အာအက်ဖ်အေ | ထောင်ဒဏ် ၆၅ နှစ်ခွဲနဲ့ ရှမ်းပြည်နယ် ကျိုင်းတုံထောင်မှာ ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေးအခြေအနေ သိပ်မကောင်းဘူးလို့ စုံစမ်းသိရှိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ဝဲ) နှင့် ကိုကိုကြီး (ယာ) တို့ ယခင်တကြိမ် ထောင်မှ လွတ်လာခါစ ၂၀၀၅ခုနှစ် မတ်လ ၁၈ရက်နေ့က မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP) |
မိသားစုနှင့်နီးစပ်သူ။ ။ “ကျွန်တော်တို့ ကြားရသလောက်ပေါ့နော်၊ မျက်လုံးကိုတော့ အထူးကုနဲ့ ပြပေးနေတယ်တဲ့။ သွေးတိုးရောဂါကတော့ သွေးကျဆေး ခဏခဏ သောက်နေရတယ်။ သွေးတိုးရောဂါလည်း တက်နေတယ်။ နောက်တခါ အရိုးကျီးပေါင်းက ဆက်မခွဲရအောင်တော့ သူတို့ လုပ်ပေးနေတယ်။ နောက် ဒီ ခြေအတက်ထွက်တဲ့ကိစ္စတော့ ဘာမှ မပြောဘူး။ ဘာလို့လဲဆိုတော့ လမ်းလျှောက်ချိန်ကလည်း နည်းတဲ့အခါကျတော့ အဲဒီကောင်က သိပ်အနှောင့်အယှက် မပေးဘူးပေါ့နော်။ လမ်းလျှောက်ချိန် နည်းနည်းပဲ ရတယ်။”
ကိုမင်းကိုနိုင်ရဲ့ အခြေအနေကို ပြောပြသွားပါ။ အဲဒီအပြင် စာအုပ်စာတမ်း ဖတ်ရှုခွင့်နဲ့ ပတ်သက်လို့လည်း ကျိုင်းတုံ ထောင်အာဏာပိုင်တွေက အနည်းငယ် ထိန်းချုပ်လာတာတွေ ရှိသလို၊ အစားအသောက် မှာယူခွင့်လည်း ကန့်သတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ကျောင်းသား ငြိမ်းချမ်းရေးဆု ရရှိထားတဲ့ ကိုမင်းကိုနိုင်ဟာ လာမဲ့ မေလ ၁၈ ရက်နေ့ ကျရင်လည်း တောင်ကိုရီယားနိုင်ငံက ချီးမြင့်တဲ့ ဂွမ်ဂျုး လူ့အခွင့်အရေးဆု ရရှိမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ထောင်ဒဏ် ၆၅ နှစ်ခွဲနဲ့ တနင်္သာရီတိုင်း ကော့သောင်း အကျဉ်းထောင်က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပြုံးချိုရဲ့ လက်ရှိ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဖခင်ဖြစ်သူ ဦးဝင်းမောင်က ပြောပါတယ်။
ဦးဝင်းမောင်။ ။ “ကျန်းမာရေးမကောင်းဘူးဆိုတာတော့ ပြီးခဲ့တဲ့ မတွေ့ရတဲ့ လက ၁လပိုင်းကပါ။ အခု ၃၀ရက်နေ့ တွေ့တယ်၊ ၁ရက်နေ့ ပြန်လာတယ်၊ အဲဒီတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာမှမပြောဘူး။ ပြီးတော့ နေရေးထိုင်ရေး အဆင်ပြေတယ်။ နောက် သူတို့ဆီကလည်းပဲ တခြား ရာဇဝတ်သားတွေ ရှိနေတော့ ဆရာဝန်ကလည်း မပြတ် လာပေးနေတော့ လာရင်လည်း ကြုံလို့ရှိရင် သူတို့ပါ ဝင်ပြပေးသွားတယ်လို့ ပြောတယ်။ အဲဒီမှာတော့ ရာဇဝတ်သား နည်းနည်းများတယ်လေ၊ အဲဒါတွေက သူတို့နဲ့ သီးခြား ခြားပေးထားတယ်။ နိုင်ငံရေးက ဇေယျာသော်ရှိတယ်၊ ဦးချစ်ခင်ရှိတယ်၊ ကိုမျိုးအောင်ရှိတယ်၊ ခြောက်ယောက် အားလုံးရှိတယ်။ သူတို့အချင်းချင်းလည်း တယောက်နဲ့ တယောက် မတွေ့ရဘူး။ ဒါပေမဲ့ လမ်းလျှောက်ခွင့်တွေ ဘာတွေ ရတယ်။ အရေးကြီးတာက သူတို့ စိတ်ချမ်းသာဖို့ အရေးကြီးတာပါပဲ။”
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ အရင်ကလည်း ထောင်ထဲမှာ နှစ်ရှည် နေထိုင်ခဲ့ရသလို အခုချိန်မျာလည်း နယ်စွန်နယ်ဖျားထောင်တွေကို ပို့ထားတဲ့အတွက် အများစုက ကျန်းမာရေး ချို့ယွင်း နေကြကြောင်း မကြာခဏ ကြားသိနေရပါတယ်။
အလားတူပဲ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ် အကျဉ်းထောင်မှာရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဟာ ကျန်းမာရေးမကောင်းဘူးလို့ မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကိုကိုကြီးဆီက ပေးပို့လိုက်တဲ့ စာမှာ သူဟာ လက်ရှိမှာ အသည်းရောဂါနဲ့ ဂရင်ဂျီနာ ရောဂါ ခံစားနေရကြောင်း ကိုကိုကြီးရဲ့ ညီဖြစ်သူ ကိုအောင်ထွန်းက RFAကို အခုလို ပြောပါတယ်။
ကိုအောင်ထွန်း။ ။ “သူတို့ဟိုမှာ သွေးစစ်တော့ ဘီပိုးရှိတယ်လို့ ပြောတယ် နောက်တခုက စအိုမှာ ဖြစ်တာပေါ့လေ၊ အဲဒါလည်း အရည်ထွက်နေတာ များတာပေါ့။ နေရထိုင်ရ ခက်တာပေါ့ အဲဒီဘီပိုးက ရှိနေတော့ အသည်းကြီးမယ်၊ အစာချေရခက်တာပေါ့၊ အစာမကျေဖြစ်တာ အရင်ထဲကလည်း ဖြစ်တယ်။ အခုဟာက ဟိုမှာဆိုရင်တော့ ပိုဆိုးမှာပေါ့ လောလောဆယ်တော့ စစ်တော့စစ်တယ်။ သွေးစစ်တာတော့ အဲဒါ ပေါ်တယ်ပြောတယ်။ စာပဲလာတာလေ၊ သူက အဲဒီလိုပြောတယ်။ အခုနောက်ဆုံးတခေါက်က ရတဲ့စာမှာ။”
ကိုကိုကြီးရဲ့ ရောဂါနဲ့ ပတ်သက်လို့ ထောင်ကနေ စစ်ဆေးပေးတာပဲ ရှိပြီးတော့ ထိရောက်တဲ့ ကုသမှုတော့ အခုထိ မရှိသေးဘူးလို့ သိရပါတယ်။ သူ့ရဲ့ရောဂါကို ကုသဖို့အတွက် ပြင်ဆင်ထားပုံနဲ့ ကိုကိုကြီးကို ထောင်ဝင်စာ သွားတွေ့ရမှာ အခက်အခဲရှိပုံကိုလည်း ကိုအောင်ထွန်းက အခုလို ဆက်ပြောပြပါတယ်။
ကိုအောင်ထွန်း။ ။ “ပါစင့်နစ်ကို ချပေးရမှာကိုး ဆေးနဲ့ ပိုးသတ်ဆေး တော်တော်ကြာကြာ သောက်ရမှာတဲ့။ ဒီအတိုင်းထားရင်တော့ သူက အသည်းကျွတ်နာ ဖြစ်ပြီးတော့ ကင်ဆာအထိ ဖြစ်နိုင်တာပေါ့။ အသည်းက အဲဒါကြောင့်မို့လို့လည်း ဆေးတော့ ပို့ထားတာပဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဘီပိုး လျော့ပါးအောင် ထိန်းထားနိုင်တဲ့ဟာပဲ ဖြစ်ဖြစ်ပေါ့။ ထပ်ပေးဖို့လုပ်ထားတယ်။ လူမရောက်ပေမဲ့ ကြားထဲမှာ ပါဆယ်တော့ တခါပို့လိုက်တယ်။ ၂ ခါရှိပြီပေါ့။ ကျနော် လောလောဆယ် လုပ်နိုင်တာက ဆေးပို့ထားတယ်၊ လုပ်နိုင်တာကိုတော့ လုပ်ထားတယ်၊ တခေါက်တော့ လူထပ်သွားလိုက်အုံးမယ်။ တခါတခါ သွားတာလည်း မလွယ်ဘူးဗျ၊ ငွေရေးကြေးရေးရော၊ နောက်တခုက ဝေးလည်း ဝေးတော့လေ အလုပ်တဖက်နဲ့လည်း ဖြစ်နေတော့။”
ရှမ်းပြည်နယ် မိုင်းဆတ်ထောင်ကို ရောက်နေတဲ့ ကိုကိုကြီးကို အခက်အခဲတွေကြောင့် မိသားစုဝင်တွေက ထောင်ဝင်စာ ၂ ကြိမ်ပဲ သွားတွေ့နိုင်သေးတယ်လို့ သိရပါတယ်။ နောက်ဆုံး တွေ့ခဲ့တာကတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီအချိန်တုံးကတော့ ကိုကိုကြီးရဲ့ ကျန်းမာရေးဟာ အခုလောက် အခြေအနေ မဆိုးသေးဘူးလို့ သိရပါတယ် ။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ကျောင်းသား ခေါင်းဆောင်တွေကို မြန်မာ စစ်အစိုးရက ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ၆၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီးတော့ မိသားစုနဲ့ ဝေးလံတဲ့ အကျဉ်းထောင်တွေကို ရွှေ့ပြောင်းခဲ့ပါတယ်၊
မြန်မာစစ်အစိုးရ အကျဉ်းထောင်တွေမှာ အာဏာပိုင်တွေရဲ့ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတာ၊ အစားအသောက် အနေအထိုင် ဆင်းရဲညံ့ဖျင်းမှုတွေကြောင့် ကျန်းမာရေး ချို့တဲ့လာနေတဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အများအပြားရှိနေတဲ့ အကြောင်း မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
source By : အာအက်ဖ်အေ








0 comments:
Post a Comment