ယခုနှစ်အတွက် ပထမ 'လေးလပတ် အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ

Friday, February 27, 2009 ·

မုံပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ် အစည်းအဝေး ကို မတ်လ ဒုတိယ အပတ်အတွင်း ကျင်းပရန် ပြင်ဆင်နေသည်။

ဤအစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အစီအစဉ် များအပါအဝင် ကိစ္စရပ် အမြောက်အမြားကို ဆွေးနွေးဖွယ် ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။

ဤအစည်းအဝေးပြီးလျှင် ဗိုလ်ချုပ်ကြီးများသည် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဥပဒေကို ကြေညာဖွယ် ရှိသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ဤလေးလပတ် အစည်းအဝေးများသည် စစ်တိုင်းမှူးများ၊ တပ်မဟာမှူးများနှင့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များပါ စုံညီစွာ တက်ရောက်သော အစည်းအဝေး ဖြစ်သည်။ ဤအစည်းအဝေးများကို နေပြည်တော်တွင် ကျင်းပလေ့ရှိပြီး တိုင်းပြည်တဝှမ်းမှ အရာရှိကြီး တက်ရောက်လေ့ ရှိသည်။

သို့သော် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာ သုံးသပ်သူ ဦးအောင်ကျော်ဇောကမူ ဤအစည်းအဝေး၌ ဆွေးနွေးအပြီးတွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲဥပဒေကို ကြေညာရန် ရာခိုင်းနှုန်း များသော်လည်း စစ်တပ်ထဲမှ အစိတ်အပိုင်း တချို့၊ အထူးသဖြင့် အသက်ကြီးပိုင်းက ရွေးကောက်ပွဲဥပဒေ ကြေညာခြင်းကို နောက်ထပ် ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆနေကြသည်။

“အောင်သောင်းနဲ့ ကျော်ဆန်းလိုလူတွေက ရွေးကောက်ပွဲ ဥပဒေကို အခု ကြေညာသင့်တယ်လို့ ထင်တယ်။ သူတို့က သူ တို့ဘက်က လုံလုံလောက်လောက် ပြင်ဆင်မှု ရှိထားပြီလို့ သေချာပေါက် တွက်နေတာ” ဟု စစ်အစိုးရ၏ စက်မှု (၁) ဝန်ကြီးနှင့် ပြန်ကြားရေး ဝန်ကြီးတို့ကို ရည်ညွှန်းကာ သူက ပြောကြားသွားခဲ့သည်။

သို့သော် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က စစ်တပ်မှ ရှုံးနိမ့်ခဲ့ရသည်ကို ကြုံထားရဖူးသည့် စစ်တပ် ထိပ်တန်း ခေါင်းဆောင် နှစ်ဦးဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကမူ အတိုက်အခံများကို ပြင်ဆင်ချိန် အကန့်အသတ်နှင့်သာ ပေးနိုင်ရန်အတွက် ဥပဒေ ကြေညာခြင်းကို ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆကြသည်။

“ဒီကိစ္စက အခု လေးလပတ် အစည်းအဝေးမှာ သူတို့ ဆွေးနွေးနိုင်တဲ့ အကြောင်းအရာပဲ” ဟု သူက ဆက်ပြောသည်။

စစ်တပ်သည် ဤ လေးလပတ်အစည်းအဝေး ၃ ခုကို နှစ်စဉ် ဇန်နဝါရီ၊ မေနှင့် စက်တင်ဘာလများတွင် ကျင်းပလေ့ ရှိသည်။ သို့သော် ၂ဝဝ၈ ခုနှစ်အတွင်း စစ်တပ်က မေလတွင် ကျင်းပရမည့် အစည်းအဝေးကို ၂ ကြိမ် ဖျက်သိမ်းခဲ့သည်။ အလားတူပင် နောက်ဆုံးကျင်းပရမည့် လေးလပတ် အစည်းအဝေးကိုလည်း နိုဝင်ဘာလတွင် ပြောင်းလဲ ကျင်းပခဲ့သည်။

“ကျနော့် သဘောပြောရရင် ဒီလေးလပတ် အစည်းအဝေးတွေက အနှစ်သာရ မရှိတော့ပါဘူး။ ထိပ်တန်း စစ်တပ်ခေါင်းဆောင် အနည်းငယ်လောက်ကပဲ သူတို့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ၊ စီမံကိန်းတွေကို လက်အောက် အရာရှိတွေကို ချပြတဲ့ အစည်းအဝေး ဖြစ်နေတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

သူ့အဆိုအရ ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦးဖြစ်သော ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဝန်ကြီးချုပ် သိန်းစိန်နှင့် အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးတို့သည် အစည်းအဝေး မတိုင်ခင် ကြိုတင် တွေ့ဆုံဆွေးနွေးကြပြီး လေးလပတ် အစည်းအဝေး မတိုင်ခင်ပင် အဓိက ကျသော ဆုံးဖြတ်ချက်များကို ကြိုတင် ချမှတ်ထားကာ အစည်းအဝေးသို့ တက်ရောက်လာသည့် လက်အောက် အရာရှိများကို သူတို့၏ ရှေ့အစီအစဉ်များ ရှင်းလင်းပြခြင်းသာ လုပ်သည်ဟု ဆိုသည်။

“အကြံပေးတာ၊ ဆွေးနွေးတာ ဒီအစည်းအဝေးမှာ နဲနဲပါးပါးတော့ လုပ်တယ်။ ဒါပေမဲ့ အဓိက ဆုံးဖြတ်ချက်တွေက ခုန ၅ ယောက်က အစည်းအဝေး မတိုင်ခင်ကတည်းက ကြိုချထားပြီးပြီ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

တပ်တွင်းနေရာ အရွှေ့အပြောင်း အများစုသည် ဤလေးလပတ် အစည်းအဝေးများ အတွင်း ဖြစ်ပွားလေ့ရှိပြီး၊ ထို လေးလပတ် အစည်းအဝေးများထဲမှ နောက်ဆုံးဖြစ်သော စက်တင်ဘာလတွင် ကျင်းပသော အစည်းအဝေးသည် အရေးအပါဆုံးဖြစ်ကာ၊ စစ်တပ်အတွင်း အဓိကကျသော နေရာ အပြောင်းအရွှေ့များကို အမြဲ ကြေညာလေ့ ရှိသည်ဟု စစ်ရေးအကဲခတ် အများစုက ပြောကြသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2516-2009-02-26-15-03-50.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */