မင်းနိုင်သူ | မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုများနှင့် စပ်လျဉ်း၍ အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့မှုများကို ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်များမှ တဆင့် ယမန်နေ့က ပြန်လည် ရှင်းလင်း ပြောကြား လိုက်ကြောင်း သိရသည်။
အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သူ ဦးဉာဏ်ဝင်းက “စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ မစ္စတာဝက်ဘ်က ပြောတယ်တဲ့။ မြန်မာနိုင်ငံအနေနဲ့ Interaction နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ် မယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဟုတ်တယ်။ Interaction ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုတာမှန်တယ်။ သို့သော်လည်းပဲ အဲဒီ Interaction က ပြည်တွင်းမှာ အရင်စဖို့ လိုတယ်။ ပြည်တွင်းမှာလုပ်နိုင်မှ နိုင်ငံတကာမှာလုပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေက အောင်မြင်မှု ရမယ်လို့ ပြောတယ်တဲ့” ဟု ပြန်လည်ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၇ ခုနှစ်အတွင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့်တွေ့ဆုံစဉ်က ပြောကြားခဲ့သည် များကိုလည်း မစ္စတာဂျင်မ်ဝက်ဘ်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

“ဦးအောင်ကြည်နဲ့ တွေ့ဆုံတုန်းက ဒီစီးပွားရေး ပိတ်ဆို့မှု ကိစ္စတွေဟာ သူလုပ်ထားတာ မဟုတ်တဲ့ အတွက် သူအနေနဲ့ ရုပ်သိမ်းတယ် ဆိုတာမျိုးက မဖြစ်နိုင်ဘူး။ သို့သော် တိုင်းပြည်အတွက် ထိခိုက်တယ်၊ နစ်နာတယ် ဆိုရင် ဒီစီးပွားရေး ပိတ်ဆို့မှုတွေကို အာဏာပိုင်တွေနဲ့ ပူးပေါင်း ဖြေရှင်းမယ်။ သဘောတူ ကြေညာချက် ထုတ်မယ်။ ဒီလို အဆိုပြုချက်ကို ပေးခဲ့တယ်။ စောစောပိုင်းက သဘောတူ သယောင် ရှိပေမယ့် နောက်ပိုင်းမှာ ဘာမှ ဖြစ်မလာဘူးဆိုတာကို သူရှင်းပြ ခဲ့တယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။
အမေရိကန် အထက်လွှတ်တော် အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ (၃) ရက်ကြာ ခရီး လာရောက်ခဲ့ပြီး သြဂုတ် (၁၅) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။
မစ္စတာဂျင်မ်ဝက်ဘ်က ယမန်နေ့ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်သည် ပိတ်ဆို့ အရေးယူမှု အချို့ကို ရုပ်သိမ်းရန်အတွက် မကန့်ကွက်ပါဟု ၎င်းထင်မြင် ယူဆကြောင်း ပြောဆိုခဲ့သည်ဟု နိုင်ငံခြား မီဒီယာအချို့တွင် ဖော်ပြခဲ့သည်။
ထိုကဲ့သို့ မစ္စတာဂျင်မ်ဝက်ဘ်၏ ပြောဆိုချက် သတင်းများပေါ်ထွက်နေမှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို မေးကြည့်ပါတယ်။ သူပြောတာက စောစောက ကျနော်ပြန်ရှင်း ပြသလိုမျိုး။ အဲဒါတွေပဲ ပြောခဲ့တာ။ သူ့ထင်မြင်ချက်ဆိုတာက သူ့ထင်မြင်ချက် သက်သက်ပဲဖြစ်မယ်။ သူတော့မပြောဘူး။ အဲလိုပဲ ပြောပါတယ်” ဟု ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မစ္စတာ ဂျင်မ်ဝက်ဘ်က ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍လည်း ပြောဆို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် ပထမရှင်းပြတာကတော့ တွေ့ဆုံဆွေးနွေးရေး (ဒိုင်ယာလောခ့်) အရေးကြီးတယ် ဆိုတဲ့အကြောင်း၊ ဒိုင်ယာလော့ခ် ကမှ ကိစ္စရပ်တွေအားလုံးကို ဖြေရှင်းနိုင်မယ်ဆိုတဲ့အကြောင်း၊ တကယ် လုပ်ကြည့်မှ ဒီဥစ္စာ အကျိုးရှိတယ် ဆိုတာကို သိမယ့် အကြောင်း၊ အဲဒီလို ပြောပါတယ်။ နောက်တခုက ဆီးနိတ်တာက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့ မ၀င်ဖို့ ကိစ္စကိုမေးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ပါတီဝင်တွေနဲ့ အကျေအလည် ညှိနှိုင်း ဆုံးဖြတ်ရမယ့် ကိစ္စ။ တကယ်လို့ ဆုံးဖြတ် ခဲ့ရင်လည်း ပထမဆုံး အသိပေးရမှာ အာဏာပိုင်တွေကိုပဲဆိုတာ သူပြောပြခဲ့တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာဂျင်မ်ဝက်ဘ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစု အချို့နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်ကျခံနေရသော အမေရိကန် နိုင်ငံသား မစ္စတာဂျွန်ဝီလျံယက်တောကို ထောင်ဒဏ်မှ ကင်းလွတ်ရန် မစ္စတာ ဂျင်မ်ဝက်ဘ် အနေဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းနှင့် အတူ ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားနိုင်ခဲ့သည်။
နေအိမ် အကျယ်ချုပ် (၁၄) နှစ်နီးပါး ကျခဲ့နေရသူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ နေအိမ်သို့ ဂျွန်ယက်တော ၀င်ရောက်လာခြင်းကြောင့် နအဖစစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရား စွဲဆိုခြင်း ခံခဲ့ရပြီးသည့်နောက် နေအိမ် အကျယ်ချုပ် (၁) နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် (၁) နှစ်ခွဲ ချထားခြင်း ခံနေရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment