KNU စစ်ခေါင်းဆောင်များ ထိုင်းဘက်ကမ်း ပြန်ဝင်မရသေး

Wednesday, March 18, 2009 ·

အေးချမ်းမြေ့ | မြန်မာ စစ်အစိုးရနှင့် ထိုင်းနှစ်နိုင်ငံနယ်စပ် ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ပြီး နောက်ပိုင်းတွင် နအဖဘက်က ဖိအားပေး တောင်းဆိုမှုကြောင့် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင် ရုံးစိုက်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်ခေါင်းဆောင်များကို ထိုင်းစစ်တပ်က မြန်မာပြည် ဘက်ကမ်းသို့ ပြန်ကြရန် ပိုမိုတောင်းဆိုမှုများ ပြုလုပ်လာကြောင်း ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် စောဒေးဗစ်ထောက ပြောသည်။

ထိုသို့ နအဖဘက်က ဖိအားပေးမှုကြောင့် ထိုင်းစစ်တပ်က ထိုင်းဘာသာဖြင့် ရေးထားသော စာတစောင်ကို KNU ခေါင်းဆောင်များထံ ပေးပို့ခဲ့ရာ ၎င်းစာထဲ၌ မဲဆောက်မြို့ရှိ KNU စစ်ခေါင်းဆောင်များ အနေနှင့် မဲဆောက်မြို့ မှနေ၍ ၎င်းတပ်စခန်းများသို့ အမိန့်လှမ်းမပေးကြရန် ပါရှိသည်ဟု ဆိုသည်။

“နအဖက ကျနော်တို့တွေ ဖုန်းသုံးတာ၊ ဝေါ့ကီတော့ကီနဲ့ အမိန့်လှမ်းပေးတာ၊ ကြေးနန်းသုံးတာအဆုံး အကုန် သိတယ်။ ဘယ်နေရာကနေ ဘယ်ကို လှမ်းအမိန့်ပေးတယ် ဆိုတာပါ သိတဲ့အခါကျတော့ ထိုင်းဘက်က လုံးဝ လိမ်ပေးလို့ မရတော့ဘူး” ဟု သူက ဆက်ပြောသည်။

နအဖဘက်မှ ထောက်လှမ်းရေးများသည် မြဝတီ - မဲဆောက် ချစ်ကြည်ရေး တံတားကို ဖြတ်၍ မဲဆောက်မြို့ တွင်း ဥဒဟို ဝင်ထွက် သွားလာနေရာ KNU ခေါင်းဆောင်များ နေထိုင်ရာ အိမ်၊ လမ်း အစရှိသဖြင့် သိ နေကြသည်။

“KNU စစ်ခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး မဲဆောက်က နေ မြန်မာပြည် ဘက်ကမ်း ပြန်ပေးဖို့ တောင်းဆိုထားတယ်။ ရုံးတွေ ဘာတွေကိုတော့ ဘာမှ မပြောဘူး” ဟု စောဒေးဗစ်ထောက ပြောသည်။

ယခုအခါ ကေအန်ယူ စစ်ခေါင်းဆောင်များသည် မြန်မာပြည်ဘက်ကမ်းသို့ ပြန်နေကြရပြီး အစည်းအဝေး ကိုလည်း မြန်မာပြည်ဘက်တွင်ပင် ပြုလုပ် ကျင်းပနေကြရသည်။

ယခုလက်ရှိ အနေအထားအရ KNU စစ်ခေါင်းဆောင်များ အနေနှင့် မဲဆောက်မြို့သို့ လာခွင့် မရှိဘဲ လာလိုပါက ထိုင်းစစ်အာဏာပိုင်တို့ထံ ခွင့်တောင်းရမည်ဟု ကြားသိရသည်။

ဖေဖော်ဝါရီလ အတွင်းက မြန်မာပြည် နယ်စပ် မြဝတီမြို့တွင် လက်နက်ကြီး ကျည် ၄ လုံး ကျရောက် ပေါက်ကွဲ ခဲ့ရာ မြန်မာ စစ်အစိုးရက KNU လက်ချက်ဟု ကြေညာခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာသည် ကရင်ပြည်နယ် ဘားအံမြို့အကျဉ်းထောင်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ မြိုင်ကြီးငူ ဌာနချုပ်တို့ကို သွားရောက် စစ်ဆေးစဉ် ယင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်သည်ဟု စစ်အစိုးရက ဆက် တိုက်ဆိုသလို ကြေညာခဲ့ရာ ထိုင်းအစိုးရဘက်က KNU စစ်ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် စိုးရိမ် လျှက်ရှိသည်။

“အဲဒီနောက်ပိုင်း ဖိအား ပိုပေးလာတာပဲ။ မဲဆောက်မှာ နောက်ထပ် ဖဒိုမန်းရှာလို လုပ်ကြံ သတ်ဖြတ်မှု ဖြစ်လာ မှာကို ထိုင်းက စိုးရိမ်တယ်။ KNU ခေါင်းဆောင်တယောက် အလုပ်ကြံ ခံရတာပဲ ဖြစ်ဖြစ်၊ နေတဲ့ အိမ်ကို ဗုံးခွဲခံရတာပဲဖြစ်ဖြစ် ဖြစ်လာလို့ ငြင်းမရတဲ့ သတင်းဖြစ်လာရင် မဲဆောက်မှာ KNU ရှိတယ် ဆိုတဲ့ နအဖရဲ့ စွပ်စွဲချက်ကို အတည်ပြုပေးသလိုဖြစ်မှာလည်း ထိုင်းက စိုးရိမ်တယ်” ဟု စောဒေးဗစ်ထောက ပြောသည်။

ယခု လတ်တလော ကာလတွင် မဲဆောက်မြို့တွင်းရှိ မြန်မာအတိုက်အခံ အင်အားစုများ၏ ရုံးတချို့ကိုလည်း ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုများ ရှိသည်ဟု ကြားသိရသည်။

ယခုကဲ့သို့ KNU စစ်ခေါင်းဆောင်များကို ထိုင်းစစ်တပ်က ပိုမို ဖိအားပေးလာသည့် အပေါ် ဝေဖန်သူ များက ရေရှည် အတည်သဘော ဖြစ်သွားမည်ကို စိုးရိမ်နေကြသော်လည်း တချို့ကမူ ယခုကဲ့သို့ ဖိအား ပေးခြင်းမှာ ထိုင်းက နအဖအကြိုက် အဖြစ်သဘော ခဏတာ ဖိအားပေးခြင်းသာဖြစ်သည်ဟု ယူဆနေကြသည်။

KNU စစ်ခေါင်းဆောင်များ မဲဆောက်မြို့မှ တဘက်ကမ်း မြန်မာပြည်ဘက်ခြမ်းသို့ ပြန်ရန် ထိုင်းစစ်တပ်က စာပို့သည်နှင့် တပြိုင်နက်တည်း ဘန်ကောက် အခြေစိုက် ထိုင်းရဲအာဏာပိုင်တို့က KNU ခေါင်းဆောင်များ ကို မြန်မာ စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေးလုပ်ရန်၊ ထိုသို့ ဆွေးနွေးရာတွင် DKBA တို့မှတဆင့် ချဉ်းကပ်ရန် ပြောကြောင်း သတင်းရရှိသည်။

စောဒေးဗစ်ထောက “ဒီနေ့ ထိုင်းရဲ့ ပေါ်လစီက အရင်နဲ့ မတူတော့ဘူး။ KNU ခေါင်းဆောင်တွေ အနေနဲ့ ရင်ဆိုင် နေရတဲ့ အခက်အခဲတွေက လုံးဝ ကွာခြားနေပြီဟု” ဆိုသည်။

KNU သည် မြန်မာအစိုးရများကို ၁၉၄၈ ခုနှစ်မှာ စတင်၍ လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်ခဲ့ရာ ၁၉၉၅ ခုနှစ်တွင် ၎င်းတို့၏ ဗဟိုဌာနချုပ်ဖြစ်သည့် မာနယ်ပလောနယ် ကျဆုံးခဲ့ရသည်။ ထို့နောက်တွင် ၎င်းတို့၏ ဗဟို ဌာနချုပ်ကို ထိုင်း - မြန်မာ နယ်စပ်အနီးသို့ ရွှေ့ပြောင်း အခြေချခဲ့သည်။

ထိုစဉ်ကပင် မြန်မာစစ်အစိုးရ၏ သပ်လျှိုသွေးခွဲမှုကြောင့် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ကွဲပြားပြီး DKBA ပေါ်ပေါက် လာကာ DKBA က စစ်အစိုးရထံတွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့သော်လည်း KNU ကမူ စစ်အစိုးရကို ဆက်လက်၍ လက်နက်ကိုင် တော်လှန်ဆဲဖြစ်သည်။

ယခု အချိန်ထိလည်း KNU တပ်များသည် မြန်မာစစ်အစိုးရကို ပြောက်ကျားစနစ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက် ဆဲဖြစ်သည်ဟု စောဒေးဗစ်ထောက ပြောပြသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=846:knu-&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */