ဦးတေဇနှင့် ဦးဇော်ဇော်ကို သီရိပျံချီဘွဲ့ စစ်အစိုးရ ပေးအပ်

Wednesday, January 13, 2010 ·

ရန်ပိုင် | စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် ဦးတေဇနှင့် ဦးဇော်ဇော် တို့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့ ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်ကို ပြီးခဲ့သည့် ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့က ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဧည့်ခံပွဲတခုတွင် ဦးဇော်ဇော် (မတ်တပ်ရပ် သီချင်းဆိုနေသူ) နှင့် ဦးတေဇ (ဦးဇော်ဇော်၏ ယာဘက်တွင် ထိုင်နေသူ) ကိုတွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဦးတေဇ၊ ဦးဇော်ဇော် အပါအ၀င် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၁၆ ဦးကို စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဘွဲ့တံဆိပ် ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်အား စစ်အစိုးရ အမိန့်ကြော်ငြာစာ အမှတ် (၂ / ၂၀၁၀) အရ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် သတင်းသမား တဦးက ပြောသည်။

“အံ့သြဖို့ ကောင်းတာက ဒီလို စီးပွားရေး သမားတွေကို နိုင်ငံမှာ အမြင့်ဆုံး ဘွဲ့ဖြစ်တဲ့ သီရိပျံချီပေးတာပဲ၊ ဒါက တကယ့်ကို သိက္ခာရှိတဲ့ သူတွေကို ပေးတာလေ”ဟု ၎င်းကဆိုသည်။

သို့သော် အဆိုပါ ဘွဲ့တံဆိပ်များ ရရှိခဲ့သည့် ရဟန်းရှင်များနှင့် လူပုဂ္ဂိုလ်တို့ အမည်များကို ထုတ်ပြန်ကြေညာခြင်းမရှိဘဲ အမိန့် ကြော်ငြာစာများသာ ထုတ်ပြန်ခဲ့သည်။

ယခင်နှစ်များက သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များ၊ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ၊ စစ်မှုထမ်းကောင်း တံဆိပ်များ၊ ပြည်သူ့ဝန် ထမ်းကောင်း စသည့် ဘွဲ့တံဆိပ်များ ပေးအပ်သည့် ရဟန်းရှင်များ ၊ လူပုဂ္ဂိုလ်များကို စစ်အစိုးရ သတင်းစာတွင် ဖော်ပြခဲ့သည်။

ဦးတေဇသည် ထူးအုပ်စုကုမ္ပဏီ ကိုတည်ထောင်ထားပြီး သစ်စက်၊ ဆန်စက်၊ မော်တော်ယာဉ်နှင့် စက်ယန္တရားများ တင်သွင်းခြင်း၊ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ် တင်ပို့သည့် လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း၊ အိမ်တွင်း အလှဆင်လုပ်ငန်း၊သွင်းကုန် ထုတ်ကုန် လုပ်ငန်း အတွက် လိုအပ်သည့် ကွန်တိန်နာ၊ ယန္တရားများ ၀န်ဆောင်မှု ပေးသည် လုပ်ငန်းများကို လုပ်ကိုင်သည်။

၎င်းသည် ပြည်တွင်းနှင့် ပြည်ပ နိုင်ငံများကို ပြေးဆွဲနေသည့် အဲ ပုဂံ(Air Bagan)လေကြောင်းလိုင်းကို တည်ထောင်ထားပြီး မကြာသေးမီက ရေအား လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းကြီး နှစ်ခုကိုလည်း စစ်အစိုးရနှင့် ဖက်စပ် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်(MNL)ဟုထင်ရှားသည့် ဘောလုံးလောကတွင်လည်း ရန်ကုန် ယူနိုက်တက် ကလပ်အသင်းကို တည်ထောင် ထားပြီး ပြည်တွင်း ပြည်ပ ကစားသမား များကို ခေါ်ယူကာ တနှစ်လျှင် လစာ ကျပ် သိန်းထောင် ချီပေးထားသည်ဟု Eleven Weekly ဂျာနယ်တွင် ဖော်ပြထားသည်။

ဦးဇော်ဇော်သည်လည်း ငွေကျပ် သိန်းပေါင်းများစွာ အသားတင် စိုက်ထုတ်၍ ဘောလုံး ကလပ်အသင်း ၈ သင်းကို တည်ထောင်ပေးခဲ့ သူဖြစ်သည်။ ဟိုတယ်လုပ်ငန်း၊ စက်ယန္တရားတင်သွင်းခြင်းလုပ်ငန်း၊ မွန်ပြည်နယ်ရှိ ဘီးလင်း မြို့နယ်တွင် ရော်ဘာခြံ ဧက ၃၀၀၀ စိုက်ပျိုး နေပြီး၊ မက်စ် ဘိလပ်မြေ(Max Cement) ထုတ်လုပ်ရေး စက်ရုံများ၊ ရန်ကုန်- ပဲခူး ကား လမ်းမပိုင်းတွင် လမ်းအခွန် ကောက်ခံရေး လုပ်ငန်း၊ မော်တော်ယာဉ် တင်သွင်းသည့် လုပ်ငန်း၊ နေပြည်တော် တည်ဆောက်ခြင်း လုပ်ငန်း၊ ဖားကန့် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည်။

၎င်းက နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး အတွက် လပွတ္တာနှင့် ပြင်စလူ ဒေသတွင် ကျပ်သိန်းပေါင်း ၂၀၀၀ကျော် လှူဒါန်းခဲ့ပြီး နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် ပရ၀ဏ် အတွင်းရှိ ပိဋကတ် ဗိမာန်ကြီးကိုလည်း ဆောက်လုပ် လှူဒန်းခဲ့သည်ဟု အဆိုပါ သတင်း ဂျာနယ်တွင် ဖော်ပြထားသည်။

ဦးဇော်ဇော်သည် လက်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူထားသည်။

အဆိုပါ စီးပွားရေး လုပ်ငန်းရှင်ကြီးများအား ဘွဲ့တံဆိပ်များ ပေးအပ်နိုင်ရန် အတွက် အမိန့် ကြော်ငြာစာ အမှတ် ၄၈/ ၂၀၀၉ကို ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပေးအပ် ရခြင်းမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်နှင့် အညီ အေးချမ်းသာယာပြီး ခေတ်မီ နိုင်ငံတော် တည်ဆောက် ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဂုဏ်ပြုသင့်၊ ပြုထိုက်သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီမြှင့်သွားခြင်းသာ ဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ပါရှိသည်။

အဆိုပါ ဘွဲ့တံဆိပ် အမျိုးအစားသည် ပါလီမန် ဒီမိုကရေစီ ခေတ်က တိုင်းပြည် အကျိုးကို သယ်ပိုးခဲ့သည့် ပုဂ္ဂိုလ်များကို ပေးအပ်သော ဘွဲ့တံဆိပ်များဖြစ်ကြောင်း လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ ဂုဏ်ရည်( ပထမအဆင့်) ရရှိခဲ့သည့် အငြိမ်းစား သံ အမတ်ကြီးဟောင်း သခင်ချန်ထွန်းက ပြောသည်။

“ဖဆပလ အစိုးရ လက်ထက် တုန်းက အကျင့်စရိတ္တ ကောင်းရမယ်၊ နိုင်ငံရေး လုပ်တယ်၊ အများ အကျိုး ဆောင်ရွက်တဲ့ လူတွေကို ပေးတာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘွဲ့တံဆိပ်များကို ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် ချီးမြှင့်ခဲ့ကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အုပ်ချုပ်နေစဉ်က နောက်ထပ် ဆိုရှယ်လစ်စီးပွားရေး ထူးချွန်ဆုများကို တီထွင်ပြီးပေးအပ်ခဲ့ကြောင်း၊ ယခုစစ်အစိုးရ အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပေးအပ်ခြင်းမရှိတော့ကြောင်း သခင်ချန်ထွန်းက ဆိုသည်။

ပါလီမန်ဒီမိုကရေစီခေတ်က ချီးမြှင့်ခဲ့သည့် ဘွဲ့တံဆိပ်များမှာ သင်္ဂဟ ဂုဏ်ထူး ဆောင်ဘွဲ့များဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ မဟာသီရိသုဓမ္မဘွဲ့ ၊ ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များ ဖြစ်သည့် အဂ္ဂသရေစည်သူဘွဲ့၊ သတိုးမဟာ သရေ စည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူနှင့် စည်သူဘွဲ့များနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့များဖြစ်သည့် သီရိပျံချီ၊ ၀ဏ္ဏကျော်ထင်၊ အလကာင်္ကျော်စွာ၊ ဇေယျကျော်ထင် ဘွဲ့များဖြစ်သည်။

ကဗျာဆရာကြီး မင်းသုဝဏ်သည် ၁၉၅၀ ခုနှစ်တွင် ၀ဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၆၂ ခုနှစ်တွင် သီရိ ပျံချီဘွဲများကို ရရှိခဲ့ပြီး အလားတူ စာရေး ဆရာကြီး ဇေယျ သည်လည်း အဆိုပါ ဘွဲ့နှစ်ဘွဲ့စလုံး ရရှိခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်ဇောသည် သရေစည်သူ ဘွဲ့ရရှိခဲ့ပြီး၊ ဗိုလ်မှူးကြီး စောမြင့်သည် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ ဂုဏ်ရည် (ပထမ အဆင့်)၊ စည်သူတံဆိပ်၊ သီရိပျံချီ စည်သူ၊ သရေစည်သူနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တို့ရရှိခဲ့သည်။

အလကာင်္ကျော်စွာ ဘွဲ့တံဆိပ် ကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းနှင့် ဇတ်မင်းသားကြီး ရွှေမန်း တင်မောင်၊ မြို့မငြိမ်းတို့ ရရှိခဲ့ဖူး သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */