ရဲရင့် | ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် သွားရောက် ပူးပေါင်းမည့် ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို လက်ဦးမှုယူ၍ သုတ်သင်ရန်နှင့် ၎င်းတို့ သွားရောက်သည့် အဓိက နယ်စပ် လမ်းကြောများကို ပိတ်ဆို့ ထားရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အမိန့်ပေး ထားသည်ဟု နယ်ခြားစောင့်တပ် အရာရှိတဦးက ပြောသည်။
၎င်းက “ဒီကေဘီအေ ကနေ ကရင်နယ်ခြား စောင့်တပ် အသွင် ပြောင်းထားတဲ့ အထဲက တပ်ဖွဲ့ဝင် (၁၀၀) ကျော်ဟာ အသွင် ပြောင်းပြီးတာနဲ့ တလကျော် ကာလအတွင်းမှာ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေး တပ်ဘက်ကို လက်နက်တွေနဲ့ အတူ သွားပူးပေါင်းတာ တွေကို ထိန်းချုပ်ဖို့ အတွက် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းက အောက်ခြေ တပ်မှူးတွေကို အမိန့် ပေးထားတယ်” ဟု ပြောသည်။
အဆိုပါ တပ်ဖွဲ့ဝင်များသည် နအဖစစ်တပ်၏ ဖိနှိပ် အုပ်ချုပ်မှု အောက်တွင် မနေလို၍ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇)၊ တပ်မဟာ (၆) နှင့် ခွဲထွက် ဒီကေဘီအေ တပ်မဟာ (၅) စသည့်တပ်များနှင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု တပ်ဖွဲ့ဝင်များက ပြောသည်။

ကေအန်ယူ လက်အောက်ခံ ကေအန်အယ်လ်အေ တပ်မဟာ (၇) တွင် လာရောက်ပူးပေါင်းသည့် လှိုင်းဘွဲ့ အခြေစိုက် နယ်ခြားစောင့် တပ်မှ အရာရှိတဦးက “လွန်ခဲ့တဲ့ သြဂုတ်လ (၁၈) ရက်နေ့က ဒီကေဘီအေကို နယ်ခြားစောင့်တပ် အဖြစ် စပြီးပြောင်းခဲ့တယ်။ အဲဒီ အချိန်ကစပြီး ကျနော်တို့ အားလုံးဟာ နအဖ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အဖြစ် သစ္စာခံကြရတယ်။ ကရင် အမျိုးသား အလံတော်နဲ့ အဆောင်အယောင်တွေ ဘာတခုမှ အသုံးပြုခွင့် မရှိတော့ဘူး။ ဘာလုပ်ပိုင်ခွင့်မှလည်း မရှိတော့ဘူး။ ဒါကြောင့် ဒီကို ပြန်လာတာပါ” ဟု ပြောသည်။
နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူများ အနက် လိုက်လံ ဖမ်းဆီး ရမိသူ (၁၀) ဦးခန့်ကိုလည်း ဖမ်းဆီးမိသည့် တောထဲ၌ပင် လက်နက်များကို သိမ်းကာ သတ်ပစ်လိုက်သည့် ဖြစ်ရပ်များ လှိုင်းဘွဲ့နှင့် မြ၀တီ မြို့နယ် တို့တွင် ယခင်လ အတွင်း၌ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။
အဆိုပါ လာရောက်ပူးပေါင်းသူ (၁၀၀) ခန့်သည် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအတွက် နအဖ က တပ်ဆင်ပေးသည့် လက်နက်ငယ်များနှင့် အခြားလက်နက်ကြီးအချို့ အပါအ၀င် လက်နက်အရေအတွက် (၁၀၀) ကျော်ပါရှိသည်ဟု ကေအန်အယ်လ်အေ တပ်မှူးတဦးက ပြောသည်။
လှိုင်းဘွဲ့ မြို့နယ်တွင် အခြေစိုက်သည့် နယ်ခြားစောင့် တပ်ရင်းမှူး တဦးက ကေအန်အယ်အေ တပ်မဟာ (၇) ဒေသတွင် ရောက်ရှိ နေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည် လွှဲပြောင်း ပေးရန် တပ်မဟာ (၇) ၏ အဆင့်မြင့် တပ်မှူးများထံ ဆက်သွယ် ခဲ့သော်လည်း ကေအန်အယ်လ်အေမှ ငြင်းဆန် ခဲ့သည်ဟု သိရသည်။
ကေအန်ယူမှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက “ပြန်လာတဲ့ လူတွေကို ကောင်းမွန်စွာ လက်ခံတယ်။ သူတို့ ဆန္ဒအတိုင်း ဖြစ်ချင်တာကို ဦးစားပေးတယ်။ အများစုကတော့ အပြင်မှာပဲ သာမန် အရပ်သားအနေနဲ့ နေကြတာ များတယ်။ သူတို့ ယုံကြည်ချက်နဲ့ သူတို့ လာတာ ဘာမှပြန်ပို့စရာ အကြောင်းမရှိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဒီကေဘီအေ အဖွဲ့ကို နအဖက ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့မှ စတင်ကာ နယ်ခြား စောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment