လပွတ္တာ စီးပွားရေး နာလန်ပြန်မထနိုင်သေး

Thursday, March 26, 2009 ·

အောင်သက်ဝိုင်း | ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ် ခဲ့သည်မှာ တနှစ်နီးပါး ကြာမြင့်လာပြီ ဖြစ် သော်လည်း မုန်တိုင်းကြောင့် ပျက်စီးသွားရသော လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းနှင့် ပင်လယ်ရေထွက်ပစ္စည်း လုပ်ငန်းများ နာလန်ထူနိုင်ခြင်း မရှိသေးဘဲ ခက်ခဲသော အခြေအနေ များကြားတွင် ရုန်းကန်နေရကြောင်း လပွတ္တာ ဒေသခံ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀န်းမှ သတင်းရရှိသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာမြေများသည် ပင်လယ်ရေငန်များ၊ နုံးများ ၀င်ရောက်၍ ပျက်စီးခဲ့ပြီး ၎င်းလယ်မြေများကို ပြုပြင်ထွန်ယက် စပါးစိုက်ပျိုး ခဲ့သော်လည်း စပါးအထွက်နှုန်း အလွန်အမင်း ကျဆင်း ခဲ့ရကြောင်း သိရသည်။

ရေငန်နှင့် နုံးများ တင်ကျန်ကာ ပျက်စီးနေသော လယ်မြေများအား ပြုပြင်စိုက်ပျိုးခြင်းကို တောင်သူ လယ်သမား ကြီးများက ငွေချေးငှား လုပ်ကိုင်ခဲ့ကြသော်လည်း စပါးအထွက်နှုန်း ကျဆင်းခြင်းကြောင့် အကြွေးပတ်လည် ၀ိုင်းနေပြီး ယခု၂၀၀၉ ခုနှစ် မိုးရာသီ စိုက်ပျိုး ကာလတွင် စပါးစိုက်ပျိုးရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း လပွတ္တာမြို့နယ်အပိုင် အမတ်ကြီးကျေးရွာမှ တောင်သူများက ရှင်းပြသည်။

“ကျနော့်မှာ လယ်အကွက် ၇၀ ရှိတယ်။ ဧကနဲ့ပြောရင် ဧက ရှစ်ဆယ်ပေါ့။ ဒီဧက ရှစ်ဆယ်က ပုံမှန် အခြေအနေမှာ စပါးစိုက်ထားရင် စပါးတင်း အနည်းဆုံး လေးထောင်ထွက်တယ်။ ဒါပေမယ့် မုန်တိုင်းကြောင့် လယ်တွေထဲ ရေငန်နဲ့ နုံးတွေ ၀င်ပြီးတဲ့နောက်ပိုင်း စပါးတင်း နှစ်ထောင်ပဲထွက်တော့တယ်” ဟု အမတ်ကြီး ကျေးရွာတွင် နေထိုင်သူ တောင်သူကြီးတဦးက ပြောပြသည်။

မုန်တိုင်း တိုက်ခတ်ပြီးနောက် စပါးစိုက်ပျိုးရာတွင် ဓာတ်မြေသြဇာများ ယခင်ထက် ပိုမို အသုံးပြုရသည့်အတွက် စိုက်ပျိုးစရိတ် မြင့်မားခဲ့ပြီး စပါးအထွက်နှုန်း လျော့ကျခြင်းကို လပွတ္တာမြို့နယ်အပိုင် လယ်ယာစိုက်ပျိုးသည့် ကျေးရွာများ အားလုံး ကြုံတွေ့ နေရပြီး စပါးအထွက်နှုန်း လျော့နည်းချိန်တွင် ထွက်ရှိသော စပါးများမှာလည်း
အရည်အသွေး မကောင်းမွန်ဘဲ ရောင်းတန်းမ၀င် ဖြစ်နေသည်ဟု သိရှိရသည်။

“ထွက်တဲ့စပါးကလည်း အရည်အသွေးမကောင်းတော့ ကုန်သည်တွေက ဈေးကောင်းမပေးဘူး” ဟု ကညင်ကုန်း ကျေးရွာမှ လယ်သမားတဦးက ဆိုသည်။

စပါးအထွက်နှုန်းနည်းခြင်း၊ အရည်အသွေးမကောင်းမွန်ခြင်းများ ဖြစ်ပေါ်နေချိန်တွင် ကမ္ဘာ့ ငွေကြေး အကြပ် အတည်း၏ နောက်ဆက်တွဲ စားသောက်ကုန်အပါအ၀င် ကုန်စည်ဈေးနှုန်းများ အားလုံးကျဆင်းနေရာ စပါးဈေးနှုန်း မှာလည်း အနည်းဆုံးဈေးသို့ ကျဆင်းနေသည့် အတွက် လယ်သမားများ ပိုမို အခက်တွေ့ရသည်ဟု သိရှိရသည်။

“နာဂစ်မဖြစ်ခင် နှံကားစပါး တင်းတရာကို ကျပ် ၄ သိန်းနဲ့ ဈေးစဖွင့်ပြီး ၄ သိန်းနဲ့ ၅ သိန်းအကြား ဈေးပေါက် ခဲ့တယ်။ ခု နှံကား ပေါက်ဈေး တင်းတရာကို ၂ သိန်း ၄ သောင်းပဲရှိတယ်” ဟု ဘီတွတ်ကျေးရွာမှ စပါး အ၀ယ်ဒိုင် စီးပွားရေးသမားတဦးက ရှင်းပြသည်။

ယခင်နှစ်များက ကောက်ကြီး (မီးဒုံး) စပါးတင်းတရာလျှင် ငွေ ကျပ် ၅ သိန်းနှင့် ၆ သိန်းအကြား ရှိခဲ့ သော်လည်း ယခုအခါ ကောက်ကြီး စပါး တင်းတရာ ငွေ နှစ်သိန်းခုနစ်ထောင်သာရှိကြောင်း ယခင် တင်းတရာ လျှင် ၆ သိန်း နှင့် ၇ သိန်းအကြား ပေါက်ဈေး ရှိခဲ့သော ပေါ်ဆန်း စပါးမှာလည်း ယခု တင်းတရာ ၄ သိန်း ၂ သောင်းသာ ရှိသည်ဟု သိရှိရသည်။

မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်ရှိ လယ်သမားများ အရှုံးပေါ်နေမှုကြောင့် ယခုနှစ်မိုးရာသီတွင် အဆိုပါဒေသများမှ ၇၅ ရာခိုင်နှုန်းသော တောင်သူများမှာ လယ်လုပ်ရန် မသေချာသည့် အခြေအနေရှိသည်ဟုလည်း လပွတ္တာ စပါးစိုက် ကျေးရွာများတွင် စပါးလိုက်လံ ၀ယ်ယူနေသည့် လပွတ္တာဆန်စက် လုပ်ငန်းရှင်ကြီးတဦးက သုံးသပ်သည်။

“မုန်တိုင်းဖြစ်ပြီးတဲ့ အချိန်က အကူအညီ ထိထိရောက်ရောက် မရခဲ့ဘူး။ ကိုယ့်ခွန်ကိုယ့်အားနဲ့ စိုက်ပေမယ့် ရှုံးကြတော့ ဒီနှစ် လယ်သမားတွေ စပါးပြန်စိုက်နိုင်ဖို့ မလွယ်ဘူး။ တကယ် ကျေးရွာတွေ၊ လယ်တွေထဲ ဆင်းကြည့်ရင် အခြေအနေမှန်ကို သိမှာပါ” ဟု ၎င်းက ပြောသည်။

လပွတ္တာတွင် စပါးစိုက် တောင်သူလယ်သမား ကြီးများသာမက မုန်တိုင်းဒဏ်သင့် ဆန်စက်ကြီး များသည်လည်း ပြင်ဆင်စရိတ်ကြီးမားမှု၊ ကြိတ်ခွဲရန် စပါးဝယ်ယူ မရရှိနိုင်မှု အပါအ၀င် အခက်အခဲအမျိုးမျိုးကြောင့် တန် ၄၀၊ ၅၀ ကျ ဘွိုင်လာဆန်စက်ကြီး အများစု မလည်ပတ်နိုင်ဟု သတင်းရရှိသည်။

လပွတ္တာဒေသတွင် ဘွိုင်လာဆန်စက်ကြီး ၁၅ လုံးကျော်ရှိသည့်အနက် ၉ လုံးခန့်သာ လည်ပတ်နိုင်ပြီး ကျန်ဆန်စက်များမှာ ပျက်စီးနေဆဲဖြစ်ကာ ပြင်ဆင်စရိတ် ကျပ် သိန်းရာထောင်ချီ ရှိသည့်အတွက် မပြုပြင် နိုင်သော ကြောင့် လည်ပတ်ခြင်းမရှိဟု သိရသည်။

“ဆန်စက်လုပ်ငန်းရှင်တွေက သူတို့ ဘွိုင်လာ ဆန်စက်ကြီးတွေမှာ စပါးတွေ ၀ယ်ကြိတ်ပြီး ဆန်တွေကို ရောင်းကြတာ။ လက်ရှိမှာ ဆန်စက်လုပ်ငန်းရှင်တွေ စပါးဝယ်ဖို့ ဆန်ကြိတ်ဖို့ နေနေသာသာ ပျက်စီးနေတဲ့ ဆန်စက်ကိုတောင် မပြင်နိုင်ကြဘူး” ဟု ဆန်စက်လုပ်ငန်းရှင်တဦးက ဆိုသည်။

လပွတ္တာမြို့အနီးရှိ ရန်အောင်မာန်ပြေ ဘွိုင်လာဆန်စက်နှင့် မြစ်ဝကျွန်းပေါ် အမည်ရှိ ဆန်စက်ကြီးနှစ်ခုမှာ ဆန်ဂိုဒေါင်ရုံ အပျက်အစီးများ အကြားတွင် ဖြစ်သလို လည်ပတ်နေရကြောင်း သိရသည်။

“မုန်တိုင်းမှာ ဆန်ဂိုဒေါင်တွေ ပျက်စီးကုန်တယ်။ ဆန်ဂိုဒေါင်တွေ ပြင်မယ်ဆိုရင် အနည်းဆုံး သစ်တန် ရာချီ ကုန်နိုင်တယ်။ သစ်ကြမ်း တတန်ကို ကျပ် ၄ သိန်း၊ ပျဉ်းကတိုးသစ်တတန်ကို ၁၀ သိန်းဈေးပေါက်တော့ ဆန်ဂိုဒေါင်တွေ ပြင်မယ်ဆိုရင် အနည်းဆုံး သိန်း ၃၀၀ က အသာလေးကုန်တယ်။ ဒါကြောင့်မို့လို ရန်အောင် မာန်ပြေ နဲ့ မြစ်ဝကျွန်းပေါ် ဆန်စက်တွေမှာရှိတဲ့ ဂိုဒေါင်တွေကို မပြင်ဘဲ ဖြစ်သလို လည်နေကြတာ” ဟု လပွတ္တာဆန်စက် လုပ်ငန်းရှင်က ရှင်းပြသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ဒီဇယ်ဆီသုံး ဆန်စက်အသေးစား ဟာလာစက်များသည် လည်ပတ်နေကြ သော်လည်း စပါးလာရောက်ကြိတ်ခွဲ မည့်သူ မရှိဖြစ်နေသည်ဟု သိရှိရသည်။

ဟာလာစက်ဆိုသည်မှာ ကြိတ်ခယူကာ ဆန်စပါးကြိတ်ခွဲပေးသည့် စက်ကို ဆိုလိုခြင်း ဖြစ်ပြီး စပါးတင်း ရာဂဏန်းသာ ကြိတ်ခွဲနိုင်ကာ စပါး တင်းတရာလျှင် ကျပ် ၅ သောင်းကြိတ်ခွဲခ ယူသည်။

ဘွိုင်လာဆန်စက် ဆိုသည်မှာ ဆန်စက်လုပ်ငန်းရှင်များက တည်ထောင်ထားခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်
ဝယ်ယူထားသည့် စပါးများကြိတ်ခွဲကာ ဆန်ပြန်လည်ရောင်းချသော ဆန်စက်ကိုဆိုလိုခြင်းဖြစ်ပြီး စပါးတင်း ထောင်သောင်းချီ၍ တနေ့တည်း ကြိတ်ခွဲနိုင်သည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၏ တခြားသော အဓိက စီးပွားရေးတခု ဖြစ်သည့် ပင်လယ် ရေထွက် ပစ္စည်း လုပ်ငန်း များမှာလည်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကဲ့သို့ပင် ခက်ခဲသော အခြေအနေ များ ရင်ဆိုင်နေရသည်။

လပွတ္တာမြို့၏ အဓိက စီးပွားရေးဖြစ်သော ကဏန်း ရောင်းဝယ်ရေးလုပ်ငန်းသည် ပုံမှန်ပြန်လည် လည်ပတ်နေပြီ ဖြစ်သော်လည်း ဈေးနှုန်းကျဆင်းခြင်း၊ ၀ယ်လက် လျော့ကျခြင်းကြောင့် အမြတ်မကျန်ကြောင်း လပွတ္တာ ဒေသခံ ကဏန်း လုပ်ငန်းရှင်တဦးက ဆိုသည်။

“ကဏန်းဈေးလည်းကျ၊ ၀ယ်လက်လည်း ကျတယ်။ အရင်က စီးပွားဖြစ်ခဲ့ပေမယ့် ခုတော့ မိသားစု စားဝတ် နေရေး အတွက် မှေးလုပ် နေရတဲ့ ပုံစံပါ” ဟု အဆိုပါလုပ်ငန်းရှင်က ပြောပြသည်။

ယခု ကဏန်းရောင်းဝယ်ရေး လုပ်ငန်းတွင် ငွေကြေးလည်ပတ်မှု လျော့ကျနေပြီး အဓိက ၀ယ်လက်များ ဖြစ်သည့် ရန်ကုန်ဝယ်လက်နှင့် တရုတ်ပြည်သို့ တင်ပို့နေသည့် မူဆယ် ၁၀၅ မိုင် ကုန်သည်ဝယ်လက်များ၏ ကဏန်း ၀ယ်လိုအား ကလည်း ကျဆင်းလျက် ရှိနေသည်ဟု သိရှိရသည်။

“ရန်ကုန်နဲ့ မူဆယ် ၀ယ်လိုအား ခြောက်ဆယ်ရာခိုင်နှုန်းကျော် ကျတယ်။ ကိုယ်တိုင်ရန်ကုန်တက်၊ မူဆယ် တက်ပြီး ရောင်းမယ် ဆိုရင် ကဏန်း ဈေးကျနေတော့ မမြတ်ဘူး။ ရှုံးမယ်” ဟု ကဏန်း ရောင်းဝယ်သည့် ကုန်သည်တဦးက ဆိုသည်။

ယခုလက်ရှိ ကဏန်းဈေးနှုန်းမှာ ယခင်ထက် ကျဆင်းနေပြီး ကဏန်းမ ရှယ် (A) အဆင့် အလေးချိန် ဂရမ် ၁၅၀ အထက် တကီလိုလျှင် ၄၀၀၀ ကျပ်၊ ကဏန်းမ ရှယ် (B) အဆင့် အလေးချိန် ဂရမ် ၁၀၀ အထက် တကီလိုလျှင် ၁၃၀၀ ကျပ်၊ ကဏန်းထီးရှယ် (A) အဆင့် အလေးချိန် ဂရမ် ၂၅၀ အထက် တကီလိုလျှင် ၂၇၀၀ ကျပ်၊ ကဏန်းထီး ရှယ် (B) အဆင့် အလေးချိန် ဂရမ် ၁၅၀ အထက် တကီလိုလျှင် ၁၅၀၀ ကျပ်ရှိပြီး ဂျွန်ကဏန်း (ထီး၊ မ အရော) တကီလိုလျှင် ၁၅၀၀ ကျပ် ပေါက်ဈေး ရှိသည်ဟု သိရှိရသည်။

လပွတ္တာမြို့တွင် စုစုပေါင်း ကဏန်းဒိုင် ၅၉ ဒိုင်မှာ စီးပွားရေးပြန်လည် လုပ်ကိုင်နေပြီး ရန်ကုန်သို့ ကဏန်းပို့ နေသည့်ဒိုင် ၂၀ ရှိ၍ ကျန် ၃၉ ဒိုင်မှာ လပွတ္တာဒေသတွင် အရောင်းအ၀ယ် ပြုလုပ်နေပြီး ရန်ကုန်သို့ ကဏန်းပျော့ တင်ပို့မှု များပြားနေသည်။

ပင်လယ်ကမ်းနီး၊ ကမ်းဝေး ငါး ပုစွန် ဖမ်းဆီးသည့် လုပ်ငန်း၊ ရေချိုငါး ပုစွန် မွေးမြူရေး လုပ်ငန်းများသည် ဈေးနှုန်းကျဆင်းမှု၊ ပြည်ပ ၀ယ်လက်လျော့ကျမှု တို့ကြောင့် လက်ရှိအခြေအနေတွင် စီးပွားရေးကြပ်တည်းမှုများ ကြုံတွေ့နေရပြီး နာလန်မထူနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ပြောသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=880:2009-03-25-12-56-59&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */