NEJ | ပြီးခဲ့သည့် လမှစတင်ကာ တလကျော်ဖြစ်ပွားခဲ့သည့် ၀မ်းရောဂါကြောင့် ရန်ကုန်တိုင်း သာကေတ မြို့နယ်တွင် လူ (၃) ဦး သေဆုံးခဲ့ကြောင်း မြို့နယ်ဆေးရုံမှ ဆရာဝန်တဦးက ပြောသည်။
“သာကေတ၊ ဒေါပုံ၊ ဒလနဲ့ မြို့နယ်တချို့မှာ ၀မ်းရောဂါဖြစ်နေတာ တလလောက်ရှိပြီ။ ကျနော်တို့လည်း ကုလို့နိုင် မယ် ထင်ထားတာ။ တချို့ဆေးရုံတင်လိုက်တာလည်း ပြန်ကောင်းလာတာကိုး။ ခုတော့ သာကေတ (၃) ရပ်ကွက် တခုတည်းမှာတင် လူ (၃) ယောက်သေသွားပြီ။ တခြားနေရာတွေမှာလည်း ရောဂါဖြစ်နေတာ သိပေမယ့် အသေအပျောက်တော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။
သာကေတမြို့နယ် ဆေးခန်းတခုမှ ဓာတ်ခွဲခန်းဝန်ထမ်းတဦးကလည်း ၎င်းတို့ထံ သာကေတ၊ ဒေါပုံနှင့် သင်္ကန်းကျွန်း ဘက်မှ ၀မ်းနှင့်ပတ်သက်ပြီး လာရောက်စစ်ဆေးမှုများရှိကြောင်း၊ အများစုမှာ ရေနှင့် အစားအသောက် မသန့်ရှင်းမှု ကြောင့် ကူးစက်သည့် Vibro cholera ပိုးအမျိုးအစားဖြစ်ပြီး ၀မ်းရောဂါပိုး တွေ့ရှိသူ အများစုမှာ ဆေးရုံတင်ထားရ ကြောင်း ပြောသည်။
သာကေတ (၃) ရပ်ကွက်တွင် ၀မ်းရောဂါဖြစ်ခဲ့သည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြက်ခြေနီ အလံထောင်ကာ စခန်းဖွင့်ပေးပြီး ရောဂါဖြစ်သူများကို ဆေးသွင်းခြင်းနှင့် စားဆေးပေးခြင်း စသည့် အကူအညီများ ပေးသည်ကို တွေ့ရကြောင်း မျက်မြင်တဦးက ပြောသည်။
ဝမ်းရောဂါဖြစ်ပွားခဲ့သည့် မြို့နယ်အများစုတွင် စည်ပင်သာယာမှ ပိုက်ဖြင့် ရေဖြန့်ဖြူးသည့်စနစ် မရှိသကဲ့သို့ နေအိမ်အများစုသည်လည်း စီးပွားရေး အဆင်မပြေ၍ ရေသန့် မ၀ယ်နိုင်ကြောင်း၊ ထို့အပြင် အဆိုပါ မြို့နယ် ရပ်ကွက်များတွင်ရှိသည့် ရေခဲရေ၊ ကြံရေ၊ အအေး၊ အသုတ်၊ အကင်၊ ဖရဲသီး၊ နာနတ်သီး စသည်တို့ ရောင်းချသည့် ဆိုင်များမှာလည်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိကြောင်း သာကေတမြို့နယ်မှ ဆရာဝန်တဦးက ပြောသည်။
ထို့အပြင် နေအိမ်များ၏ အိမ်သာစနစ်၊ ရပ်ကွက်များ၏ ရေမြောင်းစနစ်၊ အမှိုက်စွန့်ပစ် စနစ်များသည်လည်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိဟု သိရသည်။
လှိုင်သာယာ နှင့် ရွှေပြည်သာ မြို့နယ်တို့တွင်လည်း ၀မ်းရောဂါဖြစ်ပွားနေကြောင်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ပြောခွင့်ရသူတဦးကပြောသည်။
“ ကျနော်တို့က လှိုင်သာယာ ရေအုတ်ကန် ကျေးရွာကပါ၊ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ နေရာ ပါ၊ ကျနော်တို့ဆီမှာ လောလောဆယ် ၀မ်းပျက်တာတွေဖြစ်နေတယ်။ ကျန်းမာရေးက လာတာ မတွေ့ သေးဘူး ခင်ဗျ၊ နီးစပ်ရာဆေးခန်းကို သွားကြတာတွေတော့ရှိပါတယ် ” ဟု ရေအုတ်ကန် ရွာသား တဦးက ပြောသည်။
ယခုလဆန်းပိုင်းတွင် လှိုင်သာယာ၌ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားသူ (၃၀) ဦးခန့်ရှိပြီး သေဆုံးသူ (၃) ဦးခန့် ရှိကြောင်း မြို့နယ်တွင်း ဖွင့်လှစ်ထားသည့် ကြံ့ဖွံ့ဆေးခန်းတာဝန်ကျ တဦးကပြောသည်။
အဓိက ၀မ်းရောဂါဖြစ်ပွားရခြင်းမှာ ရေမြောင်းများတွင် နောက်ဖေးအိမ်သာလုပ်ခြင်းကြောင့် ရေမြောင်းတွင်းမှ ဖြတ်၍သွယ်ကာ အသုံးပြုသော ရေပိုက်များ ပေါက်နေရာမှတဆင့် မသန့်ရှင်းသောရေများကို အသုံးပြုမိ ခြင်းကြောင့် ဟု ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စည်ပင်သာယာ အနေဖြင့် ရေမြောင်းများရှင်းလင်းမှု မလုပ်နိုင်သည့်အတွက် ယခုနှစ်မိုးတွင်းကာလတွင် ရေဆိုးများ ကြောင့် ၀မ်းရောဂါပိုမိုဖြစ်ပွားလာနိုင်ကြောင်း ကျန်းမာရေးဦးစီးအရာထမ်းတဦးက ခန့် မှန်းသည်။
source by : http://www.khitpyaing.org/news/April_09/20-4-09d.php
ရန်ကုန်တွင် ၀မ်းရောဂါကြောင့် လူသေဆုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment