ဝီရ ၊ လာမည့် (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံလူထု ကိုယ်စားပြုတက်ရောက်မည့် တဦးတည်းသောကိုယ်စားလှယ် ရွေးချယ်ရန်အတွက် ပြည်တွင်းပြည်ပမှ လူထုအခြေပြု မြန်မာအဖွဲ့အစည်းတို့က အာဆီယံ ဦးဆောင်ကော်မတီသို့ အမည်စာရင်း အသီးသီး တင်သွင်းထားကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ချအန်းမြို့တွင် ယနေ့ပြီးဆုံးသွားသည့် အာဆီယံ လူထုအခြေပြု ညီလာခံ၌ မြန်မာနိုင်ငံ လူထုကိုယ်စားလှယ်အတွက် (၃) ရက်ကြာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုအပြီး ထိုင်းအခြေစိုက် မြန်မာကိုယ်စားလှယ်တို့က ဒေါ်ခင်ဥမ္မာအား တင်သွင်းထားပြီး ပြည်တွင်း မြန်မာကိုယ်စားလှယ်တို့က Capacity Building လူမှုရေးရာလုပ်ငန်းဆောင်ရွက်သူ ဒေါ်ဆွေဆွေအား အမည်သွင်းထားသည်။
“ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ဒီနေ့ ညနေ (၆) နာရီကျရင် အာဆီယံ ဦးဆောင်ကော်မတီက ဆုံးဖြတ်ပေးမှာ ဖြစ်တယ်” ဟု ညီလာခံသို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ကိုယ်စားပြု တက်ရောက်ခဲ့သူ ဦးထူးချစ်က ပြောသည်။
အောက်တိုဘာ (၁၉) ရက် ယမန်နေ့က အာဆီယံနိုင်ငံများအလိုက် လူထုအခြေပြု ကိုယ်စားလှယ် ရွေးချယ်ရာတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အတွက် ပြည်တွင်းပြည်ပ မြန်မာအဖွဲ့အစည်းတို့အကြား သဘောတူညီမှု မရရှိခဲ့သည့်အတွက် ယနေ့တွင် အာဆီယံ ဦးဆောင်ကော်မတီက ရွေးချယ်နိုင်ရန် ယင်းကဲ့သို့ အမည်စာရင်းတင်သွင်းခဲ့ကြခြင်းဖြစ်သည်။
ရွေးချယ်ခံရသူသည် လာမည့် (၂၃-၂၅) ရက်နေ့တွင် ထိုင်းနိုင်ငံ တောင်ပိုင်း ဟိုဟင်မြို့၌ ကျင်းပမည့် (၁၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည်ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် တရားမျှတမှုအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ် ရေးဆွဲထားမှုတို့အား လာမည့်ထိပ်သီးအစည်းအဝေးပွဲတွင် ထောက်ပြလာမည်ကို စစ်အစိုးရက စိုးရိမ်မှုရှိနေကြောင်း သိရသည်။
ဦးထူးချစ်က “လက်ရှိအခြေအနေအရ ဗမာပြည်က လာတဲ့အဖွဲ့တွေက လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်နိုင်တဲ့ အန်ဂျီအိုတွေ မရှိဘူးဆိုတာ ကျနော်တို့တင်ပြခဲ့တယ်။ အစိုးရနဲ့ ပတ်သက်ဆက်နွှယ်နေတာကို ထောက်ပြတယ်။ အထဲကအဖွဲ့တွေက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလို့ ပြောလို့မရဘူး။ အကောင်အထည်ဖော်တဲ့အပိုင်းမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်တာကြောင့် အထဲကလူကို ရွေးတာ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့ဘက်ကို သူတို့စိုးရိမ်တာက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို အမှန်အတိုင်း တင်ပြမှာ ကြောက်နေကြတယ်။ ပြီးတော့ အသုံးအနှုန်းအပိုင်းကစ သူတို့က မကြိုက်ဘူး။ ဥပမာ မြန်မာကို ဗားမားလို့ ခေါ်တာကအစပေါ့” ဟု ပြောကြားသည်။
အဆိုပါ လူထုအခြေပြုညီလာခံသို့ မြန်မာပြည်တွင်းမှ မြန်မာစစ်အစိုးရနှင့် ဆက်နွှယ်နေသည့် မြန်မာအမျိုးသမီးရေးရာအဖွဲ့၊ ကုန်သည်ကြီးများအသင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် အခြားလူထုအခြေပြုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ပထမဆုံးအနေဖြင့် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
အာဆီယံ ပဋိညာဉ်အရ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံကိုယ်စားပြု အစိုးရမဟုတ်သည့်အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေးမှုကို ယမန်နှစ်က စတင်ခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာလူထု ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ဒေါ်ခင်ဥမ္မာကို မြန်မာစစ်အစိုးရက ကန့်ကွက်ခဲ့ဖူးသည်။
ယနေ့ ပြီးဆုံးသွားသည့် လူထုအခြေပြုညီလာခံသို့ ထိုင်းအခြေစိုက် ဒီမိုကရေစီအင်အားစုများမှ လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)၊ မြန်မာအမျိုးသမီးများအဖွဲ့ချုပ်၊ မြန်မာရဟန်းတော်များအဖွဲ့ချုပ်၊ မြန်မာအမျိုးသမီးသမဂ္ဂ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာအဖွဲ့၊ ကရင်လူ့အခွင့်အရေးအဖွဲ့နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ထိုကဲ့သို့ ထိုင်းအခြေစိုက် မြန်မာအင်အားစုတို့က ဒေသတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာရပ်များနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အာဆီယံ ပဋိညာဉ်နှင့် ဆန့်ကျင်နေကြောင်း စသည့်တင်ပြချက်များကို ပြည်တွင်း အဖွဲ့အစည်းမှ ကိုယ်စားလှယ်အများစုက လက်မခံ ပယ်ချခဲ့ကြောင်း သိရသည်။
ညီလာခံ တက်ရောက်ခဲ့သူ ဦးအောင်မျိုးမင်းက “ထိပ်သီးအစည်းအဝေးကျရင် ဒီလူထုအခြေပြုတဲ့ Civil Society အတွက် ကျနော်တို့က ဘယ်လိုဖြစ်ချင်သလဲ။ ဒီအာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ ထိခိုက်မှုတွေနဲ့ အခက်အခဲတွေကို ဘယ်လိုအကျိုးပြုရေး လုပ်ငန်းတွေနဲ့ ဆောင်ရွက်သင့်သလဲဆိုတာ တင်ပြဖို့ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ သို့ မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင် ၀င်ရောက်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ပါဝင်သည်။

source by : NEJ

0 comments:
Post a Comment