မျိုးချစ်သူ | စက်မှုဇုန်များနှင့် ပတ်သက်သော ပြဿနာများကို ဖြေရှင်းပေးကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ပြောကြားခဲ့သော်လည်း အလုပ်ရှင်နှင့် မပြေလည်သေးသည့် စက်ရုံများ ရှိနေ သေးကြောင်း သိရသည်။
“တလကိုတခါ ပြုလုပ်နေကျ စက်မှုဇုန် ကော်မတီ အစည်းအဝေးမှာ စက်မှုဇုန်တွေရဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေကို တောင်းဆိုမှုတွေ လုပ်လာရင် ဖြေရှင်းပေးပါတယ်။ ကိုယ်တိုင် ကွင်းဆင်းပြီးတော့ အဲဒီလို စက်မှုဇုန်နဲ့ ပတ်သက်တာတွေကို ရှင်းပေးပါတယ်” ဟု ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေက ယခုလ ( ၆ ) ရက်၊ ရန်ကုန်မြို့ UMFCCI တွင်ပြုလုပ်သော မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်း၏ (၁၆) ကြိမ်မြောက် အစည်းအဝေး၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော် စက်မှုဇုန်တို့တွင် အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပေါ်နေသည်ကို မည်သို့ ဖြေရှင်း ပေးကြောင်းကိုမူ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။

“အလုပ်သမား ဆန္ဒပြမှုတွေ ဒီလောက်ထိ ဖြစ်နေတာကို အလုပ်သမားတွေကို တွေ့ဆုံပြီးတော့ သူတို့ဆန္ဒတွေကို မေးမြန်းနိုင်ဖို့ လိုတယ်။ ဒါဆိုရင်တော့ နောက်ထပ်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ အခုလို အနေအထား ကတော့ ဖြစ်နေဦးမှာပဲ” ဟု စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်တဦးက ပြောသည်။
ရန်ကုန်တိုင်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၏ တာဝန်ရှိသူတဦး ပြောပြချက်အရ အလုပ်သမားများက လုပ်အားခကို တောင်းဆိုကြရာတွင် အလုပ်ရှင်နှင့် မပြေလည်သေးသော စက်ရုံများ ရှိနေသေးကြောင်း သိရသည်။
စက်ရုံ ပိုင်ရှင်များနှင့် ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ တွေ့ဆုံရာတွင် အလုပ်သမားများ၏ တောင်းဆိုချက်များအပေါ် အခြေခံကာ စက်ရုံပိုင်ရှင်နှင့် ဒု-ဗိုလ်ချုပ်ကြီးမြင့်ဆွေက ညှိနှိုင်းမှုများ ပြုလုပ်ခြင်းသာဖြစ်ကြောင်း၊ စက်ရုံ လုပ်သားများနှင့် တွေ့ဆုံဖြေရှင်း ပေးခြင်း မဟုတ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
“စက်ရုံပိုင်ရှင်တွေက ဘာတွေကို တင်ပြလဲဆိုတာတော့ ကျနော်တို့လို အလုပ်သမားတွေက ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကျနော်တို့ လိုချင်တာက လစာနှုန်းထား ပြင်ဆင်ပေးဖို့နဲ့ ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ ခရီး စရိတ်တွေကို သေသေချာချာ ပြန်ပြီးတော့ စိစစ် တိုးမြှင့်ပေးဖို့ကိုပဲ အဓိက တောင်းဆိုတာပါ” ဟု မင်္ဂလာဒုံ မြို့နယ်ရှိ မှန်စက်ရုံဝန်ထမ်းတဦးက ပြောသည်။
ထို့ပြင် အန္တရာယ်ရှိသော လုပ်ငန်းခွင်အတွက် အလုပ်ရှင်က အလုပ်သမားများအပေါ် မည်ကဲ့သို့ အာမခံ ပေးမည်ဆိုသော အချက်မျိုးကိုလည်း တောင်းဆို ထားကြောင်း၊ အလုပ်သမားတိုင်းက ယင်းကဲ့သို့သော ရပိုင်ခွင့်မျိုးကို မစဉ်းစားကြကြောင်း၊ များသောအားဖြင့် လုပ်ခ လစာ တခုကိုသာ အလေးထားကြကြောင်း၊ ယင်းသို့ ဖြစ်နေရခြင်းမှာ စားဝတ်နေရေး လွန်စွာ ခက်ခဲနေခြင်းကြောင့်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အလုပ်သမား ခေါင်းဆောင် တယောက် ဖြစ်နေသောကြောင့် လက်အောက် ငယ်သားများ အတွက် တောင်းဆို၍ရနိုင်သော အခွင့်အရေးအားလုံးကို တောင်းဆိုပေးသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။
“အမှန်တော့ ပြေလည်အောင် ဖြေရှင်း ပေးရမှာက အလုပ်သမား ၀န်ကြီးဌာနရဲ့ ကိစ္စပါ။ သူတို့က ပြေလည်အောင် မဖြေရှင်းပေး နိုင်လို့ ကာကွယ်ရေး ၀န်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ကိစ္စတွေကို ပါဝင်ပေးတာ ဖြစ်တယ်။ ဒါပေမယ့် သူဖြေရှင်းပေမယ့်လည်း အလုပ်ရှင် စကားကိုပဲ သူကြားမှာပေါ့” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
အချို့ အလုပ်ရှင်များက လစာတိုး တောင်းပါက စက်ရုံကိုပိတ်ပစ်မည်ဆိုပြီး ပြောကြောင်း၊ အလုပ်သမားကို လစာတိုးပေးသင့် ပါလျက် မပေးနိုင်သောကြောင့် စက်ရုံပိတ်မည် ဆိုခြင်းမျိုးမှာ မဖြစ်သင့်ကြောင်း မှန်စက်ရုံ ၀န်ထမ်း ဖြစ်သူက ပြောသည်။
စက်ရုံ အများစုတွင် အလုပ်သမားများကို ပေးသော လစာမှာ တလလျှင် ကျပ် (၃၀,၀၀၀) ကျော်သာ ရှိကြောင်း သိရသည်။
အစိုးရ ၀န်ထမ်းများ လစာ ထပ်မံ တိုးမြှင့်မည် ဟူသော သတင်းကြောင့်လည်း ပုဂ္ဂလိကလုပ်ငန်းများမှ အလုပ်သမားများကလည်း လစာ တိုးမြှင့်တောင်းဆိုမှုများ ထပ်မံ ဖြစ်ပွားလာနိုင်ကြောင်း ရန်ကုန်တိုင်း အလုပ်သမား ဥပဒေ စစ်ဆေးရေးရုံးမှ အရာရှိ တဦးက ပြောကြားသည်။
မြန်မာ နိုင်ငံတွင် စက်မှုဇုန် (၁၈) ဇုန်ရှိပြီး စက်မှုလုပ်ငန်း အမျိုးအစားပေါင်း (၃၀၀) ခန့် လုပ်ဆောင် နေကာ ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် ၂၀၁၀ ဇန်န၀ါရီ လဆန်းပိုင်းမှ စ၍ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံမြို့သစ်တောင်ပိုင်း စသည့် စက်မှုဇုန်စက်ရုံတို့တွင် ဆန္ဒပြမှုများ (၁၀) ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment