ရန်ပိုင် | စားအုန်းဆီ ၁၁ မျိုးကို စားသုံးရန် မသင့်ဟု ကြေညာချက် ထွက်ပြီး နောက်ပိုင်း ယခုအခါ ရန်ကုန်နှင့် တခြားမြို့ များတွင် ယင်း စားအုန်းဆီများသည် မှောင်ခိုပစ္စည်း တခုကဲ့သို့ ရောင်းဝယ် နေကြရကြောင်း သိရသည်။
ထိုင်း နှင့် မလေးရှား နိုင်ငံတို့မှ တင်သွင်းသည့်စားအုန်းဆီ ၁၁မျိုးသည် စားသုံးရန် မသင့်ဟု စစ်အစိုးရ ကျန်းမာရေး ၀န်ကြီး ဋ္ဌာနမှ တားမြစ်သော ကြေညာချက် ဇူလိုင်လ၂၅ရက် နေ့က ထွက်လာပြီးနောက် မှောင်ခိုဈေးကွက်ဖြစ်သွားပြီး စားသုံးရန် သင့်လျော်သည်ဟု သတ်မှတ်ထားသော နှမ်းဆီ ၊ ပဲဆီများလည်း ဈေးတက်သွားကာ စားသုံးသူအများစု ၀ယ်ယူရာတွင် အခက်အခဲဖြစ်နေကြာင်းသိရသည်။
“ထိုင်းပုစွန် ၂ ကောင် ဆီ ၁ လီတာ ဘူးတွေကို စားနေတာကြာပြီ၊ အရောင်လည်းလှအသုံးလည်းခံတယ်၊ အစိုးရရောင်း ပေးနေတဲ့ ကန်ဆီထက်စာရင် အများကြီး အရည်အသွေးကောင်းတယ်၊ ပဲဆီ နှမ်းဆီကလည်း ဈေးကြီးတော့ မစားနိုင်ဘူး၊ စား အုန်းဆီကိုပဲ မှောင်ခိုဝယ်စားနေရတယ်” ဟု ပုဇွန်တောင် မြို့နယ်မှ စားသုံးသူ တဦးက ဧရာဝတီသို့ပြောသည်။

တားမြစ်ထားသော စားအုန်းဆီများသည် ဈေးကွက်အတွင်းမှ လုံးဝ ပျောက်ကွယ် သွားခြင်း မရှိဘဲ ကုန်သည်များ လက်ထဲ တွင်လည်း လှောင်ထားသော ကုန်ပစ္စည်းများရှိနေသည့်အတွက် မှောင်ခိုပစ္စည်းကဲ့သို့ တိုးတိုးတိတ်တိတ် ရောင်းချနေကြ ပြီး စားသုံးသူများ အတွက်သာ ဈေးနှုန်းများ တက်လာကြောင်း သိရသည်။
“မှောင်ခိုထက် ဆိုးတယ်၊ မူးယစ်ဆေး ရောင်းသလို ဖြစ်နေပြီ၊ ဆိုင်ရှင်ကလည်း မျက်နှာသိမှပဲ ဆိုင်အောက် ကနေယူပြီး တိုးတိုးတိတ်တိတ် ရောင်းပေး တယ်၊ဆီပုလင်းကို သတင်းစာစက္ကူနဲ့ တထပ်၊ ကြွပ်ကြွပ်အိတ်နဲ့ သေချာ ထုတ်ပေးတယ်၊ ဈေးလည်း ပိုတက်သွားတယ်” ဟု အဆိုပါ စားသုံးသူက ဆက်လက်ပြောသည်။
ပိတ်ပင်ထားသော ထိုင်းနိုင်ငံ မှ စားအုန်းဆီသည် အရောင်အသွေးကြည်လင်ပြီး အေးသော ရာသီဥတု တွင်လည်း ခဲသွား ခြင်းမရှိဘဲ ဦးပိုင် လီမိတက်မှ ရပ်ကွက်များ နှင့် ဈေးများတွင် ကားဖြင့် လိုက်လံရောင်းချပေးသော စားအုန်းဆီသည်အ ရောင်မှာ ညိုညစ်ညစ်ဖြစ်ကာ အောက်ခြေတွင်လည်း လက်သုံးလုံးခန့် အနယ်များ ထိုင်နေသည်ဟု သိရသည်။
“ယိုးဒယားဆီက အရောင်လည်းကောင်းတယ်၊ မခဲဘူး၊ အစိုးရဆီကတော့ တရက်လောက်ကြာရင် ပုလင်း အောက်ခြေမှာ အဖြူရောင် အနည်တွေကျပြီ၊ အစိုးရကတားလည်း ယိုးဒယားဆီကတော့ ဆက် စားမှာပဲ၊ ၀ယ်ရတာ တော့ခက်သွားတာ ပေါ့” ဟု တောင်ဥက္ကလာပ မြို့နယ်မှ အိမ်ရှင်မ တဦးကလည်း ဧရာဝတီသို့ ပြောသည်။
တားမြစ်ဆီကို တွေ့ရှိပါက ထောင်ဒဏ် သုံးနှစ် နှင့် ပစ္စည်းများကိုလည်းသိမ်းဆည်းမည်ဟုထုတ်ပြန်ထားပြီး၊ ဆိုင်ရှင်များက လည်းမရောင်းချ ပါဟု လက်မှတ်ထိုးထားရကြောင်း၊ စည်ပင်သာယာဝန်ထမ်းနှင့် ရဲများက ဈေးများ ထဲတွင် လှည့်လည် စောင့်ကြည့် နေကြကြောင်း သိရသည်။
ပထမအကြိမ် စားအုန်းဆီများကို လိုက်လံ သိမ်းဆည်းစဉ်က ဖမ်းဆီးမိသောဆီများကိုလည်းမည်ကဲ့သို့ ဖျက်ဆီး ပစ်ကြောင်း ကို တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
“ဖမ်းထားတဲ့ဆီကို မီးရှို့တာလည်း မတွေ့ဘူး၊ ရေထဲသွန်တာလည်း မကြားဘူး၊ ဒါမှမဟုတ် ဗားကရာ ဆိပ်ကမ်းက ဦးပိုင်က ဆီကန်ထဲပဲ သွန်ထည့် လိုက်လားတော့ မသိဘူး၊ အစိုးရ ဦးပိုင်က ဆီကို ပိုရောင်းချင်လို့ ဒီလို ကြေညာတာ ဖြစ်တယ်” ဟု ဆီ လုပ်ငန်း ရှင်တဦး ကပြောသည်။
ယခုအခါ ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားအုန်းဆီများကို ကားများအောက်တွင် ဖုံးအုပ်ပြီး သယ်ယူ တင်သွင်းနေရပြီး ကျန်းမာရေးနှင့်ညီညွတ်သည်ဟု စစ်အစိုးရကသတ်မှတ်ထားသော ပဲဆီ ၊ နှမ်းဆီ မှာ တပိဿာ ၃၅၀၀ကျပ် ၊ စားအုန်း ဆီတပိဿာ ၂၆၀၀ကျပ် ရှိသည်ဟုသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကကျန်းမာရေး ၀န်ကြီးဋ္ဌာန၏ အများပြည်သူ စားသုံးရန်မသင့်ဟု စားအုန်းဆီ များကို ပိတ်ပင် တားမြစ်ခဲ့ပြီး ဖမ်းဆီးခဲ့သော်လည်း မည်သို့မှ အစားထိုး ဖြေရှင်းပေးခဲ့ခြင်းမရှိဟု ဆီလုပ်ငန်းရှင်များက ဆိုသည်။
စစ်အစိုးရ တားမြစ်ချက် မထုတ်ပြန်ခင်က ပဲဆီတပိဿာလျှင်၂၉၉၀ကျပ်၊ စားအုန်းဆီမှာ ၂၂၀၀ ကျပ်ခန့်သာ ရှိသည်ဟု သိရသည်။
source by : ဧရာဝတီ

0 comments:
Post a Comment