အန်အယ်လ်ဒီကို စစ်အစိုးရ ရာဇသံပေး လူထုအတွက် အကောင်းဆုံးကို အန်အယ်လ်ဒီ တောင်းဆို

Friday, February 06, 2009 ·

မင်းနိုင်သူ | ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို အသိအမှတ် ပြုရမည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပြည်သူလူထု ထောက်ခံထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ပြားအောင်၊ ထိခိုက်အောင် လုပ်ဆောင် လာမှု မှန်သမျှကို ဆန့်ကျင်ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ခပ်တင်းတင်း ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး ခေတ်ပြိုင်က မေးမြန်းရာ ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်လေးစားလျှင် ပြည်သူများ တခဲနက်မဲပေး ရွေးချယ်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အဘယ့်ကြောင့် အသိအမှတ် မပြုသနည်းဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေကို နအဖစစ်အစိုးရက နာဂစ်ဖြစ်ပြီးစအချိန် ၂၀၀၈ မေလအတွင်း နိုင်ငံတကာ စောင့်ကြည့် လေ့လာ သူများကို လက်မခံဘဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး (၉၂.၄၈) ရာခိုင်နှုန်း ထောက်ခံခဲ့ကြောင်း ကြေညာခဲ့သည်။ သို့သော် အန်အယ်လ်ဒီ က အဆိုပါအခြေခံဥပဒေကို ပြန်သုံးသပ်ပေးရန် စစ်အစိုးရထံ တောင်းဆိုထားသည်။

“ကျနော်တို့ ပြန်လည်သုံးသပ်ရေးမူနဲ့ နအဖလုပ်နေတာတွေ နီးစပ်ပါ့မလားဆိုတော့ ရှေ့အလားအလာသုံးသပ်ရမှာ ခက်ပါတယ်။ အခုပြောသွားတဲ့အထဲမှာကိုက တရားမျှတမှုမရှိတာတွေ အများကြီးပါနေတယ်။ ပြည်သူ့ဆန္ဒကို လေးစားတယ်ဆို ပြည်သူတွေ ရွေးကောက်ထားတဲ့ ၁၉၉၀ ရလဒ်ကို ဘာဖြစ်လို့ အသိအမှတ်မပြုတာလဲ။ ကျနော်တို့က ဒီလိုပြန်ပြောချင်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အန်အယ်လ်ဒီအနေဖြင့် တောင်းဆိုထားချက်များ ရနိုင်မည့်အသွင်လက္ခဏာ မတွေ့ရကြောင်း၊ သို့သော် တိုင်းပြည်နှင့်လူထုအတွက် အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးကို တောင်းဆိုထားခြင်းကြောင့် ထိုအတိုင်းသာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ မရခဲ့လျှင် မည်ကဲ့သို့လုပ်ဆောင်သွားမည်ဆိုသည့် မူဝါဒဆိုင်ရာ ကိစ္စများကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။

အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့်စပ်လျဉ်း၍ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ထိပ်တိုက်တွေ့ရမယ့် သဘောတောင် ဖြစ်နေတယ်ပေါ့။ အစိုးရကလည်း ဒီဥပဒေကိုကိုင်ပြီး ရွေးကောက်ပွဲ လုပ်မယ်။ ရွေးကောက်ပွဲပျက်အောင် လုပ်တဲ့သူတွေကို အရေးယူ သွားမယ်ဆိုတာတွေက ဂမ်ဘာရီ မလာခင် ကတည်းက ပြောဆိုလုပ်ကိုင်ပြနေတာပဲ။ ဖွဲ့စည်းပုံကန့်ကွက်တဲ့သူတွေကို ဖမ်းတာ ဆီးတာတွေ လုပ်ခဲ့တာပဲကိုး။ တင်းတင်းကျပ်ကျပ်လုပ်တာကို တွေ့ရတယ်လေ။၂၀၁၀ ရွေးကောက်ပွဲကို နှောင့်ယှက်တယ်လို့ ယူဆရင် အစိုးရကတော့ ဖမ်းဆီးထောင်ချနေမှာပဲ။ အခုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချနေတာပဲလေ။ ဆိုတော့ အဲဒီအချိန်ကျတော့ အန်အယ်လ်ဒီ ဘက်က (၅) သောင်း၊ (၁) သိန်း ဖမ်းချင်ဖမ်းကွာဆိုပြီးတော့ ဆန္ဒပြမယ့်လူ ရှိသလား မရှိဘူးလား။ သူတို့ ကန့်ကွက်ပွဲ အောင်နိုင်ဖို့ရာက အနည်းဆုံး လူတသောင်းလောက် ထောင်ကျခံရဲတဲ့သူ ရှိသလား။ ဒါပဲ။ အဲဒီပေါ်မှာ တည်နေတယ်လေ။ အစိုးရ ဆိုတာကတော့ သူ့လက်ရှိအာဏာကို လက်မလွှတ်ချင်တာ သဘာဝပဲ” ဟု သုံးသပ်ပြောဆိုသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာလည်း အခြေအနေနှင့် အချိန်အခါပေါ် မူတည်သည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီအား ပြောခြင်းသည် မြန်မာစစ်အစိုးရဘက်က ဘန်ကီမွန်း ကို လက်ခံလိုခြင်း မရှိဆိုသည့် သဘောဖြစ်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့က ယူဆသည်။

ဂမ်ဘာရီအား နအဖပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ကျော်ဆန်း၏ ရှင်းလင်းပြောဆိုချက်များကို ချုပ်ကြည့်လျှင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘာရီ၏ ကမ်းလှမ်းချက်များကို အနုနည်းဖြင့် ငြင်းပယ်ခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့် တောင်းထားသည့် အန်အယ်လ်ဒီကိုလည်း ရာဇသံပေးသည့် သဘောဆောင်သည်ဟု အတိုက်အခံအချို့က ယူဆသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီထောင်ခွင့်၊ စည်းရုံးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်များ ကျယ်ကျယ်ပြန့်ပြန့် ရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် မည်သည့်လတွင် ကျင်းပမည်၊ ရွေးကောက်ပွဲဥပဒေကို မည်သည့်အချိန် ထုတ်ပြန်ပေးမည် စသည်တို့ကိုမူ ဖြေကြားသွားခြင်းမရှိပေ။

source by : http://www.khitpyaing.org/news/February_09/5-2-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */