ပြည်တွင်း၌ ငွေစက္ကူအကြွေ ရှားပါး

Friday, April 24, 2009 ·

အောင်ထက် | ပြည်သူများ ငွေကြေးလဲလှယ်မှု အဆင်ပြေစေရန် ငွေစက္ကူ အသစ်များ လဲလှယ်ထုတ် ပေးနေသည်ဟု ပြည်တွင်း မီဒီယာများတွင် ဖော်ပြနေသော်လည်း လက်တွေ့တွင် ငွေစက္ကူ အကြွေများ အလွန်ရှားပါးနေကြောင်း သိရသည်။

ထိုသို့ရှားပါးနေသည့်အတွက် ပြည်တွင်းသုံးငွေကို ပြည်တွင်းသုံးငွေနှင့် အလဲအထပ်ပြုနေသည့် ဈေးကွက်မှာ ပန်းဆိုးတန်း ခြောက်ထပ်ရုံးအနီးတွင် စည်ကားနေသည်ဟု ငွေအလဲအထပ်ဆိုင်ဖွင့်ထားသူတဦးက ပြောသည်။

တပ်မတော်အစိုးရက နိုင်ငံတော်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနောက်ပိုင်းတွင် (၅၀၊ ၁၀၀၊ ၂၀၀၊ ၅၀၀၊ ၁,၀၀၀) ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေကြေးအဖြစ် ရိုက်နှိပ်ဖြန့်ချိခဲ့သည်။ သည့်မတိုင်မီက ထုတ်ဝေခဲ့သည့် (၄၅၊ ၉၀) ကျပ်တန် ငွေစက္ကူများသည် ဖျက်သိမ်းခြင်း မဟုတ်ဘဲ လုံးဝပျောက်ကွယ် သွားပြီး (၅၀၊ ၁၀၀၊ ၂၀၀) ကျပ်တန် များမှာလည်း ရှားပါးသွားကာ အဟောင်းအနွမ်း၊ အစုတ်အပြဲများဖြင့် ပြည်တွင်း၌ လှည့်ပတ် သုံးစွဲခဲ့ရသည်။

အဆိုပါ (၅၀၊ ၁၀၀၊ ၂၀၀) တန် ငွေစက္ကူအကြွေများကို (၅၀၀) တန်၊ (၁,၀၀၀) တန်များဖြင့် မိန်းကလေးများက ကားဂိတ်များတွင် စပယ်ယာများထံမှ ညနေငွေမသွင်းမီ လဲယူကာ ရရှိသည့် ငွေစက္ကူအကြွေများကို ခြောက်ထပ်ရုံး ၀န်းကျင်ရှိ အထိုင်အ၀ယ်သမားများက တိပ်ဖြင့်ဖာထေးဆက်စပ်ကာ အုပ်စည်းဖွဲ့ကြကြောင်း ဆိုင်သမားတဦးက ပြောသည်။

“စပယ်ယာရတဲ့ ငွေအကြွေတွေကို (၅၀၀) တန်၊ (၁,၀၀၀) တန်နဲ့ မိန်းကလေးတွေက လဲယူလိုက်ပြီး ကားသမား တွေက သူတို့ရဲ့ သက်ဆိုင်ရာဌာနကို ငွေအပ်တယ်။ အဲဒီမိန်းကလေးတွေက တနေ့ (၅,၀၀၀) ကျပ်၊ (၆,၀၀၀) ကျပ်လောက် စီကြတယ်” ဟု ၎င်းက ပြောသည်။

လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တို့မှ ၎င်းတို့လိုအပ်သော အကြွေငွေစက္ကူများအတွက် (၅၀) ကျပ်တန် တအုပ်ကို အပိုကြေး (၂,၀၀၀) ကျပ်၊ (၁၀၀) ကျပ်တန်တအုပ်ကို (၁,၅၀၀-၂,၀၀၀) ကျပ်၊ (၂၀၀) ကျပ်တန် တအုပ်ကို (၆၀၀) အပိုဆောင်းပေးကာ အထိုင်အ၀ယ်သမားတို့ထံမှ လဲလှယ်ဝယ်ယူကြရကြောင်း၊ ဥပမာ အားဖြင့် (၅၀) ကျပ်တန်တအုပ်တန်ဖိုး (၅,၀၀၀) ကျပ်ကို အပိုကြေး (၂,၀၀၀) ကျပ်ထပ်ပေါင်းကာ (၁,၀၀၀) ကျပ်တန် (၇) ရွက် သို့မဟုတ် (၅၀၀) ကျပ်တန် (၁၄) ရွက်နှင့် လဲလှယ်သည့်စနစ်ဖြစ်ကြောင်း ငွေလဲသူများက ပြောသည်။

ထိုသို့ပြည်တွင်းသုံးငွေ အချင်းချင်း ပြန်လည်လဲလှယ်သည့် ငွေကြေးစနစ်သည် ၁၉၉၄-၉၅ ကတည်းက ရှိနေခဲ့ပြီး တစစ ကျယ်ပြန့်လာခဲ့ကြောင်း၊ ယခုအခါ ခြောက်ထပ်ရုံးအောက်ဘက်၌ စားပွဲခုံချ ငွေအကြွေလဲလှယ်ပေးနေသူ (၁၀) ဦးခန့်ရှိကြောင်း၊ လက်ထဲ လဲလှယ်ရန် ငွေရှိပါက တနေ့ သိန်း (၃၀-၄၀) ခန့်အထိ လဲလှယ်ပေးနေကြောင်း သိရသည်။

“တချို့ဘဏ်တွေက ၀န်ထမ်းလစာထုတ်ရင် (၁၀၀၊ ၂၀၀) ကျပ်တန်ငွေစက္ကူအုပ်အသစ်လေးတွေ ထည့်ပေး ကြတယ်။ တချို့ဘဏ်တွေကျ လစာနည်းဝန်ထမ်းသက်သာဆိုပြီး အကြွေအုပ် (၂) အုပ် သီးသန့် ထုတ်ခွင့် ပြုတယ်။ အဲဒီဝန်ထမ်းတွေက ကျနော်တို့ဆီ (၁၀၀၊ ၂၀၀) ကျပ်တန်ငွေစက္ကူအသစ်တွေ လာသွင်းကြတယ်။ လာသွင်းငွေအပြင် (၂,၄၀၀) ကျပ် အပိုဆောင်းပေးရတယ်။ ကျနော်တို့က (၂၀၀) ကျပ်အပြတ်ယူပြီး (၂,၆၀၀) ကျပ်နဲ့ ပြန်ရောင်းတယ်” ဟု ဆိုင်ရှင်တဦးက ဆိုသည်။

ယင်းသို့ ငွေအပိုအဆောင်း အလဲအထပ် လုပ်နေသည့်ဆိုင်များ ရှိနေခြင်းကြောင့်သာ ပြည်တွင်းသုံးငွေ အကြွေတွေ တိုင်းပြည်တွင် လည်ပတ်နိုင်ခြင်းဖြစ်ပြီး အဟောင်းဖျက်ဆီး အသစ်ပြန်ထုတ်စနစ်က ပြည်တွင်း ငွေကြေး လည်ပတ်မှု ဈေးကွက်ကို လုံလုံလောက်လောက် အထောက်အကူမပေးနိုင်ကြောင်း အငြိမ်းစားဘဏ် အရာရှိတဦးက ပြောသည်။

“သကြားလုံး၊ စီးကရက်၊ ကူပွန်စက္ကူတွေနဲ့ ပြည်သူတွေ လည်ပတ်နေရတာ ဘယ်လောက်ကြာပြီလဲ။ အဲလို ပြည်သူတွေ ဈေးဝယ်တာကအစ အခက်အခဲဖြစ်နေတဲ့ ငွေအကြွေပြဿနာကို နိုင်ငံတော်အနေနဲ့ ပြန်လည်စိစစ် သုံးသပ်ဖို့ အချိန်တန်နေပါပြီ” ဟု ၎င်းကပြောသည်။

source by : http://www.khitpyaing.org/news/April_09/24-4-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */