ရန်ကုန်တွင် မီးပျက်နှုန်း စံချိန်တင်

Saturday, March 07, 2009 ·

အေးချမ်းမြေ့ | နွေရာသီ ဝင်လာပြီ ဖြစ်သောကြောင့် မြန်မာတနိုင်ငံလုံး လျှပ်စစ်မီးရရှိနှုန်း အလွန်နည်းပါးလာပြီး ရန်ကုန်မြို့၌ မီး ပျက်နှုန်းမှာ ယခင်နှစ်များ၏ စံချိန်ကိုချိုးသွားပြီဖြစ်ကြောင်း မြို့ခံများထံမှ ကြားသိရသည်။

“မီးလာရမယ့်အချိန်မှာ လာတယ် ၁၅ မိနစ်လောက်ပဲ။ ပြီးရင်တောက်လျှောက်ပျက်လိုက်တာ ပျက်ခါနီး ၁၅ မိနစ် အလိုလောက် တခါ ပြန်လာတယ်။ ပြီးရင် ပျက်ရမယ့်အချိန်မှာ ပျက်သွားရော။ တခါတလေ တနေ့လုံးကို မိနစ် ၂၀ ပဲ လာတယ်” ဟု ကျောက်တံတား မြို့နယ် အတွင်းရှိ အထပ်မြင့် တိုက်ခန်းနေ ရန်ကုန်သားတဦးက ပြောသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံး သုံးနေသည့် လျှပ်စစ်ပမာဏ ၁၇၇၅ မီဂါဝပ်၏ ၅၀ ရာခိုင်နှုန်းကို ရန်ကုန်မြို့က အသုံးပြု နေပြီး ထို ၅၀ ရာခိုင်နှုန်းထဲမှ ၅၃၀ မီဂါဝပ်မှာ စက်မှုလက်မှု လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများက အသုံးပြုလျှက်ရှိကြောင်း သိရသည်။

တနိုင်ငံလုံး သုံးစွဲနေသည့် သုံးပုံတပုံထက်ပိုသော လျှပ်စစ်ဓာတ်အား ပမာဏသည် အသေးစား ရေအားလျှပ်စစ် ထုတ်လုပ်မှုမှ ရရှိခြင်းဖြစ်ပြီး လက်ရှိနိုင်ငံတွင်း ရေအားလျှပ်စစ် စီမံကိန်း ၂၂ ခု ကို အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်းနှင့် လာမည့် အနာဂတ်ကာလတွင် နောက်ထပ် ၁၅ ခု ထပ်မံ တိုးချဲ့ သွားရန်ရှိကြောင်း မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ပြောထားသည်။

သို့ရာတွင် ယခုကဲ့သို့ နွေဦးပေါက်လာတိုင်း ရေအားလျှပ်စစ် စီမံကိန်းများမှ ပေးဝေနေသည့် လျှပ်စစ်မီး ရရှိနှုန်း လျော့ပါးသွားလေ့ရှိရာ ယခုနှစ်သည် ယခင်နှစ်များကထက် မီးလာနှုန်းများစွာ လျော့ကျပြီး မလာသလောက် ဖြစ်နေသဖြင့် ရန်ကုန်နေပြည်သူအများစုမှာ ရေရရှိရေး အတွက်ပါ ခက်ခဲနေကြောင်း ကြားသိရသည်။

စစ်အစိုးရပိုင် သတင်းစာများတွင်မူ “ဆန့်ကျင်ဘက် အဖွဲ့များက” လျှပ်စစ်မီးနှင့် ရေကိစ္စကို ခုတုံးလုပ်ကာ ပြည်သူလူထုကို သွေးထိုး လှုံ့ဆော် နေသည်ဟု ရေးသားထားသည်။

“နိုင်ငံတော်အနေနှင့် နိုင်ငံနှင့် ပြည်သူများအားလုံး အတွက် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ ရရှိရေးကို အဘက်ဘက်က အားတက်သရော ကြိုးပမ်း ဖော်ဆောင်ပေးလျှက် ရှိသည်” ဟု ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် တွေ့ရသည်။

သတင်းစာများတွင် မီးနှင့်ရေ ရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းပေးနေသည်ဟု ရေးသားသော်လည်း ရန်ကုန် အပါအဝင် မြန်မာနိုင်တွင်းရှိ မြို့နယ်၊ ကျေးလက်နေ ပြည်သူတို့မှာ လျှပ်စစ်မီးနှင့် ရေရရှိရေးအတွက် ကိုယ့်အား ကိုယ်ကိုးလျှက် ကြိုးပမ်း ဆောင်ရွက်နေရကြောင်း ပြောဆိုနေကြသည်။

လူအများ အလုပ်လုပ်နိုင်သည့် နေ့ခင်းဘက်နှင့် ညဦးပိုင်း မီးလာရမည့် အချိန်များတွင် မီးက မှန်မှန်ပျက်လေ့ရှိပြီး ည ၁၁ နာရီ နောက်ပိုင်း မီးလာရမည့် နေ့မျိုးတွင် မီးလာတတ်သောကြောင့် အများစုမှာ ညပိုင်း မီးလာမည့် ရက်ကို စောင့်ပြီး ရေမောင်းကြရကြောင်း ရန်ကုန်မြို့လယ် တိုက်ခန်းတွင် နေထိုင်သူ တဦးက ပြောသည်။

“ညဘက်တွေ မအိပ်ဘဲ ရေထမောင်းရတယ်။ ကိုယ့်အိမ်က မီးလာပေမယ့် ရေတွန်းစက်ရှိတဲ့ နေရာက မီးပျက် နေရင် ရေက မရပြန်ဘူး” ဟု သုဝဏ္ဏမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

မြို့လယ်မဟုတ်သည့် ဆင်ခြေဖုံးတွင် နေထိုင်သူများမှာ ရေစည်လှည်းကို အားကိုးနေရသည်ဟု ၎င်းက ဆိုသည်။ ယမန်နှစ်က ရေစည် လှည်းတလှည်းကို ကိုယ်တိုင်တွန်း ကျပ် ၂၀၀၀ ထိ ဈေးပေါက်သွားခဲ့ဖူးပြီး ယခုနှစ် တွင်လည်း ယခင်နှစ်ထက် စောစွာ ဤဈေးပေါက် နိုင်သည်ဟု သူက ဆက်ပြောသည်။ ယခု လတ်တလောတွင်မူ ၎င်းတို့ သုဝဏ္ဏ မြို့နယ်အတွင်း ရေစည်တလှည်းလျှင် ကိုယ်တိုင်တွန်း ကျပ် ၅၀၀ ပေါက်ဈေး ရှိနေသည်ဟု သိရသည်။

ရန်ကုန်မြို့လယ် တိုက်ခန်းများတွင် နေထိုင်သူတို့မှာမူ ရေပိုရေလျှံသိုလှောင်ရန် ပလတ်စတစ် တိုင်ကီများ၊ ပုံးများ ဆောင်ထား ကြရသည်။ မီးစက်ဖြင့် အငှားရေတင်သည့် လုပ်ငန်းများ အလုပ်ဖြစ်လျှက်ရှိရာ အထပ်မြင့်လျှင် မြင့်သလို ရေတင်ခမှာ တနာရီ ကျပ် ၇၀၀၀၊ ၈၀၀၀ ပေးရသည်ဟု သိရသည်။

တချို့က မီးစက်ဖြင့် ရေမောင်းသော်လည်း ရေတွန်းစက် နေရာက မီးပျက်သဖြင့် ရေပါ မလာလျှင်တော့ ရေသန့်ဘူးကြီးများကို ချိုးရေအဖြစ် အသုံးပြုကြရသည်ဟု မြို့လယ်တိုက်ခန်းနေ ရန်ကုန်သား တဦးက ပြောသည်။

“ရေသန့်ဗူးကြီး ၂ ဘူးလောက်ဆို လူတယောက် ချိုးလို့ရတယ်။ တဘူးကို ရေချည်းပဲ ကျပ် ၃၀၀။ ဒါတောင် ခုလို မီးအရမ်းပျက်တဲ့ အချိန်တွေဆို ရေသန့်က လိုချင်တိုင်း၊ ပိုက်ဆံပေးတိုင်း ရတာမဟုတ်ဘူး။ ကျနော်တို့လို အထပ်မြင့် တိုက်တွေဆို ပိုဆိုးသေးတယ်။ ပို့ပေးဖို့ မနည်းကို တောင်းပန်ရတယ်” ဟု သူက ဆိုသည်။

သန်လျှင်တွင် ဓာတ်ပုံဆိုင်ဖွင့်ထားသူ တဦးက “မီးလာရင် လာတယ်လို့မှတ်။ မလာရင်မလာဘူးလို့မှတ်။ အချိန်နဲ့ ပေးတယ်ဆိုပေမယ့် ဘယ်လိုပေးနေမှန်းကို မသိတော့ဘူး” ဟု ပြောပြသည်။

မည်သည့်အတွက်ကြောင့် ဤမျှလောက် လျှပ်စစ်မီး ပျက်ရသည်ကို မြို့နယ် လျှပ်စစ် ရုံးသို့ဖုန်းဆက်မေးကြည့်ရာ အတိအကျအဖြေ မပေးဟု ၎င်းကဆိုသည်။ သန်လျင်မြို့နယ်တွင် ဆေးရုံစသည့် အရေးကြီး အစိုးရ အဆောက် အအုံ များတွင် မီးပုံမှန်ပျက်နေသော်လည်း ရဲစခန်းကတော့ မီးပုံမှန်လာသည်ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးများ၊ မိတ္တူကူးဆိုင်၊ ကွန်ပျူတာ စာစီစာရိုက်၊ ဂျာနယ်တိုက်များ၊ မဂ္ဂဇင်းတိုက် များ၊ ဓာတ်ပုံဆိုင်၊ ပုံနှိပ်စက်၊ ဖလင်ခန်း စသည့် လျှပ်စစ်မီးဖြင့် အလုပ်လုပ်ရသည့် လုပ်ငန်းများမှာလည်း ကိုယ်ပိုင် မီးစက်များကိုသာ အားကိုးနေရသည်။

ရန်ကုန်မြို့လယ် လမ်းတိုင်း၏ လူသွားလမ်းများပေါ်တွင် ၁၀ ပေခန့်ခြား၍ မီးစက်အကြီး၊ အသေး အရွယ်စုံကို မြင်တွေ့နေရသည်ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ပြောသည်။

“ရန်ကုန်ကတော့ တထိန်းထိန်းနဲ့ မီးလင်းနေတယ်လို့ ပြောရမယ်ထင်တယ်။ မီးစက်သံ တထိန်းထိန်းညံနေတာကို ပြောတာ။ ပြီးတော့ မီးစက်က ထွက်တဲ့ အပူငွေ့တွေနဲ့၊ လူက ဘယ်ပြေးရမှန်းတောင် မသိဘူး” ဟု ၎င်းက ဆိုသည်။ ယခုအခါ စက်သုံးဆီဈေးကျသဖြင့် လူအများက မီးစက်များကို ပိုမို အသုံးပြုလာရာ ရန်ကုန် တမြို့လုံး မီးစက်သံများ ညံနေသည်ဟု သူက ဆက်ပြောသည်။

လျှပ်စစ်ရုံးရှိ ဝန်ထမ်းများမှာ မီးဖြတ်ရမည့် အချိန်တွင် မဖြတ်မိပါက အထက်လူကြီးများ၏ ဆူပူမှုကို ခံရသော ကြောင့် ဖြတ်ရမည့် အချိန်ကို အလွန်သတိထားကာ ဖြတ်ပေးနေရသည်ဟု ဆိုကြောင်း သုဝဏ္ဏမြို့နယ် လျှပ်စစ်ရုံး ဝန်ထမ်းများနှင့် နီးစပ်သူ တဦးကပြောပြသည်။

“သူတို့က ည ၂ နာရီ ၃ နာရီ မီးဖြတ်ဖို့ ရှိတယ်ဆိုရင် အစောကတည်းက ကြိုဖြတ်ထားလိုက်တယ် ပြောတယ်။ အိပ်ပျော်သွားပြီး မဖြတ်မိလိုက်မှာစိုးလို့ တဲ့” သူက ဆိုသည်။

၁၀ တန်း စာမေးပွဲများမှာ မတ်လ ၁၃ ရက်နေ့တွင် ဖြေဆိုကြရတော့မည်ဖြစ်ပြီး လျှပ်စစ်မီး ပုံမှန် မလာသော ကြောင့် ကျောင်းသားများ အခက်တွေ့နေရကြောင်း ဒဂုံမြို့သစ်တွင် နေထိုင်သည့် သတင်းထောက် တဦးက ပြောပြသည်။ ၎င်း၏ ညီမငယ်မှာ ၁၀ တန်းဖြေဆို ရမည်ဖြစ်ပြီး ညဘက်တွင် ဖရောင်းတိုင်ကိုသာ အားကိုး အားထားပြုကာ စာကျက်နေရကြောင်း ပြောပြသည်။

“စာမေးပွဲတွေနီးရင် မီးပုံမှန်လာပေးမယ်လို့ ပြောပေမယ့် ခုထိ မလာသေးပါဘူး။ စာမေးပွဲအတွင်း လာမှာ လားတော့ မသိဘူး” ဟု သူက ဆိုသည်။

စစ်အစိုးရ၏ ရုံးစိုက်ရာ နေပြည်တော်တွင်မူ လျှပ်စစ်မီးများ ပုံမှန်လာ၍ ထိန်ထိန်လင်းလျှက်ရှိကြောင်း နေပြည်တော်သို့ ပုံမှန် သွားနေရသည့် ဝန်ထမ်းတဦးက ဆိုသည်။

မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတဦးကမူ “မီးကမလာတော့ မီတာကမတက်ဘူး။ အဲဒါကို မီတာခ လာကောက်တဲ့ အချိန်မှာ မီတာ မတက်လို့ ဆိုပြီး မီတာဖတ်တဲ့ စာရေးက ဆူတယ်” ဟု သူ့အတွေ့အကြုံကို ပြောပြသည်။

စစ်အစိုးရ က မီဂါဝပ် ၂၁၀၀၀ ခန့် ထွက်ရှိမည်ဖြစ်သော ရေအားလျှပ်စစ် စီမံကိန်းအသစ် တည်ဆောက်နေသော် လည်း ယင်းလျှပ်စစ် ဓာတ်အားများ အမှန်တကယ်ထွက်ရှိလာပါက အိမ်နီးချင်း ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ရောင်းချဖွယ်ရှိကြောင်း ဝေဖန်ပြောဆိုနေကြသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှ ထုတ်လုပ်သုံးစွဲနေသည့် လျှပ်စစ်ပမာဏ ၂၄၀၀၀ မီဂါဝပ် ၏ ၁၉ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=806:2009-03-06-12-17-22&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */