![]() ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ဒေသတွင် ထိုင်းတပ်ဖွဲ့ဝင်များ ကင်းလှည့်နေခြင်း ဖြစ်ပါသည်။ ပုံ၏ အပေါ်ဖက်တွင် မြန်မာပိုင်နက်ထဲရှိ မြန်မာစစ်သား များကို မြင်နိုင်ပါသည်။ (မှတ်တမ်း ဓာတ်ပုံ) (Photo: AFP) |
ကရင်နီနယ်စပ်စခန်းကုန်းတခုဖြစ်တဲ့ ညာမိုစခန်းကုန်းရဲ့ မြောက်ဖက်မှာရှိတဲ့ ကရင်နီ တပ်ရင်း (၂) ရုံးစိုက်ရာ နေရာနဲ့ ပြောက်ကျားစခန်း ရုံးစိုက်ရာနေရာတွေမှာ ထိုင်းစစ်တပ်က အရာခံဗိုလ်တဦး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၅၀ နီးပါး ရောက်ရှိလာ ခဲ့ပြီးနောက် ထိုင်းနယ်မြေထဲကို ကျော်ပြီး နေရာယူထားတဲ့ အတွက် ဖယ်ရှားပေးဖို့ စတင်ပြောဆို လာကြောင်း ကရင်နီ တပ်မှူးတဦးက RFAကို ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းမှာတော့ နှစ်ဖက် တပ်မှူး ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီး နောက် ကရင်နီ တပ်မတော် တပ်ရင်း (၂) ရုံးစိုက်ရာနေရာဟာ ထိုင်းနယ်မြေထဲကို အနည်းငယ် ကျော်ဝင်နေတဲ့ အတွက် တပ်ရင်း (၂) အခြေစိုက်ရာ စခန်းကို နောက်ဆုတ် ရွှေ့ပြောင်းပေးဖို့ သဘောတူခဲ့ကြတယ်လို့ ကရင်နီ တပ်မတော်ရဲ့ တပ်မှူးတဦးက အခုလို ပြောပါတယ်။
တပ်မှူး။ ။ “အဲဒီနယ်စပ်မှာ သူတို့က လာထိုင်တယ်လေ၊ လာထိုင်ထားတော့ ကျွန်တော်တို့ နေရာကို ရွှေ့ပေးရ တယ်လေ။ ရွှေ့ပေးတာက ကျွန်တော်တို့ တပ်ရင်းမှာပေါ့၊ တပ်ရင်း (၂)ရုံးမှာ။ သောကြာနေ့မှာ လေယာဉ်ပျံကွင်း လာလုပ်ပေးမှ နောက်တရက်မှ စနေနေ့မှာ သူတို့ လေယာဉ်ပျံ လေးစီးနဲ့ ရောက်လာတယ်။ တပ်က လေယာဉ်ပျံနဲ့ လာပို့တယ်လေ။ လေးခေါက်ပေါ့။”
ကရင်နီပြောက်ကျားစခန်းရုံးစိုက်ရာ နေရာမှာတော့ လောလောဆယ် ထိုင်းစစ်တပ် တပ်ဖွဲ့ဝင် ၁၃ ယောက်က လာရောက်နေထိုင်နေပြီး နှစ်ဖက်တပ်မှူးတွေ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ကြရသေးသလို အဲ့ဒီနေရာဟာ ထိုင်းနယ်မြေထဲမှာ ရောက်ရှိနေတာမဟုတ်ပဲ ကရင်နီနယ်မြေထဲမှာပဲ ရှိနေတာဖြစ်တယ်လို့ ပြော ပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ တခြားကရင်နီတပ်စခန်းတွေ အနီးမှာ လည်း ထိုင်းစစ်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူ လာနေတယ်လို့ သိရပါတယ်။
အခုလို ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အခြေစိုက်ရာ စခန်းတွေအနီး ထိုင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူလာနေတာဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ် အစိုးရအကြား တွေ့ဆုံရေးအတွက် ဖိအားပေးမှုတွေ စတင်လာတာ ဖြစ်နိုင်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစုမှ မြန်မာ့အရေး လေ့လာသူ ဦးဌေးအောင်က ပြောပါတယ်။
ဦးဌေးအောင်။ ။ “ထိုင်းနိုင်ငံက သူ့မှာ နိုင်ငံရေး ပြဿနာတွေလည်း ရှိနေတယ်၊ နောက်ပြီးတော့ နအဖနဲ့လည်း သူတို့ အနေနဲ့ ထပ်ပြီးတော့ပေါ့၊ ပြဿနာ မဖြစ်ချင်ဘူး။ ဒါကြောင့်မို့လို့လည်း ထိုင်းနယ်စပ်မှာပေါ့လေ၊ ခြေကုပ်ယူပြီး လှုပ်ရှားနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နအဖကြားမှာ သူတို့ ပြေလည်စေချင်တယ်၊ အဲဒီလို ပြေလည်အောင် ဖိအားပေးတဲ့အနေနဲ့ပေါ့နော်၊ အခုလို ထိုင်းတပ်ဖွဲ့ကနေပြီးတော့ တင်းကျပ်မှုတွေ တချို့ စလုပ်လာတယ်လို့လည်း ပြောလို့ရတယ်။”
ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ် မတ်လ ၂၇ ရက် တုန်းကလည်း မြန်မာစစ်အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် နယ်စပ် မှတ်တိုင်တခုဖြစ်တဲ့ BP ၉ နယ်စပ်မှာ တပ်စခန်းချထားတဲ့ ကရင်နီတပ်စခန်းတချို့ ပြောင်းရွှေ့ ပေးခဲ့ရပါ သေးတယ်။
source by : http://www.rfa.org/burmese/news/dispute_between_karenni_rebels_and_thai_army-04082009173621.html









0 comments:
Post a Comment