အာအက်ဖ်အေ | မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ ထားတာတွေ ရုပ်သိမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကို ပြီးခဲ့တဲ့လက စာတစောင် ရေးသား ပေးပို့ခဲ့ပါတယ်။ အခုတခါ အဲဒီ ကိစ္စရဲ့ နောက်ဆက်တွဲအနေနဲ့ နိုဝင်ဘာလ (၁၁) ရက် နေ့စွဲနဲ့ နောက်ထပ်စာတစောင် ထပ်မံ ပေးပို့ခဲ့ပါတယ်။
အဲဒီစာမှာ- အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့ဒ်ကင်းဘဲနဲ့ အဖွဲ့ မြန်မာ နိုင်ငံကို လာရောက် ခဲ့စဉ်က နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်း နိုင်အောင် စီစဉ်ပေးခဲ့တဲ့အတွက် အထူး ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူ ထားတာတွေ ဖယ်ရှားရေးအတွက် မိမိအနေနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း တင်ပြချက်အပေါ် လိုအပ်တဲ့ စီစဉ်မှုတွေ ဆောင်ရွက် ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။
နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါ တလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP) |
ဆက်လက်ပြီး- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေ ပိုပြီး ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ဖို့ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အားလုံးကို မိမိ နေအိမ်ကို ဖိတ်ခေါ် တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ ကျန်းမာရေး အရ မိမိတို့နေအိမ်မှာသာ နေထိုင်နေကြရတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အလုပ်အမှုဆောင် ဦးလွန်းတင်တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ပြီး ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့တကွ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ အပါအဝင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၈ ဦး ပါဝင်တဲ့ စုံညီအစည်းအဝေးကို မိမိနေအိမ်မှာ ကျင်းပဖို့ အစီအစဉ်နဲ့ စပ်လျဉ်းပြီး သဘောတူညီချက် ရယူရေး အတွက် စီစဉ် ဆောင်ရွက် ပေးဖို့ မေတ္တာ ရပ်ခံပါကြောင်း၊ မိမိအနေနဲ့ နိုင်ငံတော် အကျိုးရှိမယ့် လုပ်ငန်းတွေမှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံ တင်ပြခွင့်ပြုဖို့ မေတ္တာ ရပ်ခံပါကြောင်း ရေးသားဖော်ပြထားပါတယ်။
နိုဝင်ဘာလ (၁၁) ရက် နေ့စွဲနဲ့ ရေးသားပေးပို့ခဲ့တဲ့ အဲဒီပေးစာနဲ့ပတ်သက်ပြီး မနက်ဖြန် တနင်္လာနေ့ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေးပြီးမှ ထုတ်ပြန်မယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့က သတင်းစကား ပါးထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့ကပဲ ဒီ ပေးစာအကြောင်း ပြည်ပ မီဒီယာတွေနဲ့ အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကို အာအက်ဖ်အေက မေးမြန်းကြည့်ပါတယ်။
ဦးခင်မောင်ဆွေ။ ။“ဒေါ်အောင်ဆန်းစုကြည် လက်မှတ် ထိုးပြီးတော့ ဗိုလ်ချုပ်မှူးကြီးဆီ တင်ပြထားတဲ့စာကို တနင်္လာနေ့ နေ့ခင်းပိုင်းမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ စည်းဝေးတဲ့ အခါကျမှသာလျှင် ဒါကို ဖတ်ရှုရမှာ ဖြစ်ပြီးတော့ ဖတ်ရှုပြီးတဲ့အခါမှာ ကြေညာချက်အဖြစ် အန်ကယ်တို့က ပြန်ထုတ် ပေးရမယ် ဆိုတဲ့ မှာကြားထားတာ ရှိပါတယ်။ အဲဒီ မှာကြားထားတာ ရှိတော့ အန်ကယ်တို့က အခုထိ ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ ဆိုတဲ့စာပေါ့လေ အန်ကယ်တို့ မျက်လုံးနဲ့ တပ်အပ်သေချာ မတွေ့ရသေးပါဘူး။ အဲဒါကတော့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ဆီက ယူလာပြီးတော့ သူ့ဆီမှာပဲ ရှိနေတယ်လို့ ယူဆရပါတယ်။ အခုထိ အန်ကယ်တို့ မသိသေးပါဘူး။ ဘယ်လိုလုပ် ပေါက်တယ်ဆိုတာတော့ အန်ကယ်တို့ ပြောလို့မတတ်ပါဘူး”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ် ပြန်ကြားရေးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဥာဏ်ဝင်းကို မေးမြန်း ရာမှာတော့ ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။
ဦးဥာဏ်ဝင်း။ ။“ကျနော်တို့ ထုတ်ပေးတာတော့ မဟုတ်ဘူး။ ကျနော် အဲဒီစာကို တွေ့မှမတွေ့ဘူးပဲ၊ သဘောပြောတာကိုတော့ ကျနော်ကြားတယ်။ ဒါပေမယ့်လို့ စာသား မှန်မမှန်တော့ ကျနော်မသိဘူး။ အဓိက အချက်တွေကိုတော့ တူတယ်ဆိုတာ ကျနော်ပြောနိုင်တယ်။ ဒါပေမယ့် စာလုံးအသေးစိတ် ဒီဥစ္စာ ကျနော်တို့စာပဲလား ဆိုတာတော့ ကျနော် မပြောနိုင်ဘူး”
အဖွဲ့ချုပ်က တရားဝင် မထုတ်ပြန်ခင်မှာ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာ ပေါက်ကြားခဲ့ရတာဟာ အာဏာပိုင်တွေက ပေါက်ကြားတာ ဖြစ်နိုင်တယ်လို့ မြန်မာ့ နိုင်ငံရေးအသိုင်းအဝိုင်းက ယူဆကြပါတယ်။ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ကတော့ ရှေ့နိုင်ငံရေးအလားအလာနဲ့ပတ်သက်ပြီး အခုလိုမှန်းဆပါတယ်။
ဦးဝင်းတင်။ ။“ဒေါ်စုဟာ NLD နိုင်ငံရေး တခုပဲ ကွက် လုပ်ခွင့်ရမလား၊ နိုင်ငံရေးဖြစ်စဉ်ကြီး တခုလုံးထဲမှာ ပါဝင်လှုပ်ရှားနိုင်မလား ဆိုတာတော့ ဒါ နောက်တပိုင်းပေါ့ဗျာ။ ဘာပဲ ပြောပြော ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်ဆိုရင်၊ လွတ်ဖို့ ကမ္ဘာကလည်း တောင်းဆို နေတယ်။ လွတ်လာရင် ကျနော်တို့ သဘောကျတယ်၊ ကြိုဆိုတယ်။ နောက်တခုက ဒေါ်စုက နိုင်ငံရေးကို ဖြစ်တဲ့နေရာကနေ ဖြစ်သလောက် အတိုင်းအတာနဲ့ လုပ်ရမယ့်ဟာက ဒါ ပွင့်လင်းလာခြင်းပဲ။ အဲဒီတော့ ဘာပဲပြောပြော အခုရသလောက်ဟာ နိုင်ငံရေးလမ်းစ ပွင့်လာတာပဲ။္ဒီူ နိုင်ငံရေး လုပ်နိုင်ရင်လည်း ကောင်းတယ်။ ကျနော်ကတော့ ဒီဟာ Stepping Stone ပဲ ဒီကနေ တဆင့်တိုးရမှာပေါ့။ နောက်တခါ ဒေါ်စုက ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ တွေ့ဆုံခွင့် တောင်းခြင်းဟာလည်း ဒေါ်စုက သူ့ရဲ့ နိုင်ငံရေးဟာ NLD နိုင်ငံရေး ကွက်ကွက်လောက်နဲ့ မပြီးသေးဘူး၊ အဲဒီကတဆင့် တက်လှမ်းအုံးမယ်၊ ဒါ့ထက်ပိုပြီး ကျယ်ပြန့်တဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ရှေ့ရှုဦးတည် နေတယ် ဆိုတာကို ပြတာပဲ”
အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။
source by : အာအက်ဖ်အေ

0 comments:
Post a Comment