ကိုစိုး | နေပြည်တော်တွင် ယခုလဆန်းမှစပြီး ထီးတင်ပွဲ အထိမ်းအမှတ်နေနှင့် ကြည့်ချင်ပွဲများ ပွဲလမ်းသဘင်များ စည်ကားစွာကျင်းပနေသော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တည်နေသည့် ဥပ္ပါတသန္တိ စေတီ ကြီးနှင့်ပတ်သက်ပြီး မြန်မာပြည်သူများကြားတွင် ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။
![]() ဥပ္ပါတသန္တိစေတီ ကို အဝေးမှ မြင်ရစဉ် |
“အဲဒီ စေတီကြီး လေးဘက်ရှိ ဓာတ်လှေခါးတွေကိုလည်း ဆေးတွေသုတ်၊ မပြီးသေးတဲ့ ခြံစည်းရိုး အုတ်နံရံတွေကို လည်း နေ့ချင်းညချင်း အားချင်းကို လုပ်နေတာ၊ လူတွေကတော့ ဒါ ယတြာ အခါ အတွက် လုပ်တာလို့ ပြောနေ ကြတယ်၊ ထီးတင်ပွဲကတော့ တပေါင်း လပြည့်နေ့မှာ လုပ်မယ်လို့ကြားတယ်”ဟု ဓမ္မာစရိယ သံဃာတော်က မိန့် သည်။
ယင်းစေတီတော်ကြီးနှင့် ပတ်သက်ပြီး အစိုးရသတင်းစာများတွင် ပွဲလမ်းသဘင်များ စည်ကားစွာကျင်းပနေပုံကို ဓာတ်ပုံများဖြင့် ဝေဆာစွာဖော်ပြထားပြီး အထက်ဌာပနာ ပိတ်ပွဲနှင့် စိန်ဖူးတော် တင်ပွဲ၊ ထီးတင်ပွဲ ကျင်းပမည့် နေရက် ဖော်ပြခြင်းကို မတွေ့ရှိရပေ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ရှေးခေတ် ပဒေသရာဇ် ရှင်ဘုရင်များ အလားသဏ္ဍန် ခံယူကျင်းသုံးနေသူဟု ယူဆရကြောင်းနှင့် ယခု စေတီတော်ကြီးကိုလည်း ရှင်ဘုရင်များက နန်းဦးစေတီ၊ နန်းတက်ဘုရားသဖွယ် တည် သကဲ့သို့ တည်ထား ခြင်းလည်း ဖြစ်နိုင်သည်ဟု အထက်ပါ သံဃာတော်က မိန့်ဆိုသည်။
အဆိုပါ ဥပ္ပါတသန္တိ ဟူသော ဘွဲ့အမည်ကိုသတ်မှတ်ခြင်းသည် ဘေးအန္တရာယ် ကင်းဝေးခြင်း အဓိပ္ပာယ်ကို ယူ၍ သတ်မှတ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။
“အဓိပ္ပာယ်က ဘေးအန္တရာယ် ကင်းဝေးတယ်၊ နောက်ပြီး မိုးခေါင်တာတို့ ၊ ဆန်ရေစပါး သယံဇာတ ရှားပါးတာတို့၊ ကပ်ဘေး ဖြစ်နေတာတို့ ၊ တိုင်းပြည်မှာ မငြိမ်မသက်ဖြစ်နေတာတို့ ဖြစ်ပေါ်တဲ့အခါ ရွတ်ဖတ်သရဇ္ဖျာယ်ရတဲ့ ဘုရား ပိဋကတ်တော်မှာပါတဲ့ ဥပ္ပါတသန္တိကျမ်း ဆိုတာရှိတယ်၊ အဲဒီ ကျမ်းရဲ့အမည်နဲ့အတူတူပဲ”ဟု ဓမ္မာစရိယ သံဃာတော် က ရှင်းပြသည်။
သို့သော်ယင်းစေတီတော် တည်ဆောက်စဉ်ကာလက လုပ်ငန်းခွင်တွင် အလုပ်သမားများ ထိခိုက်သေဆုံးမှု ရှိခဲ့ သောကြောင့် ဥပ္ပါတသန္တိစေတီတော်ကြီးအား ခိုက်သည်ဟု နေပြည်တော်ဝန်းကျင်ကျေးရွာများနှင့် ၀န်ထမ်းများ က ပြောဆိုနေကြကြောင်း သိရသည်။
လွန်ခဲ့သည့် ၂ ရက်ခန့်ကလည်း ယခုကျင်းပနေဆဲ ဘုရားပွဲတွင် ချားရဟတ် ပြုတ်ကျ၍ လူ ၂၀ ထက်မနည်း သေဆုံးမှု ဖြစ်ခဲ့ကြောင်း ဘုရားပွဲသွားရောက်ခဲ့သော သံဃာတော်က ပြောပြသည်။
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှဖြုတ်ချမခံရမီ ကျင်းပခဲ့သော ရွှေတိဂုံ စေတီတော်ကြီး ထီးတင်ပွဲ တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအမည်ကမ္ပည်းထိုးလှူဒါန်းထားသည့် ငှက်မြတ်နားတော်ကို ဥပ္ပါတသန္တိ စေတီတော်ကြီးဆီ ရွှေ့ပြောင်းမှုပြုလုပ်သည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေခဲ့သည်။
တချိန်တည်းတွင်ပင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ နှင့် ရန်ကုန်တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမြင့် တို့ဦးဆောင်၍ ရန်ကုန်မြို့ ရွှေတိဂုံဘုရားရှိ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၌ ရွှေပြားကမ္ပည်းစာနှင့် ရတနာ ပစ္စည်းများကို တပ်ဆင်လှူဒါန်းပြီး ရောင်တော်ဖွင့် ပူဇော်ကြောင်းလည်း ယမန်နေ့က အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
မည်သို့ပင်ဖြစ်စေ ယခင် အာဏာရှင်ဟောင်း ဦးနေ၀င်းသည်လည်း ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားအနီးတွင် မဟာဝိဇယ စေတီတော်ကို တည်ပြီး၍ များမကြာမီတွင် ရာထူးမှ ဆင်းပေးရကာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းဖြင့် ကွယ်လွန်သွားခဲ့ရသည်ဟုအများက ပြောဆိုနေကြသည်။
မဟာဝိဇယစေတီအား ၁၉၈၀ ခန့် က သာသနာသန့်ရှင်းရေး အထိမ်းအမှတ်ကို အကြောင်းပြု၍ စတင် တည်ခဲ့ပြီး ၁၉၈၆ ခုတွင် အပြီးသတ်ပြီးနောက် ၂ နှစ် ခန့်အကြာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတော်လှန်ရေး လူထုအုံကြွမှု ကြီးဖြစ်ပွားခဲ့ကာ ဦးနေ၀င်း အာဏာလက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
ယခု ဥပ္ပါတသန္တိ စေတီတော်ကြီး တည်၍ ပြီးစီးပြီးနောက် မကြာသောကာလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးမှ ဆင်းပေးရမည်ဖြစ်ကြောင်း နိမိတ်ဖတ်မှုများလည်း ထွက်ပေါ်နေသည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့မှ နက္ခတ္တဝေဒ ပညာရှင်တဦးကလည်း ထိုသို့ တိုင်းပြည်ခေါင်းဆောင်များက ဘုရားပုထိုး စေတီများတည်ပြီးသည့်နောက်တွင် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်တတ်ကြောင်း ပြောဆိုသည်။
“အကျိုးသက်ရောက်မှုက စေတီတွေ တည်ပြီးလို့ ၂ နှစ် ၀န်းကျင်အကြာမှာ တိုင်းပြည်ကပြောင်းတော့တာပဲ၊ ဥပမာ အားဖြင့် မဟာဝိဇယ စေတီက ၈၆ မှာ ပြီးတယ်၊ ၈၈ မှာ အပြောင်းအလဲ ဖြစ်တယ်၊ အဲသလိုပဲ ဒီ စေတီ ကြီးပြီးသွားရင်လည်းပဲ အလွန်ဆုံး များရင် ၂ နှစ်ပေါ့၊ ကောင်းမွန်သောပြောင်းလဲမှုတွေ အေးချမ်းမှုတွေရလိမ့် မယ်လို့ မျှော်လင့်လို့ရတယ်၊ တိုင်းပြည်အတွက်ပေါ့”ဟု ၎င်းက ဆိုသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=809:2009-03-06-13-22-21&catid=1:news&Itemid=2









0 comments:
Post a Comment