RFA | မန္တလေးတက္ကသိုလ်နားမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ကျောင်းသားတွေနဲ့ စည်ကားခဲ့တဲ့ လက်ဖက်ရည်ဆိုင်၊ မိတ္တူဆိုင်၊ စားသောက်ဆိုင်တွေကို ၃ ရက်အတွင်း အဲဒီနေရာကနေ ဖယ်ရမယ် ဆိုတဲ့ အမိန့်ကို သက်ဆိုင်ရာ စစ်တပ်က ထုတ်ပြန်ပြီး ဖျက်ခိုင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး မန္တလေးမြို့ခံတဦးက အခုလိုပြောပါတယ်။
မန္တလေးမြို့ခံ။ ။ “နဂိုကတော့ ၇၆ တပ်ရင်း ရှိတဲ့ နေရာပေါ့နော်၊ အဲဒီမှာ ဆိုင်ခန်းတွေ ငှားထားတာပေါ့နော်။ တပ်ကို လခ ပေးရတယ်ပေါ့နော်။ အဲဒီနေရာတွေက။ အဲဒီထဲမှာ ရှိတဲ့ လိုင်းယွန်း ရက်စတောရင့်ဆိုတာ တခုရှိတယ်။ အဲဒါ ၇၈လမ်းပေါ့။ အဲဒါလည်း ဖယ်ခံရတယ်။ အဲဒီတော့ အဲဒီတပ် ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂလိက ဆိုင်တွေ အားလုံးတော့ ဖယ်ခိုင်းတယ်။ ”
ဘာကြောင့်ဖျက်ခိုင်းတယ်ဆိုတာတော့ တိတိကျကျ မသိရပေမဲ့ အဲဒီနားမှာ အသစ်ဖွင့်ဖို့ ပြင်ထားတဲ့ ဓာတ်ဆီနဲ့ သဘာဝ ဓာတ်ငွေ့ဆိုင်တခုကိုတော့ ဖျက်ခိုင်းတာမတွေ့ရဘူးလို့ စောစောက မြို့ခံကပဲ ဆက်ပြောပါတယ်။
မန္တလေးမြို့ခံ။ ။ “အတည်မပြုရတဲ့ သတင်းတခုကတော့ အဲဒီ တပ်နေရာကို ပုဂ္ဂလိက ကုမ္ပဏီတခုက ဝယ်လိုက် ပြီလို့ ကြားတယ်လေ။ ကြားလို့ အဲဒီနေရာမှာ ဓာတ်ဆီတို့၊ ဒီဇယ်တို့ ဘာတို့ ထည့်လို့ရတဲ့ စတေရှင်ကြီး တခု ပေါ့နော်၊ အတော်ကို ကြီးပါတယ်။ အဲဒါကြီးကတော့ ဖွင့်မလို့ လုပ်ထားတုန်းပေါ့နော်။ အဲဒီ ဧရိယာထဲမှာပဲ။ အဲဒီတခုကတော့ မဖယ်ခိုင်းဘူး။”
စစ်အစိုးရ အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်နဲ့ ရဲဌာနတွေက နိုင်ငံတဝန်းမှာ ကိုယ့်ဌာန ရန်ပုံငွေရရေးအတွက် မြေလွတ်တွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းတာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုပဲ မကြာခဏဆိုသလို စီမံခန့်ခွဲမှု အပြောင်းအလဲ ပြုလုပ်လေ့ရှိပြီး ဆိုင်ခန်းတွေ ဖျက်ခိုင်းတာတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေက မြို့အတော်များများမှာ ရဲစခန်းတွေက သူတို့ငှားရမ်းထားတဲ့ ဆိုင်ခန်းတွေ ဖျက်ခိုင်းတဲ့ သတင်းတွေလည်း RFA က ကြေညာခဲ့ပါတယ်။
အခုလို စစ်အစိုးရအာဏာပိုင်တွေက မကြာခဏ စီမံ ခန့်ခွဲမှု ပြောင်းလေ့ရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ရတာ အတော် ခက်ခဲတယ်လို့ ပြည်သူတွေက ဝေဖန် ပြောဆိုလေ့ ရှိပါတယ်။
source by : http://www.rfa.org/burmese/news/shops_near_mandalay_university_ordered_to_vacate-04142009124441.html
0 comments:
Post a Comment