စိုးမိုး | ပုဂ္ဂလိက စာပေဆုများ၊ စာမူဆုများ ပေးအပ်ခြင်း၊ ရွေးချယ်ခြင်း အားလုံးကို မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့က စိစစ် ကြပ်မတ်တော့မည် ဖြစ်သည်။
ပုဂ္ဂလိက စာပေဆုနှင့် စာမူဆုများမှာ များသော အားဖြင့် ကိုယ်ပိုင် ရွေးချယ်ရေး မူဝါဒ၊ စံတို့ဖြင့် စိစစ် ရွေးချယ်လေ့ ရှိသော်လည်း ယခု နှစ်တွင်မူ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့က ယင်းသို့ ရွေးချယ်မှုများကို အဖွဲ့သို့ အသိပေး အကြောင်းကြားပြီးမှသာ လုပ်ဆောင်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
“များသော အားဖြင့်က ပုဂ္ဂလိက စာပေဆုတွေက ကိုယ်ပိုင်စံ ကိုယ်ပိုင်မူဝါဒနဲ့ ကိုယ်ပိုင်ငွေနဲ့ စာပေလောကကို မြေတောင်မြှောက် ပေးနေတာပါ။ အခုလို လုပ်လိုက်တော့ အရင်ကမှ နည်းနေတဲ့ စာပေဆုက ပိုနည်းလာဖို့ပဲ ရှိပါတယ်။ တိုးတက်ဖို့ နည်းသွားတာပေါ့” ဟု ပြည်တွင်းမှ ဂျာနယ် ထုတ်ဝေသူ တဦးက ပြောသည်။

လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ကြပ်မတ်သည့် မြန်မာနိုင်ငံတွင် ထုတ်ဝေသည့် သတင်းနှင့်စာအုပ်၊ စာပေအားလုံးမှာ စာပေကင်ပေတိုင်ဟု နာမည်ကြီးသည့် စာပေစိစစ်ရေးအဖွဲ့မှ ခွင့်ပြုချက်ဖြင့်သာ ထုတ်ဝေရခြင်းဖြစ်သည်။
ယင်းသို့ ထုတ်ဝေပြီးသား စာမူများထဲမှ စာပေဆုများ၊ စာမူဆုများကို ပုဂ္ဂလိက အဖွဲ့အစည်းအသီးသီးက ရွေးချယ်ပေးအပ်နေခြင်း ဖြစ်သည့်တိုင် ယခုအခါ ယင်းသို့ ရွေးချယ်မှုများကို ၀င်ရောက် စွက်ဖက်လာခြင်းဖြစ်သည်။
ပုဂ္ဂလိကစာပေဆု ရွေးချယ်ရေးအဖွဲ့ဝင် အများစုကမူ ယခုလုပ်ရပ်သည် အဆင့်ဆင့် တည်းဖြတ်မှုများ လွတ်လပ်စွာ ရေးသားခွင့် ပိတ်ပင်ခံနေရသည့် မြန်မာ့စာပေနယ်ပယ် နိမ့်ကျသထက် နိမ့်ကျသွားနိုင်သည်ဟု သုံးသပ်ကြသည်။
“သူတို့ စည်းမျဉ်းနဲ့ သူတို့စိတ်ကြိုက် ရွေးချယ်မယ် ဆိုရင် အမျိုးသားစာပေဆု၊ စာပေဗိမာန် စာပေဆုတွေ ပေးတာနဲ့တင် လုံလောက် နေပြီ ဖြစ်တယ်။ ပုဂ္ဂလိက စာပေဆုတွေ ရွေးချယ်နေစရာ မလိုဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်တယ်” ဟု စာပေနယ်မှ ၀ါရင့် စာရေး ဆရာကြီး တဦးက ပြောသည်။
စစ်အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန၏ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က ယမန်နှစ်ကတည်းက ပုဂ္ဂလိက စာပေဆုပေးအပ်ခြင်းနှင့် စာမူဆုများကို ကြပ်မတ်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ သတိပေးချက်အရ ပုဂ္ဂလိက စာပေဆု၊ စာမူဆု ပေးအပ်နေသည့် အဖွဲ့များက ရွေးချယ်ရေး အဖွဲ့ဝင်များ၊ ရွေးချယ်ထားမှုများ၊ ရွေးချယ်မှုဆိုင်ရာ စံသတ်မှတ်ချက်များ အပါအ၀င် ဆုကြေးငွေကိစ္စများကိုပါ အသိပေးကြရမည် ဖြစ်သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment