NEJ | မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကြာမီ နေအိမ် အကျယ်ချုပ်မှ လွှတ်ပေး လိမ့်မည်ဆိုသည့် ပြောဆိုချက်များအပေါ် သံသယဖြစ်မိကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောကြားသည်။
စင်ကာပူနိုင်ငံတွင် လာမည့် တနင်္ဂနွေနေ့၌ အမေရိကန် သမ္မတ အိုဘားမားနှင့် အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံမည့် အာရှ-ပစိဖိတ် ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ (အေပက်) ညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် အထူးတလည် ထုတ်ပြန် ပြောဆို လိမ့်မည်ဟု မထင်ကြောင်း ဖိလစ်ပိုင် နိုင်ငံတွင် ရောက်ရှိ နေသည့် မစ္စစ် ကလင်တန်က ပြောကြားခြင်းဖြစ်သည်။
မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နောက်နှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အရေးသည် စိတ်ရှည် သည်းခံရန် လိုအပ်ပြီး ရေရှည် အားထုတ် လုပ်ဆောင် ရမည့် ကိစ္စဖြစ်သည် ဟုလည်း မစ္စစ် ကလင်တန်က ABS-CBN သတင်း ချယ်နယ်က ပြုလုပ်သည့် နှီးနှော ဖလှယ်ပွဲ တခုတွင် ပြောကြား ခဲ့ကြောင်း ကျိုဒို သတင်းတွင် ဖော်ပြသည်။
ထို့အပြင် ရှေ့နှစ် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အများ လက်ခံနိုင်ရန် မြန်မာ စစ်အစိုးရ အနေဖြင့် အတိုက်အခံများ၊ တိုင်းရင်းသားများ အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို ပြည်တွင်း၌ စတင် လုပ်ဆောင်ရန် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးက တိုက်တွန်းထားသည်။
“ကျမတို့အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် အားပေးတာ၊ တိုက်တွန်းတာ၊ ဖျောင်းဖျတာတွေ လုပ်ပါတယ်။ ဒါတွေဟာ ပထမဆုံးလိုအပ်ချက်ပါ” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ အတွင်း ပြောနိုင် ဆိုနိုင် ရှိသည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံ တို့ကိုလည်း မြန်မာပြည်သူများ အကျိုးရှိစေမည့် ဒီမိုကရေစီ ဖြစ်ထွန်းရေး အတွက် ကူညီ လုပ်ဆောင် ပေးရန် ပြောဆိုထားကြောင်း မစ္စစ် ကလင်တန်က ပြောသည်။
၎င်းက “မြန်မာ နိုင်ငံမှာ ခေါင်းဆောင်မှု မှားယွင်းနေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ မေးစရာရှိတာက သူတို့တွေ ဘယ်လောက် ကြာကြာ မှားနေမလဲ ဆိုတာနဲ့ ကိုယ့်ပြည်သူတွေ အတွက် လွတ်လပ်မှုနဲ့ အခွင့်အရေး လမ်းကြောင်းဆီ ဦးတည်ဖို့ သူတို့ကို အားပေးတိုက်တွန်းနိုင်မလား ဆိုတာပါပဲ ” ဟုပြောသည်။
အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက် တွေ့ဆုံမှုများ စတင် လုပ်ဆောင် နေသော်လည်း မြန်မာနိုင်ငံ၌ အပြောင်းအလဲများ မဖြစ်မချင်း ပိတ်ဆို့ တားမြစ်မှုများကို ရုပ်သိမ်းရန် အဆင်သင့် မဖြစ်သေးကြောင်း မစ္စစ်ကလင်တန်က ပြောသည်။
“ကျမတို့အနေနဲ့ လုပ်နိုင်စရာတွေ အများကြီးရှိတာကို လုပ်မှာမဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ အခုအစိုးရကို ကူညီထောက်ပံ့မှု မပေးချင်လို့ပါပဲ” ဟု ၎င်းက ပြောသည်။
ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် မစ္စစ်ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ထပ်မံတောင်းဆိုခဲ့ပြီး လွတ်လပ် တရားမျှတပြီး အများလက်ခံသည့် ရွေးကောက်ပွဲပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရမှသာ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် အဖြစ် နိုင်ငံတကာက မြင်ကြမည် ဖြစ်ကြောင်း မစ္စစ် ကလင်တန်က ပြောကြားသည်။
ယခုလ အစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး စကော့ မာရှယ် တို့သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် ဆယ်စုနှစ် အတွင်း အဆင့် အမြင့်ဆုံး အမေရိကန် အရာရှိများ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment