မျိုးဝင်းဇော် | မြန်မာနိုင်ငံ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်တွင် အနည်းငယ် ဟောင်းသည့် ဒေါ်လာများကို လက်မခံခြင်းကြောင့် ပြင်ပမှောင်ခိုဈေးကွက်တွင်လည်း ဒေါ်လာအနွမ်း လက်မခံသည့် ပြဿနာ၊ ဈေးနှိမ်သည့် ပြသနာ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။
ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှ အမေရိကန် ဒေါ်လာ လက်ကား ရောင်းဝယ်သူ တဦးက “ပြည်တွင်းမှာ ဒေါ်လာနဲ့ ဝင်ငွေ ရရှိသူတွေဟာ သူတို့ရဲ့ ဘဏ်စာရင်းထဲကို ဒေါ်လာငွေ ထည့်သွင်းဖို့ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်ကို သွားတဲ့အခါ ဘဏ်က ဒေါ်လာငွေ နည်းနည်းလေး နွမ်းနေရင်တောင် လက်မခံဘူး၊ ဒေါ်လာစက္ကူ အလယ်မှာ ခေါက်ကျိုးရာ ပါနေတာမျိုးတွေ ဆိုရင်လည်း လက်မခံဘူး။ ဒီပြဿနာဟာ ပြင်ပ မှောင်ခို ဒေါ်လာငွေ ရောင်းဝယ်တဲ့ ဈေးကွက်အထိ ဂယက်ရိုက်သွားပြီး ဒေါ်လာဝယ်တဲ့ သူတွေဟာ ဒေါ်လာစက္ကူ နည်းနည်းလေး နွမ်းနေတာနဲ့ အလယ် ခေါက်ကျိုးရာလေး ပါနေတာနဲ့ (၁ဝဝ) တန် တရွက်ကို ကျပ် (၁,၅ဝဝ၊ ၂,ဝဝဝ၊ ၃,ဝဝဝ) စသဖြင့် ဈေးနှိမ်ပေးလာကြတယ်” ဟု ပြောသည်။

ရန်ကုန် ဗိုလ်တထောင် မြို့နယ် နိုင်ငံခြားသားများ တည်းခိုခွင့် ရှိသည့် ဟိုတယ်တခုမှ မန်နေဂျာ တဦးက ၎င်းတို့ အနေဖြင့် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်ထဲကို ပုံမှန်ဒေါ်လာငွေ ထည့်သွင်းသည့်အခါ ဒေါ်လာအနွမ်း၊ ခေါက်ရိုးရာပါ ဒေါ်လာတို့ကို မယူကြောင်း၊ ရန်ကုန်မှ ဒေါ်လာရောင်းဝယ်သူများထံ ရောင်းသည့်အခါ၌လည်း တရွက် ကျပ် (၁,ဝဝဝ) မှ (၂,ဝဝဝ) အထိ ဈေးနှိမ်ခြင်းကြောင့် ငွေကြေးပမာဏ များသူများ အတော်လေး နစ်နာကြောင်း ပြောသည်။
နိုင်ငံခြားငွေ အနွမ်းများ လက်မခံသည့် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်သည် ဒေါ်လာငွေ စက္ကူ ထုတ်သူများကိုမူ ငွေစက္ကူ အနွမ်းများ၊ ခေါက်ရိုးရာပါ ငွေစက္ကူများသာမက (၂ဝ) တန်၊ (၁ဝ) တန်ကဲ့သို့ ငွေလဲလှယ်ရေး ဈေးကွက်၌ ဈေးမရသည့် အကြွေစက္ကူများကိုလည်း ပေးလေ့ရှိသည့်အတွက် ဘဏ်ဝန်ထမ်းများ၏ ကိုယ်ကျိုးရှာမှုကြောင့် ယခုကဲ့သို့ ဖြစ်ရကြောင်း ရန်ကုန်မြို့မှ ဒေါ်လာငွေ ကိုင်ဆောင်သူများက ဝေဖန်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဥပဒေအရ မည်သည့် နိုင်ငံသား မဆို ဒေါ်လာငွေ စက္ကူ အပါအဝင် နိုင်ငံခြား ငွေကြေးကို လက်ဝယ် ကိုင်ဆောင်ခွင့် မရှိသည့် အပြင် နိုင်ငံခြားသံရုံးများကို ဗီဇာကြေးပေးသွင်းရန်နှင့် နိုင်ငံခြားသို့ သွားရောက် လိုသည့် အခါ လိုအပ်သည့် နိုင်ငံခြားငွေ လဲလှယ်ရန် တရားဝင် ဖွင့်လှစ်ထားသည့် ငွေလဲ ဌာနများလည်း မရှိပေ။
အလားတူ နိုင်ငံခြားမှ ပြန်လာသည့်အခါ ဒေါ်လာနှင့် နိုင်ငံခြားငွေစက္ကူများ ပြည်တွင်းသို့ သယ်ဆောင်လာခွင့် မရှိသော်လည်း ငွေတန်ဖိုး အတိုင်း တရားဝင် လဲလှယ်ပေးသည့် ငွေလဲကောင်တာများ ထားမပေးခြင်းကြောင့် လူတိုင်း လိုလို နိုင်ငံခြားငွေ ကိုင်ဆောင်ပြီး ဝင်ရောက် လာလေ့ရှိသည်။
ထို့ကြောင့် ပြည်တွင်း၌ ဒေါ်လာနှင့် နိုင်ငံခြားငွေ မှောင်ခို ရောင်းဝယ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ဒေါ်လာငွေ ဝယ်ယူ စုဆောင်းသူများ ထဲတွင် အာဏာပိုင် အသိုင်းအဝိုင်းက လူများလည်း ပါဝင်ကြောင်း သိရသည်။
ယခုကဲ့သို့ ဒေါ်လာငွေ အပါအဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍ ပြည်သူတိုင်း မကင်းနိုင်သော်လည်း စစ်အစိုးရသည် အန်အယ်လ်ဒီ ပါတီဝင်များ၊ အတိုက်အခံ နိုင်ငံရေး သမားများ၊ ၎င်းတို့ မလိုလား သူများကို အဆိုပါ နိုင်ငံခြားငွေ ကိုင်ဆောင်မှု ဥပဒေ အသုံးပြုပြီး ဖမ်းဆီး ထောင်ချလေ့ ရှိသည်။
လွန်ခဲ့သည့်နှစ် ရန်ကုန် လေဆိပ်မှ ဝင်ရောက် လာသည့် အမေရိကန် နိုင်ငံသား ကိုညီညီအောင်နှင့် သံဃာတော် တပါးကို အဆိုပါ ပုဒ်မဖြင့် အရေးယူခဲ့သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment