မြန်မာငွေ ရုတ်တရက်မာ၊ ငွေလွှဲလုပ်ငန်းတချို့ ရပ်ဆိုင်း

Friday, January 23, 2009 ·

သတင်း အေးချမ်းမြေ့ ဧရာဝတီ | | မြန်မာငွေဈေး ၂ ရက်အတွင်း ရုတ်တရက် တက်လာပြီး မြန်မာငွေနှင့် ဆက်စပ် နေသည့် အမေရိကန် ဒေါ်လာ၊ ထိုင်း ဘတ်ငွေ၊ တရုတ် ယွမ်ငွေ၊ စင်ကာပူ ဒေါ်လာ စသည့် ငွေကြေးများ ဈေးထိုးကျသွားသဖြင့် တချို့သော ငွေလွှဲလုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း ကြားသိရသည်။

ယနေ့အမေရိကန် တဒေါ်လာ ပေါက်ဈေး (ရောင်းဈေး) မှာ ၁၀၇၀ ကျပ်သာရှိပြီး ယမန်နေ့က ၁၁၀၀ ကျပ်ဖြစ်သည်။ ၂၀ ရက်နေ့က အမေရိကန် တဒေါ်လာ ပေါက်ဈေး (ရောင်းဈေး) မှာ ၁၁၉၀ ကျပ်အထိ ရှိခဲ့သည်။

ထိုင်းဘတ် ၁ ဘတ်လျှင် လွန်ခဲ့သည့် ၂ ရက်ခန့်က ကျပ် ၃၀ ကျော် ဝန်းကျင်ခန့် ရှိရာမှ ယမန်နေ့ ညနေက ၂၅ ကျပ် ဝန်းကျင်သာ ရှိတော့သောကြောင့် ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ငွေလွှဲသည့် လုပ်ငန်းလုပ်ကိုင်နေသူတချို့ လုပ်ငန်းရပ်ဆိုင်းထားသည်ဟု ကြားသိရသည်။

“လွန်ခဲ့တဲ့ ၂ ရက်က မြန်မာငွေ ၁ သိန်းအတွက် ဘတ် ၃၂၀၀ ကျော်ပဲလွှဲရတယ်။ မနေ့ညနေက ၃၄၀၀ ကျော်ဖြစ်သွားတယ်။ ရုတ်တရက်ကြီးအဲလို ဖြစ်သွားတော့ အလုပ် ဆက်မလုပ်ရဲတော့ဘူး။ ခဏရပ်ထားဦးမယ်။ ဘယ်တော့မှ ပြန်ဖွင့်နိုင်မလဲ မပြောတတ်ဘူး” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်၍ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

စင်ကာပူ နိုင်ငံမှ မြန်မာငွေလွှဲနှုန်းလည်း တရိပ်ရိပ်ထိုးကျလျှက်ရှိရာ ဇန်နဝါရီ ၁၇၊ ၁၈၊ ၁၉ ရက် နေ့များတွင် စင်ကာပူ ၁ ဒေါ်လာလျှင် မြန်မာကျပ် ၇၅၀ ဝန်းကျင်ရှိနေရာမှ ၂၀ ရက်နေ့တွင် ၇၃၇ ကျပ်၊ ၂၁ ရက်နေ့တွင် ၇၂၀ ကျပ်ဖြစ်သွားပြီး ယနေ့ငွေလွှဲနှုန်းမှာ ၇၁၅ ကျပ် ဝန်းကျင်သာရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ ထိုနှုန်းများမှာ စင်ကာပူ ဒေါ်လာ ၁ ထောင်နှင့်အထက် လွှဲသူများအတွက်ဖြစ်သည်။

“မနက်က ကျနော်လှမ်းမေးတော့ ၇၀၇ ကျပ်တဲ့။ အဲဒါနဲ့ မလွှဲဖြစ်တော့ဘူး” ဟု စင်ကာပူ တွင် အလုပ်လုပ်နေ သည့် မြန်မာနိုင်ငံသား ကွန်ပျူတာ Hard ware ပညာရှင် တဦးက ပြောပြ သည်။

စင်ကာပူရှိ ငွေလွှဲလုပ်ငန်းတချို့ လုပ်ငန်းရပ်ဆိုင်းထားသကဲ့သို့ မြန်မာပြည်သို့ ငွေပို့မည့်သူ အတော်များများ သည်လည်း ယခုရက်ပိုင်းအတွင်း ငွေမပို့ကြကြောင်း ကြားသိရသည်။

တရုတ် - မြန်မာနယ်စပ်တွင်လည်း ငွေလဲနှုန်းအနေနှင့် မြန်မာငွေ ကျပ် ၁ သိန်းအတွက် ၅၆ ယွမ် မှ ၅၇၊ ၅၈ စသည်ဖြင့် တရိပ်ရိပ်တက်လာရာ ယခုအခါ ၆၀၊ ၆၁ ယွမ်အထိ ဖြစ်လာသည် ဟု သိရသည်။

“ဗမာငွေဈေးတက်လာတာပါ။ ခုချိန်မှာ အရောင်းအဝယ်တွေအားလုံးလည်း ရပ်နေတယ်။ အရောင်းအဝယ်ရပ်တာကတော့ တရုတ်နှစ်သစ်ကူးနဲ့လည်း ဆိုင်ပါတယ်။ တရုတ်ဘက်က လည်း မဝယ်တော့ဘူး။ မြန်မာဘက်ကလည်း မရောင်းကြတော့ဘူး” ဟု တရုတ်မြန်မာ နယ်စပ်တွင် ကျောက်စိမ်းအရောင်းအဝယ် ပြုလုပ်နေသည့် ကုန်သည်တဦးက ပြောပြသည်။

ဒေါ်လာဈေးအတက်အကျမှာ နိုင်ငံ၏ export - import နှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ရန်ကုန်တွင် နေထိုင်သည့် လုပ်ငန်းရှင်တဦးဖြစ်သူ ကိုအေးသူရက ပြောသည်။

၎င်းက ပြည်တွင်း၌ ဒေါ်လာဈေးကျခြင်းမှာ ဒေါ်လာကို သုံးမည့်သူများ မရှိသောကြောင့် ဖြစ်သည်ဟု သုံးသပ်ပြသည်။ ဒေါ်လာကို မသုံးခြင်းမှာ အမျိုးမျိုးရှိနိုင်ပြီး အစိုးရ ကိုယ်တိုင်က သုံးခွင့်မပေးခြင်း (import ကို ကန့်သတ်ခြင်း)၊ ကမ္ဘာ့စီးပွားရေး ကပ်ကြောင့် ပြည်တွင်း ဝယ်လိုအား ကျလာကာ လုပ်ငန်းရှင်များ import မလုပ်တော့ခြင်း စသည်ဖြင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

“import သမားတွေ များရင် ယူအက်စ်ဒေါ်လာ demand က တက်လာမှာပဲ။ မြန်မာငွေ ဈေးတက်တာ import တွေ နည်း သွားတာနဲ့ အများကြီးဆိုင်တယ်။ ဒီမှာက သူများ နိုင်ငံတွေလို open market economy မဟုတ်တော့ ပြောရခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ စီးပွားရေး တောင့်တင်းလာလို့ မြန်မာငွေ မာလာတာ မဟုတ်တာတော့ အသေအချာပဲ” ဟု ကိုအေးသူရက ဆက်ပြောသည်။

ငွေကြေးဈေးကွက် ကျွမ်းကျင်သူများကမူ ယခုကဲ့သို့ မြန်မာငွေဈေး ရုတ်တရက် ထိုးတက် လာခြင်းမှာ မှောင်ခိုဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အမြောက်အမြား ဝင်ရောက်နေ သောကြောင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။

အတည်မပြုနိုင်သော သတင်းများအရ မှောင်ခိုဈေးကွက်အတွင်း အမေရိကန် ဒေါ်လာများ ဖောင်းပွနေရခြင်းမှာ ရန်ကုန်သို့ ဘိန်းမှောင်ခိုကြီးများဆင်းလာကာ ဘိန်းအရောင်းအဝယ် အကြီးအကျယ် ပြုလုပ်နေသောကြောင့်ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တွင် ဒေါ်လာဈေး ထိုးကျနေသောကြောင့် မဖြစ်မနေ ရောင်းဝယ်နေသူတို့မှအပ ငွေကြေးအရောင်းအဝယ် မရှိကြောင်း စုံစမ်းသိရှိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */