ရန်ပိုင် | စစ်အစိုးရ၏ လျှို့ဝှက်သတင်းများပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယနေ့ သေဒဏ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်လိုက်ကြောင်း သိရသည်။
ဗိုလ်မှူး ၀င်းနိုင်ကျော်အား အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးမှ အမိန့် ချမှတ် လိုက်ကြောင်း စစ်တပ် အသိုင်းအ၀ိုင်းက ပြောသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဥရောပရေးရာ ဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရ ထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။
![]() ဗိုလ်မှူးဝင်းနိုင်ကျော် |

ယခု ပြစ်ဒဏ်ပေး ခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက် ၀ယ်ယူခဲ့သည့် မြောက်ကိုရီးယား ခရီးစဉ်၊ ရုရှား၊ အိန္ဒိယ ခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့် မှတ်တမ်း များနှင့် ပတ်သက်ပြီး မီဒီယာများထံ ပေါက်ကြားခဲ့သည့် အတွက် ပြီးခဲ့သည့်နှစ်က အဖမ်း ခံခဲ့ရခြင်း ဖြစ်သည်။
ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရ အဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေး အရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊
ယခင်က ၎င်းနှင့် အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ၀န်ထမ်း တချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။
source by : ဧရာဝတီ

0 comments:
Post a Comment