မဲ့မှုနှင့် ပေါ့ဆမှုကို သက်သေပြနေကြောင်း ပြောသည်။
“သူ (ဒေါ်အောင်ဆန်းစုကြည်) ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ခေါင်းဆောင်ပါ။ သူ့ကို နေအိမ်အကျယ်ချုပ် ချထားပြီး၊ သူ့လုံခြုံရေးကို တာဝန်ယူထားတာကြောင့် သူ့မှာ လုံခြုံရေး အပြည့်အဝ ရှိသင့်ပါတယ်” ဟု ဦးသိန်းဦးက ပြောသည်။
source by : မဇ္ဈိမ
ခြံဝင်းအတွင်း ကျူကျော်ဝင်ရောက်သူနှင့် တွေ့ခွင့်ရရန် သံရုံးက စောင့်ဆိုင်းနေ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment