ဒေါ်အောင်ဆန်းစုကြည် တရားခွင်အကြို အင်းစိန်တွင် လမ်းပိတ်ပြီ

Monday, May 18, 2009 ·

စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုသစ်များ ပြုလုပ်ရန် ဥရောပသမဂ္ဂ စဉ်းစားနေပြီ
တနင်္လာနေ့၊ မေလ 18 2009 15:15 - မြန်မာစံတော်ချိန်

ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်များ ပြုလုပ်ရန် တိုက်တွန်းလိုက်ပြီး စစ်အစိုးရ၏ မဟာမိတ် တရုတ်ကိုလည်း ဖိအားပေးမှု ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လုပ်ပါရန် ယနေ့တွင် တိုက်တွန်းလိုက်သည်။

“ပိတ်ဆို့အရေးယူမှုတွေ နောက်ထပ် အားသစ်လောင်းဖို့ ကျနော်တို့ ဆွေးနွေးသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ချက် နိုင်ငံခြားရေးဝန်ကြီး Jan Kohout က ပြောဆိုလိုက်သည်။

“ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုပါတယ်” ဟု သူက ထပ်ပြောသည်။

ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများသည် ပြီးခဲ့သည့်နှစ် ဧပြီလမှသည် ၂ဝ၁ဝ ဧပြီလတိုင်အောင် စစ်အစိုးရ အကြီးတန်း ခေါင်းဆောင် ၅ဝဝ ခန့်နှင့် သူတို့၏ ဆွေမျိုးများ အပါအဝင် စစ်အစိုးရနှင့် ပေါင်းကာ စီးပွား ဖြစ်ထွန်းနေသူ လုပ်ငန်းရှင် ၈ဝ ခန့်ကို တားမြစ်ပိတ်ပင်မှု ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။
--------------------------

ဦးဥာဏ်ဝင်းနှင့် ရှေ့နေများ ပြန်ထွက်လာ
တနင်္လာနေ့၊ မေလ 18 2009 14:50 - မြန်မာစံတော်ချိန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ကို ရဲကားဖြင့် အင်းစိန်ထောင်မှသည် ရန်ကုန်မြို့ထဲဘက်သို့ ခေါ်ဆောင်သွားပြီ ဖြစ်သည်။

ထောင်အနီး စောင့်ဆိုင်းကြသော လူအများအပြားလည်း လူစုခွဲမှု စတင် ပြုလုပ်နေကြောငfး သိရှိရသည်။
--------------------------

အင်းစိန်ထောင်ရှေ့ အခြေအနေ
တနင်္လာနေ့၊ မေလ 18 2009 14:00 - မြန်မာစံတော်ချိန်

နောက်ဆုံး ရရှိသော သတင်းအရ အင်းစိန်ထောင်အနီး ရဲ၊ စွမ်းအားရှင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ များပြားနေဆဲ ဖြစ်သည်။

“အခုထိတော့ ဘာမှ မထူးသေးဘူး။ အင်းစိန်ထဲကို ယင်ကောင်တောင် ဝင်လို့မရဘူး။ ဘယ်လူငယ်မှ မဝင်ပါဘူး။ မနက်ကတည်းက အင်းစိန်ထောင်ရှေ့ ရောက်နေတော့ မြို့ထဲ အခြေအနေ မသိသေးဘူး။ ” ဟု အခြေအနေကို စောင့်ကြည့်နေသူ တဦးက ပြောသည်။

“အင်းစိန်ထောင်ရှေ့ အခြေအနေကတော့ ဒီအတိုင်းဘဲ။ ထိုင်စောင့် နေကြတယ်။ လူအင်အား ကတော့ တဖြည်းဖြည်း များလာတယ်။ ပြည်သူတွေပါ ရောက်လာတာကိုး။ လူအင်အားကတော့ များလာတယ်။ များလာပေမယ့် ပုံမှန်အတိုင်းဘဲ ထိုင်စောင့်နေတယ်။ ” ဟု သူက ပြောသည်။

“သတင်းထောက်တွေလည်း ရောက်နေတယ်။ လာပေမယ့် သူတို့လည်း ဘာမှ မသိဘူး။ သတင်းစာ ရှင်းလင်းပွဲလုပ်မှဘဲ သူတို့လည်း မေးလို့ မြန်းလို့ ရမယ်။ အခုအချိန်ကတော့ ဘယ်သူ့မှ မေးလို့ မရဘူး။”
--------------------------

မိတ္ထီလာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် ဆက်သွယ်မေးမြန်းချက်
တနင်္လာနေ့၊ မေလ 18 2009 13:30 - မြန်မာစံတော်ချိန်

“နအဖက တရားဥပဒေနဲ့ တရားရုံးနဲ့ဖြစ်ဖြစ် လုပ်နေတာက သူတို့ သွားနေတဲ့ လမ်းကြောင်း ပေါ့နော်။ ဒီနေရာမှာ ရှေ့နေ ဦးကြည်ဝင်း တယောက်အနေနဲ့ ပြန်ပြီး ခုခံတယ်ဆိုတဲ့ အပေါ်မှာ ကျမတို့ အဖွဲ့ချုပ်ကနေ မြင်တာကတော့ အစကတည်းကနေ မတရားတဲ့ ကိစ္စဘဲလေ။ သူရှေ့ကသွား ကိုယ်က နောက်က လိုက်ရမဲ့ ပုံစံမျိုးပေါ့နော်။ မတရားသက်သက် လုပ်နေတယ်ဆိုတာ ထင်ရှားနေတယ်ပေါ့နော်။ မျော်လဲ မမျော်လင့်ကြဘူးပေါ့နော်။ မမြင်ရတဲ့ ကိစ္စမိုလို့ မမျော်လင့်ဘူးလို့ပြောရတာ ယုံကြည်မှုကတော့ လုံးဝကို မရှိသလောက် ဖြစ်နေတာပါ”

“အန်အယ်ဒီအနေနဲ့ကတော့ အင်မတန်ပျော့ပြောင်းတဲ့ နိုင်ငံရေး လမ်းကြောင်းကို့ ပြီးခဲ့တဲ့ ရွှေဂုံတိုင်ကြေငြာ စာတမ်းလိုဘဲ ထုတ်ပြန်ထားပြီးပြီ တဘက်ကလဲ လက်မခံဘူးဆိုတာ ပေါ်လွင်နေပြီ၊ မတရားလုပ်တဲ့ ကိစ္စဟာ လုပ်ကို မလုပ်သင့်တဲ့ ကိစ္စပါ။ အဖွဲ့ချုပ်အနေနဲ့က ဘယ်လမ်းကြောင်းကိုရွေးမလဲ ။ ကိုယ့်ရဲ့ခေါင်းဆောင်လွတ်လပ်မှုမရှိတဲ့ အပေါ်မှာ မတရားတဲ့နည်းနဲ့ အထိမ်းသိမ်းခံထားရတဲ့ လူတစ်ယောက်ကို ဖောက်ဖျတ်ကျူးလွန်တယ်ဆိုပြီးတော့ တရားစွဲဆိုတာ လုပ်ကိုမလုပ်သင့်တဲ့ အလုပ်တခုပါ။ နအဖမှာတော့ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ မရှိပါဘူး သူတို့ကတော့ ရက်စက်မှာဘဲ ယုတ်မာမှာဘဲ မတရားတဲ့ အမှုကိုလည်း မျက်ကွယ်ပြုပြီး တရားတဲ့ ပုံစံမျိုးနဲ့လုပ်နေတာ ဒါကြီးကို ကျမတို့ အနေနဲ့လည်း နောက်ကနေပြီးတော့ ဒါမဟုတ်ပါဘူးလို့ ဖြေရှင်းရတာမျိုးတက်ပေါ့နော် ရှေ့နေအနဲ့တော့ လုပ်သင့်တာ လုပ်မှာပါဘဲ”

“ကျမတို့ဟာ လူထုကို ဘယ်လိုဦးဆောင်မလဲ ဘယ်လမ်းကြောင်းကိုရွေးမလဲ လူငယ်တွေ ဟိုတစ်စု ဒီတစ်စုနဲ့ ထပ်အဖမ်းခံရတာကို မဖြစ်စေချင်ဘူး။ အဲဒါကြောင့်မို့လဲ ကျမတို့အနေနဲ့ စဉ်စားနေတယ် ဗဟိုကို တော့ အားမရတာလည်းအမှန်ဘဲ။ သူတို့မလုပ်ခဲ့လည်း လူထုက ထပေါက်ကွဲလာနိုင်တယ်။ အန်တီစုလွတ်ဖို့ကို တအားမျော်လင့်တယ်”

“NLD မပါဘဲနဲ့လည်း ဒီရွေးကောက်ပွဲကို ကမ္ဘာကလည်း အသိအမှတ်ပြုမှာမဟုတ်ဘူး ဒါပေမဲ့လည်းအစိုးရက NLD ပါ ပါ မပါပါ တိုင်းရင်းသားတွေနဲ့ ကျင်းပမှာဘဲ”

“နအဖ အနေဖြင့် NLD မပါဘဲ မရရအောင်လျောက်မယ်ဆိုတဲ့ လမ်းကြောင်းကို ရွေးချယ် သွားခဲ့မယ်ဆိုရင် တိုင်းပြည်ကငြိမ်သက်မှာ မဟုတ်ဘဲ လူထုကပေါက်ကွဲလာနိုင်တယ် အဲဒီအချိန်မှာ NLD ကလည်းနောက်ကချန်မနေဘဲနဲ့ ငြိမ်းချမ်းသောနည်းနဲ့ လူထုကို ဦးဆောင်စေချင်တယ်”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက်နယ်မြေမှ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်နှင့် ဆက်သွယ်မေးမြန်းချက်
တနင်္လာနေ့၊ မေလ 18 2009 13:30 - မြန်မာစံတော်ချိန်

“ကျနော် ကြားသလောက်ကတော့ ဗြိတိသျ သံရုံးက အင်းစိန်ထဲကို ဝင်ဖို့ ကြိုးစားတယ်။ ဗြိတိန် သံရုံးကိုတော့ ခွင့်မပြုဘူး။ အပြင်မှာ လူ ၃၀၀၀ လောက် ရှိနေတယ်လို့ ကြားတယ်။ ဒါပေမယ့် စစ်တယ်ဆိုတာ ဘာမှလဲသိလို့ မရဘူး။ NLD အောက်ခြေ ကတော့ ပေါက်ကွဲနေပြီလေ။ ပေါက်ကွဲတယ်ဆိုတော့ အခြေအနေကတော့ နည်းနည်း တင်းမာတယ်။ နအဖ က မြန်မြန် ဒီအမှုကို ပြီးချင်တယ်လို့ ကျနော်တို့ ကြားတယ်။ ပြီးချင်တယ်ဆိုတော့ မြန်မြန် ထောင်ချမယ်ပေါ့နော်။ ”

“အဲတော့ ကြည့်ရတာ နှစ်ဖက်ရဲ့ Tension ကတော့ မြင့်လာတယ်ပေါ့နော်။ လောလောဆယ်ကတော့ သူတို့ ပိတ်ဆို့မှုတွေ လုပ်နေတယ်။ လူတွေကတော့ သိချင်တဲ့ လူတွေလည်းပါတယ်။ နောက်ပြီတော့ အခြေအနေအရ ဒီပေါ်မှာ ဆန္ဒပြချင်တဲ့သူတွေလဲ ရှိလိမ့်မယ်။”

“ဒေါက်တာ တင်မျိုးဝင်းကတော့ သူရဲ့ ကျန်းမာရေး အရ လုပ်တယ်ဆိုတာဘဲ ရှိပါတယ်။ ဆရာ တင်မျိုးဝင်း အနေနဲ့ကတော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး။”
--------------------------

ဂျကာတာရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြ
တနင်္လာနေ့၊ မေလ 18 2009 12:21 - မြန်မာစံတော်ချိန်

ဂျကာတာ (မဇ္ဈိမ)။ ။ အင်ဒိုနီးရှား တတ်ကြွလှုပ်ရှားသူ ၁၅ ဦးသည် မြို့တော် ဂျကာတာမြို့ မြန်မာသံရုံးရှေ့တွင် တင်္နလာနေ့နံနက်က ကန့်ကွက် ဆန္ဒပြကြပြီး မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုလိုက်ကြသည်။

“မြန်မာ စစ်အစိုးရ အနေနဲ့ အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” ဟု ဆန္ဒပြသူတဦးဖြစ်သော မြန်မာနိုင်ငံအတွက် သွေးစည်းညီညွတ်သည့် အင်ဒိုနီးရှား လူမှုအဖွဲ့အစည်းများ အဖွဲ့ဝင် Swan Paru က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားခြင်းအပေါ် ကန့်ကွက်ရှုတ်ချသောအားဖြင့် “မြန်မာနိုင်ငံအတွက် ကမ္ဘာတဝှမ်းလှုပ်ရှားမှု” အစီအစဉ်အရ ကမ္ဘာတလွှားတွင် ကန့်ကွက်ဆန္ဒပြရန် တက်ကြွ လှုပ်ရှားသူများက ဆော်သြထားသည်။
----------------------------------

နိုင်ငံခြား သံအမှုထမ်းများကို အင်းစိန်ထောင် ဝင်ခွင့် မပြု
တနင်္လာနေ့၊ မေလ 18 2009 11:50 - မြန်မာစံတော်ချိန်

ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။
--------------------------

ဖဲကြိုးဝေသူ လူငယ်တဦး အဖမ်းခံရ
တနင်္လာနေ့၊ မေလ 18 2009 11:40 - မြန်မာစံတော်ချိန်

အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။
--------------------------

တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်
တနင်္လာနေ့၊ မေလ 18 2009 11:25 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်အခြေစိုက် သတင်းထောက်များ ပြောကြားချက်အရ မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။

အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။
--------------------------

စစ်အစိုးရကို ဘယ်လ်ဂျီယံ ရှုတ်ချ
တနင်္လာနေ့၊ မေလ 18 2009 11:15 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး Karel De Gucht က စစ်အစိုးရကို ရှုတ်ချလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားခြင်းအပေါ် နိုင်ငံတကာ၏ ကန့်ကွက်မှု စာရင်းထဲ နောက်တိုးအဖြစ် ပါဝင်လာသည်။

“စစ်အစိုးရက သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မပါနိုင်အောင် အချုပ်အနှောင်မှာ ဆက်ထားချင်တော့ အကြောင်းပြချက် လိုက်ရှာနေတာလို့ပဲ ကျနော်တော့ စဉ်းစားမိတယ်” ဟု မစ္စတာ De Gucht က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည်သာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ငန်းစဉ် တစိတ်တဒေသ ဖြစ်နိုင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက်လည်း မရှိမဖြစ် လုပ်ဆောင်ရမှာ ဖြစ်သည်ဟု ဖြည့်စွက် ပြောဆိုလိုက်သည်။
--------------------------

လူငယ်များနှင့် ကြံ့ဖွံ့တို့ ရင်ဆိုင်တွေ့
တနင်္လာနေ့၊ မေလ 18 2009 10:01 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ လမ်းပိတ်ထားသော်လည်း လူအများအပြား အင်းစိန်ထောင် အနီးသို့ ရောက်ရှိနေကြပြီး လူငယ် ၃၀ ခန့်မှာ အကျဉ်းထောင်ရှေ့သို့ ချဉ်းကပ်နိုင်ကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် ၅၀ ခန့်က လူငယ်များကို စောင့်ကြည့်နေကြပြီး ယနေ့ အစောပိုင်းက ရန်ကုန်တွင် အင်တာနက် ပြတ်တောက်သွားခဲ့သည်။


ဒေါ်စု၏ ရှေ့နေများ အင်းစိန်ထောင်တွင်းသို့ ဝင်ရောက်သွား

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် အင်းစိန် အကျဉ်းထောင်တွင်းသို့ ဝင်ရောက်သွားသည်။
--------------------------

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */