မလေးရှားရှိ မြန်မာ အကူအညီပေးရေး အဖွဲ့များ ဒုက္ခသည် မှတ်ပုံတင်ခွင့် ရောင်းစား

Monday, October 04, 2010 ·

ကိုထွေး | မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြုလုပ် ပေးနေသည့် ဒုက္ခသည် မှတ်ပုံတင်ခွင့်ကို ရရှိနေသော အဖွဲ့အစည်းများက ယင်းမှတ်ပုံတင်ခွင့်ကို အကျိုးစီးပွား အတွက် ရောင်းစားနေကြောင်း သတင်းရရှိသည်။


ကွာလာလမ်ပူရှိ UNHCR ရုံးရှေ့တွင် ဆန္ဒပြနေသော မြန်မာဒုက္ခသည်များ။ (ဓာတ်ပုံ - AFP)
မလေးရှား နိုင်ငံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ (မလေးရှား) (NLD-LA)၊ ဗမာ ဒုက္ခသည် ကယ်ဆယ်ရေး အသင်း (BRO)၊ ချင်း ဒုက္ခသည် ကော်မတီ (Chin Refugee Committee-CRC)၊ ရခိုင် ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့(ARRC) အပါအဝင် အဖွဲ့အစည်း များက ယင်းသို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူ ရောက် မျက်မြင် သက်သေ မြန်မာ အသိုင်းအ၀န်းက ပြောသည်။

BRO နှင့် NLD-LA အဖွဲ့ဝင် တဦးဖြစ်သော ကိုမောင်က “ကျနော့်မှာ အဖွဲ့ဝင်ကတ်လည်းရှိတယ်။ လစဉ်ကြေး ရင်းဂစ် ၆၀ (၁၈၀၀ ကျပ်) လောက်ပေးလာတာ တနှစ်လောက်ရှိပြီ။ အခု UN က ဒုက္ခသည် မှတ်ပုံတင်ခွင့် ပေးတော့လည်း ကျနော့်ကို ဘာမှ မပြောဘူး။ ပိုက်ဆံပေးနိုင်တဲ့သူတွေကို ပေးလိုက်တယ်။ ပိုက်ဆံယူပြီး လုပ်နေကြတယ်” ဟုပြောသည်။

UNHCR က ဒုက္ခသည် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အထောက်အထားများ ထုတ်ပေးခြင်းကို သြဂုတ်လ ၁၇ ရက် နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ပြုလုပ်ပေးခဲ့သည်။

“မလေးရှားမှာ ကျနော် နေထိုင်ခွင့် အတွက် လတ်မှတ် တခုမှမရှိဘူး။ UNHCR ကလည်း အဲဒီလို အဖွဲ့အစည်းတွေကိုပဲ ထုတ်ပေးတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ရခိုင်နှင့် ဗမာများကို မလေးရှား UNHCR က နှစ်အတန်ကြာ လျစ်လျူရှုထားပြီးနောက် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဒုက္ခသည် မှတ်ပုံတင်ရန် လူဦးရေ ၆၀၀၀ ခန့်ကို မြန်မာ အဖွဲ့အစည်းများထံ ချပေးခဲ့ကြောင်း ယင်းအဖွဲ့အစည်းများနှင့် နီးစပ်သူများက ဆိုသည်။

UNHCR တွင် ဒုက္ခသည် အဖြစ် မှတ်ပုံတင်ခွင့် ရရှိထားသူများသည် ဆေးကုသမှုခံယူပါက ကုန်ကျစရိတ်၏ တ၀က်သာ ကျခံရမည်ဖြစ်သည့်အပြင် မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပါက UN တာဝန်ရှိသူများက လိုက်လံ ဆောင်ရွက်ပေးလေ့ရှိသဖြင့် မလေးရှားရှိ မြန်မာ အလုပ်သမားများအကြား ဒုက္ခသည် မှတ်ပုံတင်ခွင့် ရေပန်းစားလျက်ရှိသည်။

မလေးရှားတွင် လာရောက် အလုပ်လုပ်ကိုင်နေသော ဆန်နီက “ကျနော့် သူငယ်ချင်းက NLD-LA နဲ့ မှတ်ပုံတင်တာ ရင်းဂစ် ၇၀၀ (ကျပ် ၂ သိန်း ၁ သောင်းခန့်) ပေးရတယ်။ BRO က ရင်းဂစ် ၅၀၀ (ကျပ် ၁ သိန်းခွဲ) ပေါက်ဈေးရှိတယ်။ ကျနော်လည်း မှတ်ပုံတင်၊ မတင် စဉ်းစားနေတာ” ဟု ဧရာဝတီသို့ ပြောသည်။

CRC ၊ NLD-LA ၊ BRO စသော အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ မှတ်ပုံတင်ပါက ရင်းဂစ် ၃၁၀ မှ ရင်းဂစ် ၇၀၀ အထိ ပေါက်ဈေးရှိပြီး အခကြေးငွေပေး၍ ဆောင်ရွက်ခြင်းသည် အဖွဲ့ဝင်များထက် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်ရရန် ပိုမို သေချာကြောင်းလည်း သိရသည်။

ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်ပေးနေသည့် ကိုကျော်ထူးအောင်က “မလေးရှား NLD က ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆောင်ရွက်နေသလိုလို အသံလွှင့်တယ်။ တကယ်တော့ ဒုက္ခသည် မှတ်ပုံတင်ချင်တဲ့သူတွေဆီက ပိုက်ဆံ ကောက်နေတာ။ အဲဒါကို မခံချင်လို့ အလိမ်ခံရတဲ့ လူတယောက်နဲ့ အင်တာဗျူးကို ကျနော် ဘလော့ဂ်ပေါ်မှာ တင်လိုက်တယ်” ဟု ဆိုသည်။

ယင်းစွပ်စွဲချက်ကို မလေးရှား NLD-LA နှင့် ARRC တို့က ငြင်းဆိုခဲ့သော်လည်း BRO အဖွဲ့ကမူ ယင်းကိစ္စအတွက် ဖြေကြားပြောဆိုနိုင်မည့်သူ မရှိဟု ဧရာဝတီက ဆက်သွယ်ရာတွင် ပြန်ကြားခဲ့သည်။

မလေးရှား UNHCR သည် မြန်မာနှင့် ရခိုင်များကို ဒုက္ခသည်အဖြစ်အသိအမှတ် မပြုဘဲ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများကြောင့် ဇွန်လ ၆ ရက်နေ့က ရခိုင် ဒုက္ခသည် ၅၀၀ ခန့် UNHCR ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

တလလျှင် ၂ ကြိမ် ထုတ်ဝေ ဖြန့်ချိနေသည့် မလေးရှားနိုင်ငံ အခြေစိုက် သူရိယ ဂျာနယ် အယ်ဒီတာက “UNHCR က ချင်းနဲ့ ရိုဟင်ဂျာတွေကို အခွင့်အရေး ပိုပေးထားတယ်။ တခြားလူမျိုးတွေကိုတော့ ခွဲခြားဖိနှိပ်မှုတွေ လုပ်နေတယ်။ ဒါဟာ ဒုက္ခသည် အစစ်တွေ မှတ်ပုံတင်ခွင့်ရဖို့အတွက် အခက်အခဲဖြစ်တယ်” ဟု ပြောသည်။

“ကျနော်မှတ်မိသလောက် ပြောရရင် အရင်က မလေး UNHCR မှာ ချင်းစကားပြန် တယောက်ပဲ ထားပေးတယ်။ တခြားလူမျိုးတွေအတွက် စကားပြန်မရှိဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဧရာဝတီက ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ UNHCR ကို ဆက်သွယ်ခဲ့သော်လည်း တစုံတရာ ဖြေကြားခြင်း မရှိခဲ့ပေ။

ချင်းခေါင်းဆောင်များက မလေးရှားရှိ UNHCR သို့ သွားရောက် တောင်းဆိုမှုကြောင့် ဒုက္ခသည်များအဖြစ် ချင်းလူမျိုးများကို ၂၀၀၁ မှ စတင်၍ အသိအမှတ် ပြုခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် ဇွန်လမှ ၂၀၁၀ မတ်လ အထိ CRC ကို ဒုက္ခသည် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ လတ်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း CRC မှ ပူးတွဲ အကောင်ထည်ဖော်သူ တဦးဖြစ်သူ Kennedy Lal Ram Lian က ပြောသည်။

“ကျနော်တို့ ကိုယ်တိုင်ကလည်း သောင်းဂဏန်းလောက်ရှိတဲ့ လူတွေကို လိုက်ပြီးတော့ မကြီးကြပ်နိုင်တော့ အဖွဲ့ခွဲလေးတွေကိုပဲ ကိုင်တွယ်ခိုင်းတယ်။ သူတို့ ကိုင်တွယ်ထားတဲ့ စာရင်းတွေဆိုတော့ အဲဒီမှာ တချို့ လွဲချော်မှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီကိစ္စကို အတိအကျ သွားပြီးတော့ လေ့လာနိုင်တဲ့ အတိုင်းအတာမရှိဘူး” ဟု ၎င်းက ဆိုသည်။

ချင်းအဖွဲ့ အနေဖြင့် မှတ်ပုံတင်ကြေးအဖြစ် လူတဦးလျှင် ရင်းဂစ် ၃၀ (ကျပ် ၉၀၀၀ ခန့်) ကောက်ခံကြောင်း၊ ဒုက္ခသည် မှတ်ပုံတင်ခွင့်အတွက် ကူညီ ဆောင်ရွက်ပေးရသူများကို ဖုန်းခ၊ ခရီးစရိတ် စသော ကုန်ကျ စရိတ်များအတွက် ပြန်လည်ထောက်ပံ့ ပေးရသည်များလည်း ရှိကြောင်း ဆိုသည်။

သို့သော်လည်း CRC နှင့် ဒုက္ခသည် မှတ်ပုံတင်ခွင့် ရရှိရန် ဆောင်ရွက်ခဲ့သည့် အမည်မဖော်လိုသူ တဦးက ဒုက္ခသည် လတ်မှတ်ရရှိရေး အတွက် CRC က ရင်းဂစ် ၃၅၀၀ (ကျပ် ၁၀ သိန်းကျော်) ခန့် တောင်းဆိုကြောင်း၊ မှတ်ပုံတင်ရန်အတွက် တခုတည်းကိုမူ ရင်းဂစ် ၁၂၀၀ (ကျပ် ၃ သိန်းခွဲကျော်) ပေးရကြောင်း ဆိုသည်။

“ဒုက္ခသည်ဖြစ်ပြီးတော့ တတိယနိုင်ငံမှာ အခြေချဖို့ အတွက် ရင်းဂစ် ၃၅၀၀ ပေးရတာ တန်တယ်လို့ သူတို့က ပြောတယ်၊ UN မှာ အင်တာဗျုးအတွက်လည်း သူတို့က ရေးပေးတယ်” ဟု ၎င်း ကဆိုသည်။

သြဂုတ်လကုန်အထိ ဒုက္ခသည် ၉၀၃၀၀ ခန့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် စာရင်းပေးခဲ့ကြောင်း၊ ယင်းတို့ အထဲတွင် ၈၃၀၀၀ သည် မြန်မာနိုင်ငံမှဖြစ်ကြောင်း၊ ချင်း ၃၈၅၀၀၊ ရိုဟင်ဂျာ ၁၉၇၀၀၊ မြန်မာ မွတ်ဆလင် ၇၄၀၀၊ မွန် ၃၉၀၀၊ ကချင် ၃၅၀၀ ခန့် ဖြစ်ပြီး တခြား တိုင်းရင်းသား လူနည်းစုများလည်းပါဝင်ကြောင်း မလေးရှား UNHCR အင်တာနက် စာမျက်နှာတွင် ရေးသား ထားသည်။

ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံသည် ပါဝင် လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယနိုင်ငံများသို့ သွားရောက် နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ် အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများသည် UNHCR ၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

ဆင်းရဲသည့် အာရှနိုင်ငံများမှ အလုပ်သမား အများအပြား မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်လျက် ရှိသည်။ ထိုအထဲတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး အလုပ်ရှာဖွေသူများ ရှိသကဲ့သို့ အလုပ်သမား အေဂျင်စီများနှင့် ဆက်သွယ်ပြီး တရားဝင် သွားရောက်သူများလည်း ရှိနေသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */