RFA | ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဧရာဝတီတိုင်းကို နာရီပိုင်းအတွင်း ဝင်ရောက် တိုက်ခတ်နိုင်ဖွယ် ရှိတယ်လို့ စစ်အစိုးရရဲ့ မြန်မာ့အသံ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ဧပြီ ၁၄ရက် မနေ့ညကစလို့ မကြာခဏ ထုတ်လွှင့် ကြေညာနေတဲ့အတွက် ပြည်သူတွေအကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။
မြန်မာ့အသံရေဒီယိုရဲ့ ဒီမုန်တိုင်းသတင်း ထုတ်လွှင့်ချက်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်က ဒေသခံတွေပါ အထူး စိုးရိမ်နေ ကြတယ်လို့ ဘိုကလေးမြို့ခံတဦးကလည်း RFA ကို ပြောပါတယ်။
ဘိုကလေးမြို့ခံ။ ။ “မုန်တိုင်းရှိနေတယ်၊ ရေဒီယိုက ခုပဲလေ အဆက်မပြတ် နားထောင်နေတဲ့ အခါကျ သိကြတာပေါ့ သိလား။ ဟို လေဖိအားနည်း ရပ်ဝန်းပေါ့နော်၊ တနာရီကို မိုင် ၄၀ မှ ၄၅မိုင်၊ အဲဒီလို ကြေညာ ထားတယ်၊ အခု ကျွန်တော်တို့ ဆီမှာလည်း မိုးတွေရွာနေတယ်။ သင်္ကြန် စနေနေ့ကတည်းက ရွာတာ။”
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်၊ မေလ ၂ ရက်က တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြောင့် လူ ၁သိန်း ၄သောင်းကျော် သေဆုံးခဲ့ရပြီး၊ သန်းနဲ့
ချီတဲ့ ပြည်သူတွေ အတိဒုက္ခရောက်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်တွေရဲ့ ကြိုတင် သတိပေးမှု အထူးအားနည်းခဲ့တယ်လို့ လေ့လာသူတွေက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။
ဒါ့ပြင် နာဂစ်မုန်တိုင်းနဲ့ပတ်သက်ပြီး မိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့ရာမှာ တနာရီကို မိုင် ၄၀နှုန်းလောက်ပဲ တိုက်ခတ် နိုင်တယ်လို့ ပေါ့ပေါ့တန်တန် ဖော်ပြခဲ့တာကြောင့် အခုဆိုရင် အာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်တွေကို ပြည်သူတွေ အယုံအကြည် မရှိကြတော့ပဲ၊ စိုးရိမ်စိတ်ကသာ ပိုများနေကြတယ်လို့ စောစောက ရန်ကုန်မြို့ခံက ပြောပါတယ်။
ရန်ကုန်မြို့ခံ။ ။ “မုန်တိုင်းက မနက်ကထိ မရွေ့လျားသေးဘူးပေါ့။ ဆက်ပြီး ငြိမ်နေတယ်၊ ငြိမ်နေရင် နည်းနည်း ပို ကြောက်စရာ ကောင်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်လည်း အဲဒီလိုပေါ့၊ နာဂစ်တုန်းကလည်း အဲဒီလိုပဲ၊ မိုင် ၄၀လို့ပဲ ပြောတာပဲ။ တကယ်တမ်းတိုက်တော့ မိုင် ၁၀၀ကျော်တာကိုး။”
ဟာဝိုင်အီကျွန်းအခြေစိုက် JTWC လို့ခေါ်တဲ့ အမေရိကန် တိုင်ဖွန်းမုန်တိုင်း ပူးတွဲသတိပေးရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ ပေါ်ပေါက်နေတဲ့ မိုးရာသီ ဆိုင်ကလုံး tropical cyclone လေဖိအားနည်း ရပ်ဝန်းကြောင့် ပင်လယ်ပြင်မှာ ၁၂ ပေ အမြင့် လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းဟာ မြောက်ဘက်ကို ရွေ့လျားဖို့ အလားအလာ ပိုများတယ်လို့လည်း ခန့်မှန်းထားပါတယ်။
source by : http://www.rfa.org/burmese/news/storm_announcement_causes_public_concern-04152009102029.html
0 comments:
Post a Comment