ဦးသန့် ဂုဏ်ပြုတံဆိပ်ခေါင်း ထုတ်မည်

Saturday, December 13, 2008 ·

သတင်း အေးချမ်းမြေ့ ဧရာဝတီ | မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂ စာတိုက် ဆက်သွယ်ရေးဌာန (UNPA) က “ဦးသန့် နှစ် ၁၀၀ ပြည့် တံဆိပ်ခေါင်း” ကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ လအတွင်း ဖြန့်ချိတော့မည် ဖြစ်သည်။


ဦးသန့်
UNPA ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြချက်အရ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ၎င်းတံဆိပ်ခေါင်းကို ဖြန့်ချိမည်ဖြစ်ကာ အမေရိကန်ဒေါ်လာ၊ ဆွစ်ဖရန့်၊ ယူရို ငွေ သုံးမျိုးနှင့် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဈေးနှုန်းမှာ အမေရိကန် ၀. ၉၄ ဒေါ်လာ၊ ဆွစ် ဖရန့် ၁. ၃ သို့မဟုတ် ယူရို ၁. ၁၅ တို့ ဖြစ်သည်။ ဦးသန့်၏ မွေးနေ့မှာ ၁၉၀၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ဖြစ်သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုအထိ သက်တမ်း ၂ ခု တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် အာရှ၏ ပထမဆုံး သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး မစ္စတာ ဘန်ကီမွန်းက ဒုတိယ ဖြစ်သည်။

ဦးသန့်သည် ၎င်းတာဝန်ထမ်းဆောင်စဉ် ကျူးဘား ဒုံးပျံအရေးအခင်းနှင့် ကွန်ဂို ပြည်တွင်းစစ် ပြဿနာများကို ဖြေရှင်းခဲ့သည်။

ထို့ပြင် ၎င်းသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး (UNDP) နှင့် သဘာဝပတ်ဝန်းကျင် အေဂျင်စီ၊ ရန်ပုံငွေ ဆိုင်ရာ အစီအစဉ်များ၊ ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အထွေထွေ ညီလာခံ (UNCTAD)၊ ကုလသမဂ္ဂ ကျောင်းများ၊ သင်တန်းများနှင့် သုတေသနလုပ်ငန်းများ (UNITAR) စသည့် ကမ္ဘာ့ကုလသမဂ္ဂ နှင့်သက်ဆိုင်သည့် အစီအစဉ်များကို စတင် တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

၎င်းသည် မြန်မာပြည်တွင်းတွင်လည်း များစွာသော ဝေဖန်စာများ ဆောင်းပါးများနှင့် အယ်ဒီတာ့ အာဘော်များကို သတင်းစာနှင့် ဂျာနယ် မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်။

ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ အသုဘ အခမ်းအနား၌ ဆန္ဒပြပွဲဖြစ်ပေါ်ခဲ့သောကြောင့် မြန်မာ့သမိုင်းတွင် ထင်ရှားသည့် “ဦးသန့် အရေးအခင်း” ဟူသည့် မှတ်တိုင် ဖြစ်ပေါ်စေခဲ့သည်။

ထိုစဉ်က ဦးနေဝင်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်အစိုးရက မြန်မာပြည်၏ တဦးတည်းသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ အသုဘ အခမ်းအနားကို သာမန်ပုံစံသာ ကျင်းပရန်စီစဉ်ခဲ့သောကြောင့် ထောင်ပေါင်းများစွာသော မြန်မာပြည်သူလူထုက နာကျည်းခဲ့ရာမှ ဦးသန့်အရေးအခင်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အသုဘအခမ်းအနား ကျင်းပရာ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားများက ဦးသန့်၏ရုပ်အလောင်းကို လုယူသယ်ဆောင်ပြီး ရန်ကုန် တက္ကသိုလ် ကျောင်းဝန်းအတွင်း မြှုပ်နှံရန် စီစဉ်ခဲ့ကြသည်။

ဦးနေဝင်း အစိုးရ၏ ညွှန်ကြားချက်အရာ နှိမ်နင်းဖြိုခွင်းသူတို့က ဆန္ဒပြလှုပ်ရှားသူတို့ကို အပြင်းအထန် တိုက်ခိုက်ကာ ဦးသန့်၏ အလောင်းကို ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းမှ ဖယ်ရှားခဲ့ပြီး ၎င်းနှိမ်နင်းမှုကြောင့် တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာ ကျဆုံး ခဲ့ရသည်။

လက်ရှိ စစ်အစိုးရပိုင် သတင်းစာများက ဦးသန့်အထိမ်းအမှတ် တံဆိပ်ခေါင်း ဖြန့်ချိမည့် သတင်းကို ရေးသားဖော်ပြခြင်း မရှိသော်လည်း ယခု အပတ်ထုတ်ဝေသည့် ရန်ကုန် အခြေစိုက် အပတ်စဉ် ဂျာနယ်များ ဖြစ်သည့် ဝိကလီးအလဲဗင်းနှင့် ဘိုင်ဝိကလီးအလဲဗင်း သတင်း ဂျာနယ်များတွင်မူ ၎င်းသတင်းကို ဖော်ပြထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */