![]() ![]() |
![]() |
မြန်မာ စစ်အစိုးရသည် UWSA ၀သွေးစည်းညီညွတ်ရေးအဖွဲ့အား အရေးယူနိုင်ရန်အတွက် လိုက်လျော ညီထွေရှိမည့် မူးယစ်ဆေးနှိမ်နင်းရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသည့်ပြင် UWSA အဖွဲ့အား မက်တာ အဖက်တမင်း စိတ်ကြွဆေးပြားများ ဆက်လက်ထုတ်လုပ် မှောင်ခိုရောင်းချနိုင်ရန် ခွင့်ပြုထားသည်ဟုပါ အဆိုပါ အစီရင်ခံစာ၌ အတိအကျ စွပ်စွဲထားသည်။
ထို့ပြင် မြန်မာနိုင်ငံသည် မူးယစ်ဆေးကို တဆင့်ခံဖြတ်သန်း သယ်ဆောင်ရာ နိုင်ငံ (၂၀) တွင် ပါဝင်သည့်ပြင် မြန်မာနိုင်ငံသည် လွန်ခဲ့သည့် (၁၂) လအတွင်း နိုင်ငံတကာမူးယစ်ဆေး သဘောတူညီချက်များကို အကောင်အထည် ဖော်ရန် ပျက်ကွက်ခဲ့သည်ဟု အမေရိကန် သမ္မတက သတ်မှတ်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူးယစ် ၂၀၀၉ အစီရင်ခံစာပါ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းမှ ရငွေများကို ငွေဖြူဖြစ်အောင် ခ၀ါချသည့် နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြထားသည်။
၂၀၀၈ ခု အမေရိကန်သမ္မတ ဘွတ်ရှ်လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာ မှာလည်း မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာ သန်း (၂,၀၀၀) ကြားရှိသည့်ပြင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာ၌ ဘိန်းကိုသာ အထွက်လျော့အောင်လုပ်ပေးလျင် ၀တွေ မက်တာအဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ထုတ်လုပ်ခွင့် ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။
၁၉၉၈ ခုမှစပြီး မြန်မာနိုင်ငံတွင်း ဘိန်းထုတ်လုပ်မှု ကျဆင်းလာသည့် အချိန်တည်းမှာပင် စိတ်ကြွဆေး ထုတ်လုပ်တင်ပို့မှုက သိသိသာသာ တိုးတက်လာသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင်းမှ ပုံဆောင်ခဲ မက်တာအဖက်တမင်း ခေါ် အိုက်စ် စိတ်ကြွဆေး ထုတ်လုပ်သည့် အုပ်စုများ တိုးတက်လာသည်ဟု အစီရင်ခံစာက သုံးသပ်သည်။
ကျေးရွာအဆင့် ဘိန်းဈေးမှာ ၂၀၀၄ ခုနှစ်က တကီလိုကို (၁၅၃) ဒေါ်လာရှိရာမှ ၂၀၀၅ ခုနှစ်တွင် တကီလိုကို (၁၈၇) ဒေါ်လာ၊ ၂၀၀၆ ခုတွင် (၂၃၀) ဒေါ်လာနှင့် ၂၀၀၈ ခုတွင် (၂၆၅) ဒေါ်လာထိ ထိုးတက်လာသည်။ ရှမ်းပြည်နယ် ဘိန်းစိုက် တောင်သူမိသားစုတဦး၏ (၅၀၁) ဒေါ်လာနှင့် ညီမျှသည့် ၂၀၀၇ ခုနှစ် ပျမ်းမျှဝင်ငွေ၏ (၄၅) ရာခိုင်နှုန်းမှာ ဘိန်းရောင်းရာမှ ရသည့်ဝင်ငွေဖြစ်သည်။
၂၀၀၅ ခုနှစ် ဇွန်လတွင် ၀နယ်ကို ဘိန်းကင်းစင်သည့် နယ်မြေအဖြစ် UWSA ၀သွေးစည်းညီညွတ်ရေးအဖွဲ့က ကြေငြာခဲ့သည်။ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်အတွင်း ၀နယ်မှာ ဘိန်းအထွက် ကျဆင်းလာသော်လည်း UNODC ကုလမူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာအဖွဲ့နှင့် အမေရိကန်၏ ကွင်းဆင်းလေ့လာချက်များအရ ၀ခေါင်းဆောင်များက ၄င်းတို့နယ်မြေအတွင်း ဘိန်းအစား အေတီအက်စ် ခေါ် မက်တာအဖက်တမင်းနှင့် အလားတူ စိတ်ကြွ ဆေးပြားများ နှင့် အိုက်စ် စိတ်ကြွဆေးပြားများ တိုးထုတ်လာခြင်းဖြစ်သည်ကို တွေ့ရသည်ဟု ထောက်ပြထားသည်။
မြန်မာနိုင်ငံတွင်း မူးယစ်ဆေးစွဲသူ (၆၅,၀၀၀) ရှိသည်ဟု စစ်အစိုးရ ထုတ်ပြန်ထားသော်လည်း UNODC နှင့် အခြားအဖွဲ့များ၏ ကွင်းဆင်းလေ့လာချက်အရ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးစွဲသူ (၃၀၀,၀၀၀) ရှိပြီး ဘိန်းစွဲသူနှုန်းက တနှစ်ကို (၀.၇၅) ရာခိုင်နှုန်း ရှိသည်။
source by : http://www.khitpyaing.org/news/march_09/2-3-09a.php











0 comments:
Post a Comment