တက်လူ | ရန်ကုန်တိုင်းအတွင်းရှိ ထောက်ကြန့်၊ အင်းတိုင်၊ ရဲမွန်နှင့် လှည်းကူးမြို့တို့တွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေး တင်းကျပ်စွာချထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း လှည်းကူးမြို့ခံများက ပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ တတိယပတ်၌ ရဲမွန်မြို့တပ်တွင်းတွင် တပ်မတော်သားများက လစာမှ လစဉ်ဖြတ်နေသည့် စုငွေကို ပြန်လည်ရရှိလိုကြောင်း တောင်းခံမှုပေါ်ပေါက်ခဲ့သဖြင့် ယင်းသို့ လုံခြုံရေးချထားခြင်းဖြစ်သည်ဟု အဆိုပါဒေသခံများက ပြောသည်။
“ဘယ်က စစ်သားတွေလဲတော့ မသိဘူး၊ လုံခြုံရေးချတာ စစ်သားတွေ ဖြစ်နေတယ်။ ကျနော်တို့ဒေသမှာ ရဲမွန်ကစစ်တပ်ပဲ။ စစ်တပ်ကို စစ်တပ်က ပြန်ပြီးတော့ လုံခြုံရေးယူတာတွေ့တော့ အမြင်ဆန်းနေတာပေါ့။ ပြီးခဲ့တဲ့ရက်က အင်းတိုင်နဲ့ လှည်းကူးတွေမှာ တချို့တွေကို စစ်ဆေးမှုတွေ လုပ်တယ်။ အသွားအလာတောင် နည်းသွားကြတယ် ထင်ရတာ။ အခုတော့ ပြန်ပြီးသွားလာနေကြပြီ။ ဒါပေမယ့် လုံခြုံရေးကတော့ ချထားတုန်းပဲ” ဟု လှည်းကူးဒေသခံတဦးက ပြောသည်။
ရဲမွန်တပ်မြို့မှ တပ်သားအများစုသည် အထက်အရာရှိများ၏ အမိန့်ကို နာခံမှုမရှိသူများနေကြောင်း၊ ထို့ကြောင့် လစဉ်စုငွေ ပြန်လည်တောင်းခံမှု ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း တပ်တွင်းမှ တပ်သားအချို့၏ ပြောပြချက်အရ သိရသည်။
အခြေခံစစ်သားတယောက်၏ လစာမှာ ရှားပါးစရိတ် အပါအ၀င် ကျပ် (၄၀,၀၀၀) ကျော်ရရှိသော်လည်း ရဲမွန်တပ်တွင်းတွင် စားဝတ်နေရေးအဆင်မပြေသော တပ်တွင်းမိသားစု များနေပြီး ၎င်းတို့အနေဖြင့် ငွေကြေးလိုအပ်မှုများစွာရှိသည့်အတွက် ၎င်းတို့စုငွေကို ပြန်လည်တောင်းခံခြင်းဖြစ်ကြောင်း တပ်မိသားစုများထံမှ သိရသည်။
“အန်တီ တူမရဲ့ ခင်ပွန်းက အဲဒီရဲမွန်တပ်မှာ တပ်ကြပ်တယောက်ပါ။ ကလေး (၃) ယောက်နဲ့ မပြေလည်တာတွေကတော့ ပြောမနေနဲ့တော့။ အန်တီက အဒေါ်တယောက်အနေနဲ့ သူတို့မိသားစုကို အမြဲလိုထောက်ပံ့ပေးနေရတာ။ ခင်ပွန်းက တပ်ကြပ်၊ မိန်းမက တပ်တွင်းမှာစက်ချုပ်တယ်၊ မလောက်ငတဲ့အတွက် သူ့သမီးတယောက်၊ သားတယောက် ကျောင်းစရိတ်ကို အန်တီတို့ကပဲ ထောက်ပံ့ရတာလေ။ စစ်သားဆိုတာ နိုင်ငံက ပေးတာကျွေးတာကို စားရတဲ့သူတွေပဲ။ အစိုးရအနေနဲ့ ပြေလည်အောင်လုပ်ပေးသင့်တယ်” ဟု ရန်ကုန်တွင်နေထိုင်သူ အမျိုးသမီးကြီးတဦးက ၎င်း၏တူမကို အကြောင်းပြု၍ ပြောပြသည်။
ယခုနှစ်တွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲတွင် နအဖ၀န်ကြီးများနှင့် ဖွဲ့ထားသော ကြံ့ဖွံ့ပါတီက အင်အားများနေကာ ရွေးကောက်ပွဲတွင် အနိုင်ရနိုင်မည်ဟု ကြံ့ဖွံ့ပါတီမှ အများစုက ယုံကြည်နေကြသော်လည်း ယခုကဲ့သို့ တပ်တွင်းမငြိမ်မသက်မှုများ ဖြစ်ပေါ်လာမှုကြောင့် အဆိုပါ ပါတီအနေဖြင့် ယတိပြတ်အနိုင်ရမည်ဟု မျှော်လင့်မရကြောင်း ပြည်တွင်းမှ နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
“၁၉၉၀ ပြည့် ရွေးကောက်ပွဲကာလမှာ စစ်သားအများဆုံးနေတဲ့ မင်္ဂလာဒုံလိုမြို့မှာ တစညပါတီဟာ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ဖူးတဲ့သာဓက ရှိတယ်။ စစ်သားလည်း လူတွေပဲလေ၊ ခံစားမှုရှိတယ်။ ကြံ့ဖွံ့ပါတီဟာ အစိုးရက ဖွဲ့ထားတယ်ဆိုတာ သိနေပြီးသား။ ဒါ့ကြောင့် ဒီနှစ်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့အနေနဲ့ အနိုင်ရမယ်ဆိုတာကို ပြောလို့မရဘူး” ဟု နိုင်ငံရေးသမားဟောင်းတဦးက ပြောဆိုသည်။

source by :NEJ

0 comments:
Post a Comment