ဒေါ်အောင်ဆန်းစုကြည့် အား ဖမ်းဆီး သတင်းများ

Thursday, May 14, 2009 ·

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂၂ ဖြင့် စစ်အစိုးရက တရားစွဲ (၈)

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ယနေ့ တရားစွဲဆိုလိုက်သည်။

ယခု စွဲဆိုလိုက်သည့် ပုဒ်မ သည် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် သို့မဟုတ် ငွေဒဏ် ၅၀၀၀ ကျပ်၊ သို့မဟုတ် ဒဏ်၂ ရပ်လုံး ကျသင့် နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေကာ စောင့်ရှောက်နေသော ဒေါ်ခင်ဝင်းနှင့် မဝင်းမမ တို့ နှစ်ဦးကို ပုဒ်မ ၂၂/ ၁ဝ၉- နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမူ ရာဇသတ်ကြီး ပုဒ်မဖြင့် တရားစွဲဆိုထားသည်။

အင်လျားကန်ကို ဖြတ်ကျော်ကာ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဝီလီယံ ယက်တောကိုမူ နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁ဝ၉ ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေ တို့ဖြင့် တရားစွဲဆိုထားသည်။

လက်ရှိ တရားရုံး ရမန်ဖြင့် အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူးတိုက်တခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်။

အင်းစိန်အကျဉ်းထောင် အနောက်ပိုင်း ခရိုင်တရားရုံးတွင် ကြားနာမည်ဖြစ်ပြီ်း တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင် တို့ဖြစ်သည်။
-------------------------------

ဒေါ်စုကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထား (၇)

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်မပို့သေးဘဲ အင်းစိန်ထောင်တွင်း အထူးတိုက်တွင် ချုပ်နှောင်ထားလိုက်သည်။
-------------------------------

ဒေါ်အောင်ဆန်းစုကြည်အမှု မေ ၁၈ ရက်နေ့ ရုံးချိန်း (၆)

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လေးဦးကို အကျယ်ချုပ် ဥပဒေကို ချိုးဖောက်မှုဖြင့် စစ်အစိုးရက စွဲဆိုထားပြီး ယနေ့စတင်သော တရားခွင်က သူတို့၏ အမှုကို မေလ ၁၈ ရက်နေသို့ ရုံးချိန်းပေးလိုက်သည်။

ပုဒ်မ ၂၂ ဖြစ်သော နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံနေရစဉ် စည်းကမ်း ဖောက်ဖျက်သည်ဆိုသော စွဲချက်ဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီ စောင့်ရှောက်နေကြသော ဒေါ်ခင်ဝင်းနှင့် သမီး မခင်ထွေးတို့ကို စွဲဆိုထားသည်ဟု ဆိုသည်။

ထောင်တွင်း အထူးတရားရုံးတွင် အမှတ်မထင် ပြုလုပ်သော တရားခွင်သို့ သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသော ရှေ့နေ ဦးကြည်ဝင်းနှင့် သူ၏ လက်ထောက် ရှေ့နေ ဦးလှမျိုးမြင့်တို့ ထောင်ဗူးဝ သို့ ဒေသစံတော်ချိန် ၁၁ နာရီ ၁၅ မိနစ်ခန့်က ပြန်ရောက်လာပြီ ဖြစ်သည်။
-------------------------------

ဒေါ်အောင်ဆန်းစုကြည်အမှု စတင် စစ်ဆေး (၅)

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးတွင် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲခန့်က ရုံးထုတ်ခဲ့သည်။

အင်းစိန်ထောင် အနီးတွင် နေထိုင်သူ မျက်မြင်သက်သေ တဦး၏ အပြောအရ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ကို အစောင့်အကြပ် ထူထပ်စွာ ခြံရံ၍ အဖြူရောင် ဆလွန်းကားဖြင့် ခေါ်ယူသွားခဲ့သည်ဟု ဆိုသည်။

“ကား မနက် ၉ နာရီခွဲလောက်မှာ ဝင်သွားတာ တွေ့လိုက်တယ်။ အခုလောက်ဆို အမှုစစစ်နေပြီလို့ ကျနော် ထင်တယ်” ဟု နိုင်ငံရေးနိုးကြားသူ မျက်မြင်သက်သေက ဒေသစံတော်ချိန် ၁ဝ နာရီခွဲခန့်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်ဖြစ်သူနှင့် ရှေ့နေဖြစ်သူ ဦးကြည်ဝင်းမှာ အင်းစိန်ထောင်တွင်းသို့ ဝင်ခွင့်ရပြီး၊ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ရှေ့နေတဦးလည်းဖြစ်သူ ဦးဉာဏ်ဝင်းမှာ အခြား ရှေ့နေနှစ်ဦးဖြစ်သော ဦးအောင်သိန်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့နှင့်အတူ အကျဉ်းထောင်အတွင်းရှိ တရားရုံးသို့ ဝင်ရောက်ခွင့်ရရေးအတွက် စောင့်ဆိုင်းနေဆဲ ရှိသည်။

လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့ နံနက်စောစောက အာဏာပိုင်များက နေအိမ်မှ ခေါ်ယူသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ မည်သည့် ဥပဒေကိုမျှ ချိုးဖောက်ခဲ့ခြင်း မရှိသဖြင့် မည်သည့် စွဲချက်ဖြင့် အရေးယူမည်ကို သူမသိရှိပါဟု ဦးဉာဏ်ဝင်းက အစောပိုင်းတွင် မဇ္ဈိမကို ပြောကြားခဲ့ပါသည်။ အာဏာပိုင်များ အနေဖြင့် မည်သူနှင့်မျှ ဆက်သွယ်ခြင်း မပြုရဟူသော ကန့်သတ်ချက် အပါအဝင် သူမကို ချုပ်နှောင်ထားသည့် ထိန်းသိမ်းရေး ဥပဒေကို ချိုးဖောက်မှုဖြင့် စွဲချက်တင်နိုင်သည်ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သူမနှင့်အတူ နေထိုင်လျက်ရှိသူ အဖော် ၂ ဦး၊ သူမ၏ ကိုယ်ရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၊ သူမ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သူ အမေရိကန်လူမျိုး John William Yeattaw တို့ကိုပါ အတူ ရုံးထုတ်မည် ဖြစ်သည်။

John William Yeattaw သည် ယခင်အပတ်က အင်းယားကန်ကို ဖြတ်ကာရေကူး၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သည်။ ၂ ရက်အကြာ အင်းယားကန်ကို ရေကူး၍ ပြန်လာစဉ် သူ့ကို ဖမ်းဆီးရမိခဲ့သည်။

Yeattaw ၏ ကိုယ်ရေးရာဇဝင်ကို ဖော်ပြ ရေးသားထားသည့် ကြာသပတေးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထိုအမေရိကန် လူမျိုးသည် အမေရိကန် ပြည်ထောင်စု မစ်ဆိုရီပြည်နယ် ဖဲလ်ကွန် (Falcon) တွင် နေထိုင်သူ စစ်မှုထမ်းဟောင်းတဦး ဖြစ်သည်ဟု ဆိုသည်။

မစ္စတာ Yeattaw မည်သည့် ရည်ရွယ်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။
-------------------------------

ရှေ့နေများ အထူး တရားရုံးတွင်း ဝင်ရောက်ခွင့်ရပြီ (၄)

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းနှင့် သူ၏ လက်ထောက် ရှေ့နေ ဦးဇင်မျိုးလတ်တို့ အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးသို့ ဝင်သွားပြီ ဖြစ်သည်။

ရှေ့နေ ဦးအောင်သိန်း၊ ဦးဥာဏ်ဝင်းနှင့် ခေါ်ခင်ဌေးကြွယ်တို့က ထောင်ဝင်စာတွေ့သော အခန်းတွင် စောင့်ဆိုင်းနေရသည်။
-------------------------------

ဒေါ်စုကို ခေါ်ဆောင်စဉ် လုံခြုံရေး တင်းကြပ်ထား (၃)

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက်က အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားစဉ် လမ်းတလျောက် လုံခြုံရေး တင်းကြပ်ခဲ့သည်။

လာရောက်ခေါ်ဆောင်သော ရဲကားက ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ နံနက်စောစော ရောက်ရှိခဲ့ပြီး အင်းစိန်ထောင်ဘက်သို့ မောင်းသွားရာတွင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ကားက အရှေ့မှ မောင်းနှင်ပြီး လက်နက် ကိုင်ဆောင်ထားသော ရဲများ လိုက်ပါလာသော ကားက နောက်က လိုက်ပါခဲ့သည်။

အင်းစိန်ထောင်သို့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။

လမ်းတလျောက် လုံခြုံရေးများစွာ ချထားသည်ကို အတိုင်းသား မြင်ခဲ့ရသည်ဟု မဇ္ဈိမ သတင်းထောက်က ပြောသည်။
-------------------------------

ဒေါ်အောင်ဆန်းစုကြည်သတင်း နောက်ဆက်တွဲ ၂

“မနက် ၇ နာရီလောက် လာခေါ်မယ်လို့ အစီအစဉ် ရှိတယ်။ အခုလောက်ဆို ခေါ်သွားလောက်ပြီ ထင်ပါတယ်။ တိတိကျကျ မသိဘူး။ စီစဉ်ထားတာ ၇ နာရီပါ။” ဟု မြန်မာစံတော်ချိန် ၈ နာရီတွင် မဇ္ဈိမသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ယခုအချိန် (မြန်မာစံတော်ချိန် နံနက် ၈နာရီ )တွင် ဦးညဏ်ဝင်းနှင့် သူမ၏ရှေ့နေ ဦးကြည်ဝင်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားရာသို့ သွားရောက်နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် စောင့်ရှောက်နေသည့် သားအမိ ၂ ဦးဖြစ်သူ ဒေါ်ခင်ဝင်းနှင့် သမီး တို့ကိုလည်း စစ်အစိုးရက ခေါ်ဆောင်သွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မည်သည့် ပုဒ်မများဖြင့် စွဲဆိုပြီး ရုံးထုတ်သည်ဆိုသည်ကို အတိအကျ မသိရသေးပါ။

“ကျနော်တို့ ထင်တာကတော့ သူ့ကိုထားတဲ့ အကျယ်ချုပ် ထားတဲ့ ဥပဒေပုဒ်မ ၂၂ ပေါ့။ စည်းကမ်းဖောက်တယ်ဆိုပြီး စွဲမယ်လို့ ထင်တယ်။ တိတိကျကျတော့ မပြောနိုင်သေးဘူး။ ဘယ်ဟာကို စည်းကမ်းဖောက်တယ်ဆိုတာ ကျနော်တို့ မသိသေးဘူး။ ဥပဒေထဲပါတဲ့ စကားလုံးကိုဘဲ ကျနော်ပြောနေတာ။” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ပုဒ်မ ၁ဝ (ခ) က အကျယ်ချုပ် ထိန်းသိမ်းတဲ့ ပုဒ်မဖြစ်ပြီး ပုဒ်မ ၂၂က အကျယ်ချုပ် ထိန်းသိမ်းစဉ် စည်းကမ်းဖောက်ပါက ထိန်းသိမ်းသည့် ပုဒ်မဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ဒေါ်စုအနေဖြင့် သံရုံးများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ပါတီများနှင့် ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှပြင်ပသို့ ထွက်ခွာခွင့် လုံးဝမပြုရန်နှင့် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန်တို့ အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ထားသည်။
-------------------------------

ဒေါ်အောင်ဆန်းစုကြည်ကို အထူး တရားရုံးထုတ် (၁)

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်တွင် နေအိမ်မှ အင်းစိန် အထူးတရားရုံးသို့ ခေါ်ထုတ်သွားပြီ ဖြစ်သည်။

လက်ရှိအချိန်ဖြင့် နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲရန် စစ်အစိုးရက ပြင်ဆင်နေခဲ့ပြီး အင်လျားကန်ကို ဖြတ်၍ သူ၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား John William Yettaw အမှုနှင့် ပတ်သက်နေနိုင်သည်ဟု ယူဆရသည်။

ဒေါ်အောင်ဆန်းစုကြည်အပြင် သူနှင့်အတူ နေထိုင်နေသူ အမျိုးသမီး နှစ်ဦးကိုပါ တရားစွဲဆိုမှာလည်း ဖြစ်သည်။
---------------------
source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */