ဇာနည်ဝင်း | ကလေးငယ်များ အတွက် ဖော်စပ်ထားသော မြန်မာတိုင်းရင်းဆေး ၂ မျိုးတွင် အဆိပ်ဓာတ်များ ပါဝင်သည်ဟု ဆိုသော်လည်း နယ်မြို့များ၊ နယ်စပ်ဒေသ ဈေးကွက်များတွင် အရောင်းသွက် နေဆဲဖြစ်ကြောင်း သိရသည်။
နာမည်ကျော် ဒေါ်တွေး နှင့် ဒေါ်ကျင် သူငယ်နာဆေးများ (ဓာတ်ပုံ - အေပီ) |
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှ မြန်မာ ပစ္စည်း အရောင်းဆိုင် များတွင် အဆိုပါ အသိပေးချက်နှင့် ပတ်သက်ပြီး သတင်းရရှိကြသော်လည်း ထိုဆေးနှစ်မျိုးမှာ ၀ယ်လိုအား ကောင်းသဖြင့် ဆက်လက် ရောင်းချနေကြသည်။
“ကလေး မမွေးခင်ကတည်းက ကလေးအမေတွေက ဒီဆေးတွေ ၀ယ်ထားကြ ဆောင်ထားကြတာ၊ တခါဝယ်ရင် ဘတ် လေးငါးရာဖိုးလောက် ရှိမယ်။ ဒီဆေးတွေ ပိတ်လိုက်လို့ ဘယ်ဖြစ်မလဲ။ ပိတ်လိုက်ရင် ကလေးအမေတွေ ပျာယာခတ်ကုန်လိမ့်မယ်” ဟု မဲဆောက်ဈေးကြီးအတွင်းမှ လက္ကားဆိုင်ရှင်တဦးက ပြောသည်။
မဲဆောက်ဈေးကြီးအတွင်းတွင် တိုင်းရင်းဆေး ဖြန့်ချိ ရောင်းချသည့် လက်လီ၊ လက္ကားဆိုင် အများအပြား ရှိသည်။ အဆိုပါ ဆိုင်များသည် ထိုင်းနိုင်ငံအနှံ့ မြန်မာပြည်သားများ ရှိသည့် ဈေးကွက်များသို့ တင်ပို့ရောင်းချသည့် လမ်းကြောင်းတခုဖြစ်သည်။
“ကလေးတွေကိုတော့ ဆေးရုံမှာ သွားမွေးကြတာပဲ။ ဆေးရုံဆင်းပြီးကြရင်တော့ ဒီဆေးတွေပဲ သုံးနေကြတာ။ ဒီဆေးတွေ တားမြစ်လိုက်လို့ကတော့ ဈေးတောင် ပိုတက်သွားဦးမယ်” ဟု မြန်မာဆေး နှင့် ကုန်ခြောက်ပစ္စည်းများ လက်လီ လက္ကား ရောင်းသူတဦးက ပြောသည်။
ထိုဆေး၂မျိုးတွင် အန္တရာယ်ရှိသော သတ္တုဓာတ်များ ပါဝင်နေကြောင်းကို ပြည်ပမှ ကျန်းမာရေးဌာနတခုက စတင် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရောက် မြန်မာဒုက္ခသည် ကလေးငယ်များ၏ ကျန်းမာရေးကို စစ်ဆေးရာမှ ထိုသို့ ခြေရာခံမိခဲ့ကြောင်း သိရသည်။ ထိုတွေ့ရှိချက်ကို ပြည်ပ သတင်းဌာနတချို့တွင် ဖော်ပြပြီး မကြာမီ မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာန၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကြေညာချက်နှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ အကြောင်းကြားချက်များ မရရှိသေးကြောင်း၊ သို့သော်လည်း ထိုတိုင်းရင်းဆေး ၂ မျိုးကို ဆက်လက်ရောင်းချခြင်း မပြုတော့ကြောင်း ရန်ကုန်မြို့မှ တိုင်းရင်းဆေး အရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။
“ဘာဆက်လုပ်ရမှန်းတော့ မသိဘူး။ နယ်ဆိုင်တွေက အမှာစာတချို့တော့ ရောက်နေတာပဲ။ ဒီဆေးက အရမ်း ရောင်းရတဲ့ ဆေးပဲ။ လက်ကျန် ဆေးတွေကို တနေရာမှာ သွားထားလိုက်တယ်။ လာစစ်လို့ တွေ့သွားရင် ဇယား ရှုပ်တယ်” ဟု အဆိုပါ ဆိုင်ရှင်က ပြောသည်။
ဒေါ်တွေး အမှတ်တံဆိပ် ဂေါမုတ္တဆေး သည် မုံရွာမြို့တွင် ထုတ်လုပ်ပြီး၊ ဒေါ်ကျင် ကလေးသူငယ်နာဆေးများကို ရန်ကုန်တွင် ထုတ်လုပ်သည်ဟု သိရသည်။
လက်ဖက် နှင့် အကြော်စုံ အမျိုးအစားပေါင်း ၁၀၀ ခန့်တွင် အန္တရာယ်ရှိသော အ၀ါရောင် ဆိုးဆေး ထည့်သွင်း သုံးစွဲသည်ဟု ဆိုသော ပြီးခဲ့သည့်လအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက်တွင် ယခုကဲ့သို့ ကလေးသူငယ်နာဆေးများတွင် အာဆင်းနစ်ဓာတ် တွေ့ရှိရသည်ဟူသော ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြည်တွင်းဖြစ် တိုင်းရင်းဆေး ၂မျိုးသာမက ပြည်ပမှ တင်သွင်းသည့် ဆေးတချို့ကိုလည်း သုံးစွဲခြင်းမပြုရန် ကျန်းမာရေး ဌာနက ကြေညာထားသည်။
မြန်မာပြည်ဈေးကွက်အတွင်းရှိ ထိုင်းနိုင်ငံထုတ် အိမ်သုံး ဆေးဝါး ၁၀ မျိုးသည် အရည်အသွေး အာမခံချက် မရှိကြောင်း စနေနေ့ နှင့် ယနေ့ထုတ် ပြည်တွင်း သတင်းစာများတွင် ကျန်းမာရေး ၀န်ကြီးဌာနက ကြေညာချက် ထည့်သွင်းထားသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=928:2009-04-07-12-45-21&catid=1:news&Itemid=2








0 comments:
Post a Comment