ဝင်းမြတ်၊ ရန်ကုန် | ရန်ကုန်မြစ်အတွင်း သင်္ဘောကြီး ကျောက်ချ ရပ်နားရာ နေရာ အလုံကျောက်ချစခန်း။
အလုံဆိပ်ကမ်းမှာ စားအုန်းဆီတွေ ချခဲ့ပြီး ပင်လယ်ပြင်ကို ပြန်လည်ထွက်ခွာမယ့် စားအုန်းဆီတင် သင်္ဘောကြီး တစ်စင်းက ရေတက်ချိန်ကိုစောင့်ဆိုင်းဖို့ ကျောက်ချ ရပ်နားမယ့်နေရာကို တစ်ဖြည်းဖြည်းနဲ့ နောက်ပြန် မောင်းလာတယ်။
သင်္ဘောကြီးကို လိုအပ်ရင် ကူတွန်းပေးဖို့ တွန်းသင်္ဘောတစ်စင်းနဲ့ ရေလမ်းကြောင်းရှင်းဖို့ သင်္ဘောငယ်တစ်စီး နဲ့အတူ အခြား သင်္ဘောငယ်လေးတွေကလည်း သင်္ဘောကြီးရဲ့ ဘေးမှာ ၀ိုင်းနေကြတယ်။
အလုံကျောက်လိုင်းမှာ သင်္ဘောကြီး ကျောက်ချလိုက်ပြီဆိုတာနဲ့ သင်္ဘောငယ်ပေါ်ကို ထန်းလျက်ခဲကို ပုရွက်ဆိပ် အုံသလို လူတွေ တစ်ပြုံတစ်မကြီး တက်ပါတော့တယ်။ သူတို့လက်ထဲမှာတော့ ၁၅ ဂါလံဝင် ပလတ်စတစ်ပုံး ကိုယ်စီ ပါကြပါတယ်။
အလုံဆိပ်ကမ်းမှာ စားအုန်းဆီတွေ ချခဲ့ပြီး ပင်လယ်ပြင်ကို ပြန်လည်ထွက်ခွာမယ့် စားအုန်းဆီတင် သင်္ဘောကြီး တစ်စင်းက ရေတက်ချိန်ကိုစောင့်ဆိုင်းဖို့ ကျောက်ချ ရပ်နားမယ့်နေရာကို တစ်ဖြည်းဖြည်းနဲ့ နောက်ပြန် မောင်းလာတယ်။
အလုံကျောက်လိုင်းမှာ သင်္ဘောကြီး ကျောက်ချလိုက်ပြီဆိုတာနဲ့ သင်္ဘောငယ်ပေါ်ကို ထန်းလျက်ခဲကို ပုရွက်ဆိပ် အုံသလို လူတွေ တစ်ပြုံတစ်မကြီး တက်ပါတော့တယ်။ သူတို့လက်ထဲမှာတော့ ၁၅ ဂါလံဝင် ပလတ်စတစ်ပုံး ကိုယ်စီ ပါကြပါတယ်။
သည်လို အခြေအနေမျိုးမှာ ကိုထိုက်တို့လို စားအုန်းဆီ သင်္ဘောကို ကန်ထရိုက် ဆွဲထားတဲ့ ဆီပွဲစားတွေကလည်း သင်္ဘောကြီးပေါ်မှာ ယောက်ယက် ခပ်နေကြတာပေါ့။
သင်္ဘောပေါ်မှာပါရှိတဲ့ သင်္ဘောအရာရှိရဲ့ ခွင့်ပြုချက်ရပြီဆိုတာနဲ့ ဆီလှောင်ကန်ကိုဖွင့်ပြီး ကန်အောက်ခြေကို ဆင်းကြပါတော့တယ်။
သင်္ဘောဆီလှောင်ကန်က အနည်းဆုံး ၁၅ ပေလောက် အနက် ရှိလေတော့ ခြေချော်လက်ချော် ပြုတ်ကျရင် အသက်ကိုပါ အန္တရာယ်ရှိတဲ့ အနေအထားပါပဲ။ သင်္ဘောဝမ်းထဲမှာ ကျန်နေသေးတဲ့ ဆီတွေကို ပါလာတဲ့ ပုံးထဲကို ခပ်ထည့်၊ သင်္ဘော ကုန်းပတ်ပေါ် မှာကျန်နေတဲ့လူက ကြိုးနဲ့ဆွဲတင်၊ ဘေးနားက သင်္ဘောလေးပေါ်ကို ကြိုးနဲ့ပဲ ပြန်ချပေးရတယ်။
`ဆီကန်ဆိုတော့ ချောနေတာပေါ့။ သေသေချာချာ သတိထားပြီး ဆင်းရတယ်။ ကန်ထဲမှာ ခြေမျက်စိ မြုပ်လောက် အောင်တော့ ဆီတွေက ကျန်နေသေးတယ်။ ပထမ တော့ ခွက်ကြီးကြီးနဲ့ ခပ်ထည့်။ နောက်ဆုံးမှာ ဆပ်ပြာခွက်နဲ့ပါ ခပ်ထုတ်ရတယ်´ လို့ ကိုထိုက်ပြောတယ်။
ကန်အောက်ခြေက ဆီတွေ ဖြစ်တာကြောင့် အနည်အနှစ်တွေ သင်္ဘောဝမ်းသံပြားက အညှိတွေပါ ရောနှောနေတယ်။ အောက်ခြေကို ဆင်းပြီး ခပ်တဲ့သူတွေကလည်း အလုပ်သမားတွေ ဖြစ်တာကြောင့် တစ်ခါတစ်ရံ ခြေထောက်မှာ ရွှံ့ဗွက်တွေ စက်ဆီတွေ ပေနေတဲ့ သူတွေလည်းပါပါတယ်။
ဘယ်လိုပဲ ညစ်ပတ်နေပါစေ အဓိကကျတာ စားအုန်းဆီလို့ အမည် တပ်လို့ရတဲ့ ဆီတွေကို ရနိုင်သလောက် များများ ခပ်ယူနိုင်ဖို့ပဲ လိုတယ်လို့ သည်အလုပ်သမားတွေနဲ့ ဆီပွဲစားတွေက လက်ခံထားကြပါတယ်။
တစ်ခါတစ်ရံမှာ စားအုန်းဆီပေပါ အလုံး နှစ်ဆယ် အစိတ်လောက် အထိ ရတတ်တယ်လို့ ဆိပ်ကမ်း အလုပ်သမား တစ်ဦးဖြစ်သူ ကိုနိုင်ကြီးက ပြောပါတယ်။
`သင်္ဘောပေါ်မှာပါတဲ့ ကန်တွေကို အကုန်ခပ်ခွင့် ပေးရင်တော့ တော်တော်များများ ရတယ်။ တစ်ခါတုန်းက ပေပါ အစိတ်လောက် အထိရဖူးတယ်´ လို့ ကိုနိုင်ကြီးက ပြောပါတယ်။
တစ်ပေပါကို ဂါလံ ငါးဆယ် ဆံ့ပါတယ်။ တစ်ခါတစ်ရံ စားအုန်းဆီထည့်ဖို့ ပုံး မလောက်တော့တဲ့အခါ သင်္ဘောမှာ ပါတဲ့ ဒီဇယ်ဆီပုန်းကို ရေဆေးပြီး စားအုန်းဆီ ထည့်ကြတယ် ရပါတယ်။
သည်လို ပြုလုပ်နိုင်ဖို့ ငံပြာရည်နဲ့ ဆပ်ပြာမှုန့်တွေကို အရံသင့် ဆောင်ထားရတယ် ပါတယ်။ ဒီဇယ် ဆီပုံးထဲကို ငံပြာရည်နဲ့ ဆပ်ပြာမှုန့် ရောထည့်ပြီး ပုံးကို ဆေးရပါတယ်။ ပြီးရင် ရေနဲ့ ဆပ်ပြာမှုန့်နဲ့ တစ်ခေါက် ထပ်ပြီး ဆေးရတယ်။ အဲသည့် အချိန်မှာ ပေါပေါလောလော အမြန်ဆုံး ရနိုင်တဲ့ ရေကတော့ မြစ်ထဲကရေပါပဲ။
မြန်မာနိုင်ငံကို စားအုန်းဆီ တင်သင်္ဘောကြီးတွေဟာ ပုံမှန်အားဖြင့် တန်ချိန် နှစ်ထောင့်ငါးရာ ၀န်းကျင် တင်ဆောင်လာ တတ်ကြတဲ့ ထိုင်းနိုင်ငံက သင်္ဘောတွေ ဖြစ်ပါတယ်။
အလုံဆိပ်ကမ်းပေါ်မှာရှိတဲ့ စားအုန်းဆီ ကန်တွေထဲကို ပန့်တွေနဲ့ မောင်းတင်ကြတယ်။ သင်္ဘောပေါ်မှာ ပါရှိတဲ့ ဆီကန်ထဲက ဆီတွေကို ဆီပန့်တွေက အကုန်မစုပ်ယူ နိုင်ကြဘူး။ ဒါကြောင့် ဆိပ်ကမ်းမှာ စားအုန်းဆီတွေကို ချပြီး တဲ့အခါ သင်္ဘောမှာပါရှိတဲ့ ဆီကန်ရဲ့အောက်ခြေမှာ ဆီတွေ ကျန်နေပါသေးတယ်။
ဒါတွေကို ကိုထိုက်တို့လို စားအုန်းဆီ ပွဲစားတွေနဲ့ သင်္ဘော ၀န်ထမ်းတွေက သင်္ဘောကြီး ကျောက်ချရပ်နားတဲ့အခါမှာ သင်္ဘောကြီးပေါ်ကို တက်ပြီး ခပ်ယူလေ့ရှိကြတယ်။ သည်လို သင်္ဘောကြီးပေါ်ကို တက်ရောက် ဆီခပ်နိုင်ဖို့ သင်္ဘောပေါ်မှာ ပါရှိတဲ့ သင်္ဘောအရာရှိတွေ သင်္ဘောသားတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းထားရတယ်။
ရန်ကုန်ဆိပ်ကမ်းကို စားအုန်းဆီသင်္ဘောတွေ ဘယ်အချိန်ဝင်မယ် ထွက်မယ်ဆိုတာကို ကိုထိုက်တို့က နားစွင့်ထားကြတယ်။ သင်္ဘောဝင်လာပြီး ဆိပ်ကမ်းကပ်ပြီ ဆိုတာနဲ့ သင်္ဘောအတွက် လိုအပ်တဲ့ အစားအသောက် အသီးအနှံတွေကို ၀ယ်ယူပြီး လက်ဆောင်အဖြစ် ပေးကြရတယ်။
တစ်ခါတစ်ရံတော့ သင်္ဘောသားတွေ သွားချင်တဲ့ ရန်ကုန်မြို့အနှံ့က အနှိပ်ခန်းတွေ ဇိမ်ခန်းတွေကို ကိုထိုက်တို့က လိုက်ပါ ပို့ဆောင် ပေးရတယ်။ သည်လို ကုန်ကျစရိတ်တွေကို ကိုထိုက်တို့က ကျခံပေးရလေ့ရှိပြီး တစ်ခါတစ်ရံတော့ သင်္ဘောသားတွေက ပေးလေ့ရှိပါတယ်။
သည်လို ကုန်ကျ စရိတ်ထက် သင်္ဘောကြီး ပေါ်က ရရှိမယ့် ဆီလက်ကျန် တွေကို ပြန်ရောင်းရင် ရမယ့်ငွေက အဆများစွာ သာနေ လေတော့ ကိုထိုက်တို့ကလည်း မညည်းမညူ ဧည့်ခံလေ့ ရှိကြပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာ သည်လိုလုပ်စားရတဲ့ အနေအထားကို သိလာကြတာကြောင့် အရင်ကလို သိပ်ပြီး အဆင် မပြေကြ တော့ဘူးလို့ ပွဲစားတွေနဲ့ ဆိပ်ကမ်း အလုပ်သမား တွေက ပြောဆို ကြပါတယ်။
ဆိပ်ကမ်းကို ၀င်ရောက်ရင် လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ ကျန်းမာရေး စစ်ဆေးပေးတဲ့ ဆိပ်ကမ်းကျန်းမာရေးအဖွဲ့၊ အကောက်ခွန်၊ ဆိပ်ကမ်းရဲ၊ ရေတပ် ထောက်လှမ်းရေး၊ ပိုင်းလော့နဲ့ ဆိပ်ကမ်း သင်္ဘောဝန်ထမ်း စတာတွေကိုလည်း သင်္ဘော အရာရှိတွေက ဝေမျှပြီး ပေးရတာကြောင့် လို့ဆိုပါတယ်။
စားအုန်းဆီ တစ်ပိဿာကို ဆိပ်ကမ်းအရောက် ပွဲစားဈေးက တစ်ပိဿာ ၁၄၀၀ ကျပ်ရပါတယ်။ ၀ယ်မယ့်သူက ဆိပ်ကမ်းမှာ အသင့် စောင့်နေလေ့ရှိတယ် လို့ ဆိုပါတယ်။
`တယ်လီဖုန်း ဆက်လိုက်တာနဲ့ ၀ယ်မယ့်သူက ငွေထုပ်ပိုက်ပြီး ဆိပ်ကမ်းကနေ အဆင်သင့် လာစောင့်နေတာ´ လို့ ကိုနိုင်ကြီးကသူ့အတွေ့အကြုံကို ပြောပြတယ်။
ဒီဇယ်ပုံးထဲ ထည့်ယူလာလို့ စားအုန်းဆီ တွေက ဒီဇယ်ဆီ အနံ့ ထွက်နေရင်တောင် လွှင့်ပစ်စရာ မလိုဘဲ စားအုန်းဆီကို ဒီဇယ်ဆီဈေးနဲ့ ပြန်ရောင်းလို့ ရနိုင်ပါသေးတယ်။ ရောင်းသူဈေးကွက်လို့ ဆိုရမလို ဘာပဲပါလာလာ ၀ယ်လက်က ရှိပြီးသားပါပဲ။
တစ်ဂါလံကို စားအုန်းဆီ နှစ်ပိဿာနဲ့ ညီတယ်လို့ ကမ်းနားက ဆီအရောင်းအ၀ယ် လောကမှာ သတ်မှတ်ပါတယ်။ စားအုန်းဆီ တစ်ဂါလံကို ငွေကျပ် ၂၈၀၀ ရရှိမှာဖြစ်ပေမယ့် ဒီဇယ်ဆီနံ့ ထွက်လို့ ဒီဇယ်ဈေးနဲ့ ရောင်းရတဲ့အခါ ကမ်းနားဒီဇယ်ဆီ ပေါက်ဈေးက တစ်ဂါလံကို ၁၈၀၀ ကျပ် ဖြစ်တာကြောင့် စားအုန်းဆီ နှစ်ပိဿာ ရောင်းတိုင်း တစ်ထောင်ကျပ် နစ်နာပါတယ်။
သည်လို ကမ်းနားက ရရှိလာတဲ့ဆီတွေဟာ ညောင်ပင်လေးဈေး၊ ပုန်ဇွန်တောင်ဈေး၊ ဘိုကလေးဈေး စတဲ့ ကမ်းနားနဲ့ နီးတဲ့ ဈေးတွေကို ရောက်ရှိသွားကြပါတယ်။ ဈေးတွေက ဆီရောင်းတဲ့သူတွေက ကန်ဆီလို့ခေါ်တဲ့ ပြည်ပက တင်သွင်းလာတဲ့ စားအုန်းဆီတွေနဲ့ ပြန်လည် ရောနှောပြီး ရောင်းချကြတယ်။
သင်္ဘောဝမ်းထဲက ခပ်လို့ရတဲ့ ဆီတွေဟာ နောက်ကျိနေတတ်ပြီး အမှုန်တွေ အနည်တွေ ရောနှော ပါဝင်နေတယ်။ ဒါပေမယ့် ကန်ဆီတွေနဲ့ ရောလိုက်တဲ့အခါမှာတော့ သိပ်ပြီး မသိသာတော့ဘူးလို့ ဆိုပါတယ်။
ကိုထိုက်တို့ ကိုနိုင်ကြီးတို့ကတော့ ဆီသန့်တာ မသန့်တာ၊ ကျန်းမာရေးနဲ့ ညီညွတ် မညွတ်တာတွေကို သိပ်ပြီး စိတ်ပူကြသူတွေ မဟုတ်ပါဘူး။ စားအုန်းဆီ သင်္ဘော ရောက်လာရင် ရနိုင်သလောက်များများ ခပ်ယူနိုင်ဖို့နဲ့ သည့်ထက်ပိုပြီး ဈေးကောင်းပေးမယ့် ၀ယ်လက်တွေကိုပဲ မျှော်နေကြသူတွေပါ။
source by : မိုးမခ

0 comments:
Post a Comment