မိုးမခ | နကိုကတည်းက မမြန်ဆန်သည့် မြန်မာ့အင်တာနက် ကွန်ရက်မှာ လာမည့် သောကြာနေ့ အထိ နှေးကွေးနေဦးမည် ဟု စတုတ္တအကြိမ်မြောက် အသိပေး ကြေညာထားသည်ကို တွေ့ရှိရသည်။
မြန်မာတနိုင်ငံလုံး၏ အင်တာနက် ၀န်ဆောင်မှုပေးရာ မြန်မာတယ်လီပို့တ်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ကိုဖြတ်သန်းသွားပြီး ရေအောက်မှ တဆင့် သွယ်တန်းထားသည့် ဆီမီဝီ ၃ (SEA-ME-WE 3) ဟု ခေါ်ဆိုသည့် ဖိုင်ဘာအော့ပတစ် ကေဘယ်ကြိုးကို ပုံမှန် ပြုပြင်ထိန်းသိမ်းမှု လုပ်မည်ဟု ဆိုကာ မတ်လ ၂၁ရက်မှ စတင် နှေးကွေးခဲ့ရာမှ ပထမ ခန့်မှန်းသည့် နေ့ရက် ၂၅ရက်နေ့တွင်လည်း မပြီးစီးဘဲ အကြိမ်ကြိမ် ပြင်ဆင် ကြေညာ အသိပေးခဲ့ရာမှ ယခုတဖန် ဧပြီ ၁၇ ရက်နေ့နောက်ပိုင်း တွင်မှ ပြီးစီးလိမ့်မည် ဖြစ်သည်ဟု သိရှိရသည်။
ယခု နောက်ဆုံးကြေညာချက်တွင် ဆီမီဝီ ၃ ကေဘယ် ပြုပြင်မှုမှာ ပြီးစီးသွားသော်လည်း အခြား ချွတ်ယွင်းချက် တခုကို ပင်မ စတေရှင် အနီး ထပ်မံတွေ့ရှိရပြန်သောကြောင့် သတ်မှတ်ထားသည့် အချိန်တွင် မပြီးစီး နိုင်ဖြစ်ခဲ့ရသည်ဟု ဖေါ်ပြထားသည်။
ယခုကဲ့သို့ အကြိမ်ကြိမ် ရွှေ့ဆိုင်းကြေငြာနေသည့် အဖြစ်ကို အချို့သော အင်တာနက်သုံးစွဲသူများက အမှန် တကယ် လိုင်းပြုပြင် ထိန်းသိမ်းခြင်း ဟုတ်မဟုတ် သံသယ၀င်လျက်ရှိသည် ဟုလည်း ကြားသိရသည်။ ထိုသို့ အင်တာနက်လိုင်းများ နှေးကွေး နေစဉ်ရက်များ အတွင်း နိုင်ငံရေး လှုပ်ရှားသူ တချို့ ပြင်ပ အဖွဲ့အစည်း များနှင့် ဂျီတော့ခ်မှ ဆက်သွယ်မှုကြောင့် အဖမ်းခံရသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိ သောကြောင့် အင်တာနက် နှေးကွေးခြင်းသည် နိုင်ငံရေး လှုပ်ရှား သူများကို ခြေရာခံလိုက်ရန် အတွက်ထောင်ချောက် တခုများလားဟု တွေးဆ ပြောဆိုမှုများလည်း ရှိသည်ဟု သိရသည်။
အင်တာနက် သုံးစွဲသူများ၏ ပြောဆိုချက်အရ ယခုရက်များအတွင်း ဂျီမေးလ် ၀က်ပေ့ခ်ျမှာ အခြားသော ၀က်ပေ့ခ်ျများထက် ပိုပြီး နှေးကွေး နေသည် ဟုလည်းဆိုသည်။ ဂျီမေးလ်သည် မြန်မာနိုင်ငံတွင် လူသုံး အများဆုံးသော ၀က်မေးလ် (webmail)တခု ဖြစ်နေပြီး အင်တာနက် ဆိုင်များမှာလည်း ဂျီမေးလ်၊ ဂျီတော့ခ် သုံးစွဲသူများကို အားကိုးရပ်တည် နေကြရသည့် အနေအထားဖြစ်သည် လည်းတွေ့ရိုရသည်။
အင်တာနက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်သူများအနေဖြင့် မတ်လမကုန်မီမှ စတင်လိုက်သည့် အင်တာနက် နှေးကွေးမှုမှာ ဧပြီလ လယ်ကို ကျော်လွန် သွားသဖြင့် တလတာ နီးပါး ၀င်ငွေနစ်နာ နေသည်ဟုလည်း ပြောဆိုလျက်ရှိသည့်အပြင် ယခုကဲ့သို့ အင်တာနက် နှေးခြင်း၊ အင်တာနက် ဖြတ်တောက်ထားခြင်း ရှိနေ သော်လည်း အင်တာနက် သုံးစွဲခ လစဉ်ကြေး၊ မြန်မာသတင်းနှင့် နည်းပညာ ဖွံ့ဖြိုးရေး ကော်မတီတို့သို့ လစဉ် ပေးဆောင်ရသည့် ပီအေစီ လစဉ်ကြေးတို့ကိုမူ လုပ်ငန်း လျော့ပေါ့ပေးမည့် လက္ခဏာ တစုံတရာ မတွေ့ရ ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် အင်တာနက် သုံးစွဲသူ ဦးရေ သုံးသိန်းကျော် ရှိသည်ဟု အချို့သော ခန့်မှန်း စာရင်း ဇယားများ အရ သိရှိရပြီး အရှေ့တောင်အာရှ နိုင်ငံများအနက် အင်တာနက် ၀န်ဆောင်ခ ဈေးအကြီးဆုံး နှင့် ၀န်ဆောင်မှု အညံ့ဆုံး အဖြစ်လည်း ထင်ရှားသည်။ အင်တာနက် ၀န်ဆောင်မှုတွင် မြန်မာ့ဆက်သွယ်ရေး နှင့် မြန်မာတယ်လီပို့တ် နှစ်ခု ရှိသော်လည်း စစ်ဗိုလ်များ ကိုယ်တိုင် စီမံခန့်ခွဲသည့် မြန်မာတယ်လီပို့တ်ကသာ အဓိက ချုပ်ကိုင်ထားသည် ကိုတွေ့ရှိရသည်။
source by : http://moemaka.com/index.php?option=com_content&task=view&id=3584&Itemid=1
မမြန်သော မြန်မာ့ အင်တာနက် နှေးကွေးနေဆဲ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment