အောင်သက်ဝိုင်း | ကန်ထရိုက် ဆောက်လုပ်ရေးကုမ္ပဏီများ စီးပွားရေး ကြပ်တည်းမှုကြောင့် အဆောက်အဦးသစ် ဆောက်လုပ်ရန် ထပ်မံရင်းနှီးမြှုပ်နှံခြင်း မပြုလုပ်နိုင် တော့ဘဲ ဆောက်လုပ်ဆဲ လုပ်ငန်းများကိုပင် ရပ်ဆိုင်းထားရသောကြောင့် ထို လုပ်ငန်းခွင်များကို မှီခိုအလုပ်လုပ်ကိုင် နေရသော အလုပ်သမား သိန်းဂဏန်းအရေအတွက် အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်လာကြောင်း သတင်းရရှိသည်။
![]() ရန်ကုန် ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို မြင်ရစဉ် |
လက်ရှိ အနေအထားအရ ကန်ထရိုက်ကုမ္ပဏီများက ဆောက်လုပ်ထားသည့် တိုက်ခန်းများ၊ လုံးချင်း အိမ်ရာများ နှင့် ကွန်ဒိုတိုက်ခန်းများ ၀ယ်သူ မရှိဖြစ်နေသည့် အတွက် ရင်းနှီမြုပ်နှံမှုအသစ်များ ထပ်မလုပ်နိုင်တော့ဘဲ ရန်ကုန် ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ အခြေခံ အလုပ်သမားများ၏ စားဝတ်နေရေး အခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်လာသည်ဟု သူက ဆက်ပြောသည်။
“ငွေမလည်တော့ဘူး။ ဆောက်ထားတဲ့ တိုက်ခန်းတွေကလည်း ရောင်းမထွက်တော့ ဆောက်လက်စ တိုက်တွေ လည်း ဆက်မဆောက် နိုင်ဘူး။ နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့် တိုက်တွေ အတွက် ငွေမရှိတော့ လုပ်ငန်း မစနိုင်ဘူး” ဟု ရန်ကုန်မြို့၏နာမည်ကျော်ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တဦးကဆိုသည်။
အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သံချောင်း၊ အုတ်နှင့် ဘိလပ်မြေဈေးနှုန်းများ အနည်းငယ် ကျဆင်းမှု ရှိနေသော်လည်း ယခု အခြေအနေ၌ မည်သည့် ကန်ထရိုက်မှ လုပ်ငန်းသစ်တွင် ထပ်မံရင်းနှီးမြှုပ်နှံရန် မ၀ံ့ရဲကြကြောင်း၊ တချို့သော ဆောက်လုပ်ရေး ကုမ္ပဏီများသည် ကန်ထရိုက် ကုမ္ပဏီအချင်းချင်း ပူးပေါင်းကာ အကျိုးတူ တိုက်တာ အဆောက်အဦးသစ်များ ဆောက်လုပ် ကြသော်လည်း ထိုသို့ ပူးပေါင်းမှုမှာ အရေအတွက် အားဖြင့် နည်းပါးဆဲဖြစ်ကြောင်း လသာမြို့နယ်မှ ကန်ထရိုက်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာတဦးက ပြောသည်။
“ကန်ထရိုက်တွေ အကြပ်ရိုက်နေတဲ့ အဓိကပြဿနာက တိုက်ခန်းတွေ ရောင်းမထွက်တာဘဲ။ ဆောက်လုပ်ရေး လုပ်ငန်းရဲ့ သဘာဝက ဆောက်ပြီး ချက်ချင်းရောင်း၊ ငွေပေါ်မှ နောက်ထပ်တိုက်သစ် ထပ်ဆောက်တာ။ အရင်က တိုက်တလုံး ဆောက်ပြီးရင် ခြောက်လအတွင်း အခန်းအားလုံး ရောင်းကုန်တယ်။ အခုတော့ ဆောက်ထားတဲ့ တိုက်တွေကို ၀ယ်ဖို့နေနေသာသာ ဈေးမေးတဲ့လူတောင် သိပ်မရှိဘူး” ဟု စမ်းချောင်းမြို့နယ်တွင် ရှစ်လွှာ အထပ်မြင့် တိုက်တလုံး တည်ဆောက် ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီမန်နေဂျာတဦးက ရှင်းပြသည်။
ယခုအခါ ကန်ထရိုက် လုပ်ငန်းရှင်များသည် တိုက်တာ အဆောက်အဦးသစ်များ ဆောက်လုပ်ရန်အတွက် ကြိုပွိုင့် တိုက်ခန်း ၀ယ်ယူသူများကို ပိုမိုအားထား နေရသော်လည်း ကြိုပွိုင့်နှင့် ၀ယ်ယူသူ နည်းပါးနေ သည့်အတွက် တိုက်သစ်များ ဆောက်လုပ်ခြင်း မပြုနိုင်ခြင်း ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးသတင်းရပ်ကွက်မှ ကြားသိရသည်။
“ကန်ထရိုက်အများစု က ကြိုပွိုင့်မရှိရင် မဆောက်နိုင်ဘူး။ ငွေကြေးတောင့်တဲ့ ကုမ္ပဏီတွေတောင် ဆောက်လက်စ တိုက်တွေ မြန်မြန်ပြီးအောင် တွန်းဆောက်တာပဲ ရှိတယ်။ အသစ်ကိုထပ်မဆောက်ရဲဘူး။ အခြေအနေက ဘာတွေဖြစ်လာမယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး”ဟု အသက် ၅၀ အရွယ် ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။
ထိုသို့ ဆောက်လုပ်ဆဲ တိုက်တာများ ဆက်လက်ဆောက်လုပ်မှု မပြုတော့ခြင်းကြောင့် ယခုအခါ ဆောက်လုပ် ရေး လုပ်သား အများအပြားမှာ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် များရှိသည့် နယ်ဒေသ များသို့ လိုက်ပါပြောင်းရွှေ့ အလုပ်လုပ်နေရခြင်းများ ရှိလာကြောင်း ကြားသိရသည်။
“ပုံမှန် ပွင့်လင်းရာသီဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းတွေက ဆက်တိုက်ရှိတော့ အလုပ်မရှားဘူး။ ဒီနှစ် အလုပ် မရှိဘူး။ သူငယ်ချင်းတွေကတော့ လေတိုက်ခံရတဲ့ ဧရာဝတီတိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ သွားအလုပ်လုပ်တယ်” ဟု လှိုင်သာယာမြို့နယ်မှ အသက် ၄၃ နှစ်အရွယ် ပန်းရန်လုပ်သားတဦးက ပြောသည်။
ရန်ကုန်မြို့မှ ဆောက်လုပ်ရေး အလုပ်သမားများသည် အလုပ်အကိုင် အခက်အခဲကြောင့် လုပ်ငန်းခွင်များရှိရာ နယ်ဒေသများသို့ ပြောင်းရွှေ့မှုများ များပြားနေပြီး အထူးသဖြင့် နေပြည်တော်၊ ရတနာပုံမြို့သစ် စီမံကိန်းနှင့် နာဂစ်မုန်တိုင်းသင့် ဧရာဝတီ ဒေသများရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် သွားရောက်အလုပ်လုပ်လျှက် ရှိကြသည်။ သို့ရာတွင် ရန်ကုန်မြို့တွင် အလုပ်အကိုင်မရှိ ဖြစ်နေသော ဆောက်လုပ်ရေး အလုပ်သမား အများအပြား ကျန်ရှိနေသေးကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
“နေပြည်တော်က အစိုးရ အဆောက်အဦးတွေရဲ့ လုပ်ငန်းခွင်တွေ၊ ရတနာပုံမြို့သစ်က အိမ်ရာစီမံကိန်းနဲ့ ဧရာဝတီတိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေဆီကို အလုပ်သမားတွေ လိုက်ပြောင်းပြီး အလုပ်လုပ်ကြ ပေမယ့် ရန်ကုန်မှာလည်း အလုပ်သမားတွေ ကျန်သေးတယ်။ ဒီအလုပ်သမားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးဖို့ လိုအပ်တယ်” ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဝင် စီးပွားရေးသမား တဦးက ပြောဆိုသည်။
အခြေခံလူတန်းစား အများဆုံးပါဝင်သည့် သိန်းဂဏန်းချီသော ဆောက်လုပ်ရေး လုပ်သားများအတွက် အလုပ်အကိုင်များ ရရှိရန် ဖန်တီးပေးရန်လိုအပ်ပြီး ထိုလူတန်းစားအတွက် အလုပ်အကိုင် ဖန်တီးပေးမှု မရှိပါက မလိုလားအပ်သော ပြဿနာများနှင့် အမှုအခင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးက ဆိုသည်။
“အားလုံးကို ဆိုလိုတာတော့ မဟုတ်ဘူး။ဆောက်လုပ်ရေး လုပ်သားတွေအများစုက ပညာ မတတ်ကြဘူး။ အောက်ခြေ လူတန်းစားတွေ များတယ်။ သူတို့မှာ အလုပ်မရှိလို့ ၀င်ငွေမရှိရင် စားဝတ်နေရေးအတွက် လုပ်မိလုပ်ရာ လုပ်နိုင်တယ်။ ဥပမာ - လုတာ၊ ယက်တာ အမှုအခင်းတွေ ဖြစ်လာနိုင်တယ်။ ဒီတော့ သူတို့အတွက် အလုပ်အကိုင် ဖန်တီးပေးဖို့လိုကို လိုအပ်တယ်” ဟု သူက သုံးသပ်ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အုတ်သယ်၊ ဘိလပ်မြေသယ်သည့် အခြေခံ လုပ်သားတဦးလျှင် တနေ့ လုပ်အားခ အနည်းဆုံး ၂၅၀၀ ကျပ်ရရှိပြီး ကျွမ်းကျင် အုတ်စီ၊ ပန်းရန်လုပ်သားနှင့် လက်သမားတဦးလျှင် တနေ့လုပ်အားခ အနည်းဆုံး ၄၅၀၀ ကျပ် ရရှိကြောင်း ဆောက်လုပ်ရေး လုပ်သားများ၏ ပြောဆိုချက်အရ သိရသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=796:2009-03-05-09-28-25&catid=1:news&Itemid=2









0 comments:
Post a Comment