လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ထုတ်ပြန်ချက် မူကြမ်းဆွေးနွေး

Wednesday, August 12, 2009 ·


VOA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ဒဏ် ၃ နှစ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ သဘောထားထုတ်ဖို့ မူကြမ်း ညှိနှိုင်းခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လုံခြုံရေးကောင်စီရဲ့ ပုံမှန်အချိန်ဇယားအတိုင်း မဟုတ်ဘဲ အရေးပေါ်ခေါ်ယူတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း တက်လာတဲ့ နိုင်ငံအချို့က ဒီမူကြမ်းကို အတည်ပြုဖို့ သူတို့ကိုယ်တိုင် အဖြေမပေးနိုင်ဘဲ သက်ဆိုင်ရာနိုင်ငံ အစိုးရနဲ့ ညှိနှိုင်းရမှာ ဖြစ်တာမို့ မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီကနေ့မှာ ဆက်လုပ်ဖို့ ချိန်းထားကြပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် (Resolution) တော့မဟုတ်ဘဲ အလှည့်ကျဥက္ကဋ္ဌ ကြေညာချက် (statement) အဖြစ် ထုတ်ပြန်ဖို့ အမေရိကန် ပြည်ထောင်စုက ဦးဆောင်တင်သွင်းထားတာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ပြည်ထောင်စု အမြဲတမ်းကိုယ်စားလှယ် ဆူဇန် ရိုက်စ် (Susan Rice) ကတော့ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အခြား မတူညီတဲ့ သဘောထားတွေ ရှိမယ်ဆိုတာ သဘောပေါက်ပေမယ့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံနှုန်းစံထားဆိုင်ရာနဲ့ ကုလသမဂ္ဂ ပဋိညာဉ် အခြေခံမူ ကိစ္စတရပ်အနေနဲ့ အခုအခြေအနေကို ဆွေးနွေးတိုင်ပင်ကြရမယ်လို့ အစည်းအဝေးမတိုင်ခင် ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာစေရေးအတွက် အခုလို သူမကို ပြစ်ဒဏ်ချမှတ်လိုက်တဲ့ အပေါ်မှာ လုံခြုံရေးကောင်စီ အနေနဲ့ ကြေညာချက်တရပ် ထုတ်ပြန်နိုင်ဖို့ အမေရိကန်နိုင်ငံက အခြားနိုင်ငံတွေနဲ့အတူ မူကြမ်းတင်သွင်းမှာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကြားမှာ မတူညီတဲ့ အမြင်တွေ ရှိနိုင်တယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး စံနှုန်းစံထားတွေ၊ ကုလသမဂ္ဂ ပဋိညာဉ် အခြေခံမူတွေအရ ဒီကိစ္စကို ဆွေးနွေးပြီး အခြေခံမူဝါဒ သဘောထားတရပ်အနေနဲ့ ချမှတ်ဖို့ ကြိုးစားသွားပါမယ်။”

လက်ရှိမူကြမ်းအပေါ် နိုင်ငံအားလုံးက ထောက်ခံဖွယ်ရှိတယ်လို့ လုံခြုံရေးကောင်စီ လက်ရှိဥက္ကဋ္ဌ ဗြိတိန် အမြဲတမ်းကိုယ်စားလှယ် ဂျွန် ဆောဝါးစ် (John Sawers) က ပြောပါတယ်။



“ဒီကနေ့ ဆွေးနွေးချက်တွေအရ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောတူညီကြမယ့် အလားအလာ၊ အတည်ပြုနိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ်စားလှယ်အချို့က သူတို့ သက်ဆိုင်ရာ အစိုးရတွေဆီက အကြံဉာဏ်ယူ ညှိနှိုင်းလိုတယ်လို့ ပြောပါတယ်။ အဲတော့ မနက်ဖြန် ဆက်ပြီး ဆွေးနွေးမှာပါ။”

ဒီမူကြမ်းထဲမှာတော့ ထူးထူးထွေထွေ မတွေ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အမိန့်ချလိုက်တဲ့အပေါ် လုံခြုံရေးကောင်စီက ရှုတ်ချကန့်ကွက်ပြီး ဒီအခြေအနေကြောင့် မြန်မာနိုင်ငံ အခြေအနေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ဖော်ပြထားပါတယ်။ ကျန်တာတွေကတော့ အရင်တောင်းဆိုချက်တွေ အတိုင်းပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ မြန်မာနိုင်ငံ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အများက လက်ခံယုံကြည်နိုင်မယ့် အခြေအနေရှိအောင် ဖန်တီးဖို့ ဆိုတာတွေပါ။ တဖက်မှာတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မြန်မာပြည်သူတွေ အပေါ်မှာပဲ မူတည်တယ်၊ ဒါကြောင့် အနာဂတ်ကို တည်ဆောက်နိုင်ဖို့ ဒီလူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိရမယ်လို့ ဖော်ပြပါတယ်။ ပြင်သစ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ယန်း ပြဲ လာခရို (Jean Pierre Lacroix) ကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်တာဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲသွားပါတယ်။

“အခုစီရင်ချက်ဟာ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်တွေအပေါ် ချိုးဖောက်လိုက်တယ်ဆိုတာ ရှင်းနေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ဖို့ လုံခြုံရေးကောင်စီ အနေနဲ့ ဆုံးဖြတ် တောင်းဆိုထားတာပါ။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ကတော့ အခုဖြစ်ရပ်အပေါ် အလွန်တရာ စိတ်ပျက်မိတယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ကျနော်တို့ မျှော်လင့်ထားတာက ပထမအချက် တရားရုံးတင် စစ်ဆေးဖို့အထိ ဖြစ်မလာဘူး၊ ဒုတိယအချက် ဒီစွဲဆိုချက်တွေကို ပလပ်လိုက်မယ်၊ တတိယအချက် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်မယ် ဆိုတာတွေပါ။ ဒါပေမယ့်လို့ ဒါတွေအားလုံး ဖြစ်မလာပါဘူး။ ဒါကြောင့် အရမ်းကို စိတ်ပျက်ရပါတယ်။”

ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ကမ်းလှမ်းထားချက်တွေ၊ အပေးအယူကိစ္စတွေ၊ အကြံပြုချက်တွေကို မြန်မာအစိုးရဘက်က ပယ်ချလိုက်တာ ဖြစ်တယ်လို့လည်း မစ္စတာဂမ်ဘာရီက ပြောခဲ့ပါတယ်။ အခု တရားခွင် အခြေအနေတွေ မတိုင်ခင်က အနေအထားထက်ကို မြန်မာ့နိုင်ငံရေး အခြေအနေဟာ နောက်ပြန်ရောက်သွားတယ်လို့ မစ္စတာဂမ်ဘာရီက ယူဆပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်လာနိုင်ခြေရှိပြီး နိုင်ငံရေးမှာ ပြန်လည်ပါဝင်နိုင်ဖို့ သူ့အနေနဲ့ မျှော်လင့်နေတုန်းပါ။

“အခုကိစ္စမှာ ပြန်ပြီး အယူခံနိုင်တဲ့ အခြေအနေ ရှိနေတုန်းပါ။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အလားအလာလည်း ရှိပါတယ်။ ဒါတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။”

မစ္စတာဂမ်ဘာရီ ဗွီအိုအေကို ပြောခဲ့တာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်အနေနဲ့ ခိုင်းမယ်ဆိုရင် သူ့အနေနဲ့ မြန်မာနိုင်ငံကို ထပ်သွားလိုတယ်၊ သူ့လုပ်ငန်းစဉ်ဟာ မပြီးပြတ်သေးဘူး၊ ဆက်ရှိနေတုန်းပဲလို့လည်း မစ္စတာဂမ်ဘာရီက ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကတော့ အတည်ပြု ကျလာနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ ထုတ်ပြန်ချက်တွေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်တွေအပေါ် ဘယ်လောက်အထိ လေးစားလိုက်လျောမလဲ ဆိုတာ စဉ်းစားစရာပါ။

လုံခြုံရေးကောင်စီရဲ့ ပြီးခဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ် မြန်မာအစိုးရဘက်က လိုက်နာတာမျိုး ဒီအချိန်အထိ ဘာမှ မတွေ့ရသေးပါဘူး။ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းမြဲဖမ်း၊ ထောင်ချမြဲထောင်ချ၊ တိုင်းရင်းသားတွေကိုလည်း ဖိအားပေး၊ နိုင်ငံရေး လမ်းပြမြေပုံကို သူတဦးတည်း ဇွတ်တရွတ်လုပ်နေတော့ မစ္စတာဂမ်ဘာရီ ပြောသလိုပဲ အခြေအနေက နောက်ကိုဆုတ်နေတယ်လို့ ယူဆစရာ ရှိပါတယ်။


source by :VOA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */