နာဂစ် ဒုက္ခသည်များ အလုပ်လက်မဲ့ ဖြစ်နေဆဲ

Friday, March 13, 2009 ·

အောင်သက်ဝိုင်း | ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် လပွတ္တာ မြို့ ပြင်တွင် နေထိုင်လျှက်ရှိသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒုက္ခသည် ၁၀၀၀ ကျော်သည် အလုပ်အကိုင်နှင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေဆဲ ဖြစ်ကြောင်း ဒုက္ခသည်များ က ပြောသည်။


ဘ၀တူ ဒုက္ခသည် အစုတစုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
စစ်အစိုးရ၏ နေရပ်ရင်း ကျေးရွာများဆီသို့ အတင်းအကျပ် ပြန်လည်စေလွှတ်မှုကို ငြင်းဆန်ခဲ့သော အဆိုပါဒုက္ခသည် များမှာ လပွတ္တာမြို့ပြင် လပွတ္တာ-မြောင်းမြ ကားလမ်းဘေးရှိ ကျေးရွာများတွင် ခိုကပ်နေထိုင်နေရပြီး အလုပ်အကိုင် မရှိ၍ စားဝတ်နေရေး အခက်အခဲအပြင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရ သည် ဟု ပိန္နဲတောင် ကျေးရွာအနီးတွင် နေထိုင်သည့် မုန်တိုင်းသင့် ဒုက္ခသည်များက ပြောကြားသည်။

ထို့အပြင် ကလေးငယ်များ အတွက် ပညာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရပြီး အကူအညီမဲ့ ဖြစ်နေ ကြသည်ဟုလည်း ဆိုသည်။

လပွတ္တာ-မြောင်းမြ ကားလမ်းဘေးရှိ ဒုက္ခသည် စခန်းများကို အာဏာပိုင်များက ဖျက်သိမ်းပြီးနောက် နေရပ်ပြန်ရန် ငြင်းဆန်သည့် ဒုက္ခသည်များကို ပိန္နဲတောင်၊ ကျောက်မှော်၊ ကျောက်ဖြူ ကျေးရွာများရှိ လူသူ အရောက်အပေါက် နည်းသော နေရာများသို့ အတင်းအကျပ် ပြောင်းရွှေ့စေခဲ့ကြောင်း၊ လပွတ္တာ-မြောင်းမြ ကားလမ်းဘေးတွင် နေထိုင်ကြခြင်းမပြုရန် တင်းကျပ်စွာ တားမြစ်ခဲ့ပြီး ထိုသို့တားမြစ်ခြင်းမှာ အခြေအနေ အားလုံးမှာ ပုံမှန်အနေအထား ပြန်လည် ရောက်ရှိပြီး ဒုက္ခသည် တဦးတယောက်မှ မရှိတော့ဟု ထင်မြင်စေလိုသည့် အတွက်ကြောင့် ဖြစ်ကြောင်း ဒုက္ခသည်များက ပြောသည်။

“သုံးမိုင်၊ ငါးမိုင်နဲ့ ရတနာဒီပ ဒုက္ခသည်စခန်းတွေက နေရပ်မပြန်ချင်တဲ့ ဒုက္ခသည်တွေကို ရွာနားတွေမှာ နေခိုင်းတယ်။ လပွတ္တာ မြောင်းမြ ကားလမ်းဘေးမှာ လုံးဝမနေရဘူး။ ကားလမ်းဘေးမှာနေရင် ဖြတ်သွားတဲ့ကားတွေ က ဒုက္ခသည်တွေကို တွေ့မှာစိုးလို့”ဟု ပိန္နဲတောင်ကျေးရွာ အနီးတွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။

ဒုက္ခသည်များမှာ လူသူအရောက်အပေါက် နည်းပါးသည့် နေရာများတွင် တာပေါ်လင်စများဖြင့် ပြုလုပ်ထားသည့် တဲငယ်လေးများတွင် နေထိုင်နေရပြီး စစ်အစိုးရက တစုံတရာ ကူညီမှု မပြုတော့ကြောင်း၊ လပွတ္တာမြို့နယ် အခြေစိုက် WFP အဖွဲ့မှဝေခြမ်းသည့် ဆန်ရိက္ခာများကို ရရှိသော်လည်း အလုပ်အကိုင် မရှိဘဲဖြစ်နေသည့် အတွက် စားဝတ် နေရေး ခက်ခဲနေရကြောင်း ဒုက္ခသည်များက ပြောသည်။

“WFP က လူတဦးကို တလ ဆန် ခြောက်ပြည်၊ ဆီ ၅၅ ကျပ်သား၊ ပဲနဲ့ဆားပေးတယ်။ အစိုးရဆီကတော့ ဘာမှ မရဘူး။ ဒါပေမယ့် အခုပေးတဲ့ ရိက္ခာကလည်း မိသားစုတွေအတွက် မလုံလောက်ဘူး။ မုန်တိုင်းဖြစ်ပြီးတာ တနှစ် ပြည့်တော့မယ်၊ ကျနော်တို့မှာ ခုချိန်ထိ နေစရာ အတည်အကျမရှိ အလုပ်လည်းမရှိ။ တနေ့တနေ့ ငါတို့ကို ဘယ်များ ပြောင်းခိုင်းဦးမလဲဆိုပြီး ကျီးလန့်စာစား နေရတယ်”ဟု နာဂစ်မုန်တိုင်းတွင် မိသားစုဝင် ၁၀ ဦးဆုံးရှုံးခဲ့သည့် ကိုင်းသောင် ကျေးရွာသား ဒုက္ခသည် တဦးက ဆိုသည်။

ဒုက္ခသည်များမှာ အလုပ်အကိုင် မရှိသည့်အတွက် အနီးအနား ကျေးရွာများတွင် ကြုံရာကျပန်း အလုပ်များကို လုပ်အားခ ဈေးပေါပေါဖြင့် လုပ်ကိုင်နေရ ကြောင်းလည်း သိရှိရသည်။

“ဆန်ချည်းပဲ ချက်စားလို့ မရတော့ ဟင်းစားအတွက် ရွာတွေမှာ အလုပ်သွားလုပ် ကြရတယ်။တချို့က ကျောက် မှော် ရွာနားမှာ အုတ်ဖုတ်လုပ်ငန်းတွေမှာ လုပ်ကြတယ်။ တချို့က လယ်တွေမှာ လယ်ကြွက်ထောင်တယ်။ မြောင်းတွေမှာ ဖားငါးရှာတယ်။ တချို့ကတော့ ၃ မိုင်လပွတ္တာမြို့သစ် စီမံကိန်းမှာဝင်ပြီး အလုပ်လုပ်ကြပေါ့။ အားလုံး တနေ့ ရတဲ့ လုပ်အားခက ကျပ်တထောင် အောက်မှာပဲ ရှိတယ်။ ကံတအားကောင်းတဲ့ ဒုက္ခသည်တချို့က လပွတ္တာမြို့ ပေါ်က ကုလသမဂ္ဂနဲ့ တခြားအဖွဲ့တွေဆီမှာ လုံခြုံရေး အလုပ်တို့ ဘာတို့ရတယ်။ ဒါပေမယ့် ဒီလိုအဖွဲ့အစည်း တွေဆီမှာ အလုပ်ရတဲ့သူက နည်းလွန်းပါတယ်”ဟုပိန္နဲတောင် ကျေးရွာနေ ဒုက္ခသည် အမျိုးသမီး တဦးက ဆိုသည်။

ဖေဖော်ဝါရီ လကုန်မှစပြီး လပွတ္တာမြို့နယ်အတွင်း အလွန်ပူပြင်းလာရာ တာပေါ်လင်စဖြင့် ပြုလုပ်ထားသည့် တဲများတွင် နေထိုင်ရသော ဒုက္ခသည်များမှာ အပူဒဏ်ကို အလွန်ခံစားနေရပြီး ကလေးငယ် များမှာလည်း အပူဒဏ်နှင့် ပတ်သက်သော ရောဂါများ ခံစားနေရသည်ဟု သိရသည်။

“တာပေါ်လင်တဲက နေ့လယ်ဆို ပူလို့မနေနိုင်ဘူး။ တာပေါ်လင်တဲမှာ နေတဲ့လူကြီးရော ကလေးတွေရော မိတ်တွေ အရေပြားအနာတွေ ဖြစ်ကြတယ်” ဟုပိန္နဲတောင် ကျေးရွာအနီးတွင် နေထိုင်သည့် ဒုက္ခသည်တဦးက ဆိုသည်။

ယင်း ဒုက္ခသည်များ၏ ကျန်းမာရေးနှင့် ကလေးငယ်များ ပညာရေးအတွက် အာဏာပိုင်များက တစုံတရာစီမံပေး ထားခြင်းမရှိကြောင်းလည်း သိရှိရသည်။

“ကျန်းမာရေးနဲ့ ကလေးတွေအတွက် ကျောင်းတွေ စီမံပေးဖို့ ဝေးရော ကျနော်တို့မှာ ခုနေတဲ့ နေရာလေးကနေ ဘယ်အချိန် ပြောင်းခိုင်းမလဲဆိုပြီး လန့်နေရတာဗျ”ဟု အသက် ၄၀ ကျော်အရွယ် ဒုက္ခသည်တဦးက ဆိုသည်။

ကျေးရွာများတွင် ခိုကပ်နေထိုင်ကြသည့် ဒုက္ခသည်များကို နယ်ခံများက ခွဲခြား နှိမ်ချဆက်ဆံမှုများ ရှိကြောင်းလည်း သိရသည်။

နှိမ်ချဆက်ဆံမှုများ ၊စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရ သော်လည်း ဒုက္ခသည်များမှာ နေရပ်ရင်း ကျေးရွာများဆီသို့ အပြန်လိုကြကြောင်း ပြောဆိုကြသည်။

“ဒီမုန်တိုင်းမှာ မိသားစုတွေ သေကုန်တယ်။ ရွာကိုပြန်သွားလို့ နောက်ဒီလို အဖြစ်မျိုး ထပ်ကြုံမယ်၊ မကြုံဘူးဆိုတာ မပြောနိုင်ဘူး။ နောက်ပြီးရွာပြန်ရင် သေသွားတဲ့ မိသားစုတွေကို အမြဲသတိရနေမှာ။ လုံးဝမပြန်တော့ဘူး” ဟု ဒုက္ခသည် အမျိုးသားတဦးက ဆိုသည်။

အဆိုပါ ဒုက္ခသည်များထဲတွင် လင်ယောက်ျား ဆုံးရှုံးသွားသည့် အမျိုးသမီးများ ပါဝင်ပြီး အချို့သော အမျိုးသမီးများမှာ ဒုက္ခသည်များ စုပေါင်းနေထိုင်ရာ နေရာများနှင့် အနီးအနား ကျေးရွာများတွင် လိင်ဖျော်ဖြေရေး အလုပ်လုပ်၍ အသက်မွေး မှုများလည်း ရှိကြောင်း ဒုက္ခသည်များက ပြောသည်။

ပိန္နဲတောင် ကျေးရွာအနီးတွင် ဒုက္ခသည်မိသားစု ၃၀၀ နီးပါးရှိ လူဦးရေ တထောင်ကျော်နှင့် ကျောက်ဖြူ၊ ကျောက်မှော် ကျေးရွာအနီးအနားတွင် ဒုက္ခသည်ဦးရေ ရာဂဏန်းနီးပါး တို့သည် ယခုအချိန်ထိ အကူအညီမဲ့ နေကြကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းသည် နာဂစ် ဒုက္ခသည်များ လတ်တလော ကြုံတွေ့နေရဆဲ အခက် အခဲများကို သိရှိရန် မကြာသေးခင်က နာဂစ်မုန်တိုင်း ဒဏ်သင့် မြစ်ဝကွန်းပေါ် ဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ယခု သတင်းကို ရေးသားပေးပို့ခြင်း ဖြစ်သည်။ ၎င်းဒုက္ခသည်များ၏ အခက်အခဲများနှင့် ပတ်သက်ပြီး ဆက်လက် ရေးသားတင်ပြသွားမည် ဖြစ်ပါသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=828:2009-03-13-06-39-54&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */